အသေခံဗုံးခွဲမှု ဆက်တိုက်နှစ်ကြိမ် ဖြစ်ပွားပြီးနောက် နိုင်ငံ့တောင်ပိုင်းတွင် စစ်အုပ် ချုပ်ရေး ပြန်လည်ပြဋ္ဌာန်းရန် ဖိလစ်ပိုင်တပ်မတော်ပြင်ဆင်။ ၁၅-ဦး သေဆုံးရသည့် လူစည်ကားရာ မြို့လည်ပိုင်း တိုက်ခိုက်မှုတွင် အမျိုးသမီး အသေခံဗုံးခွဲသူပါဝင်နေ

ဖိလစ်ပိုင်နိုင်ငံတောင်ပိုင်းတွင် လူ ၁၅-ဦးသေဆုံးရသည့် အမွှာဗုံးပေါက်ကွဲခြင်းမှာ အသေခံ ဗုံးဖောက်ခွဲခြင်းများဖြစ်နိုင်ပြီး အကြမ်းဖက်မှုများ အရှိန်မြင့်တက်လာသည့်အတွက် စစ်အုပ်ချုပ်ရေးဥပဒေ ပြန်လည်ပြဋ္ဌာန်းရန် လိုအပ်လိမ့်မည်ဖြစ်ကြောင်း ဖိလစ်ပိုင်တပ်မတော်အကြီးအကဲက အင်္ဂါနေ့၌ ပြောဆိုသည်ဟု Bangkok Posts က ယနေ့ရေးသားသည်။ 

  
တနင်္လာနေ့တွင် ဖိလစ်ပိုင်နိုင်ငံ အနောက်တောင်ပိုင်း ဂျိုလိုကျွန်းပေါ်၌ ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ရာ ဗုံးခွဲသမားဟု ယူဆရသူ အနည်းဆုံး ၁-ဦးနှင့် တပ်မတော်သား၊ ရဲတပ်ဖွဲ့ဝင်၊ အရပ်သားများပါ ရောနှောသေဆုံးကြရပြီး ၇၈-ဦး ဒါဏ်ရာရရှိခဲ့ကြရသည်။ အဆိုပါ ဗုံးပေါက်ကွဲမှုမှာ ၂၀၁၉-ခုနှစ် ဇန်နဝါရီလ၌ ကက်သလစ်ဘုရားကျောင်းများ ၂-ကြိမ် အသေခံဗုံးခွဲခံရခြင်းကြောင့် ၂၀-ဦးသေဆုံး လူ ၁၀၀ ကျော် ဒါဏ်ရာရရှိခဲ့သည့်နောက်ပိုင်း အဆိုးရွားဆုံး တိုက်ခိုက်ခံရခြင်း ဖြစ်သည်။ 

  
တနင်္လာနေ့၌ ဂျိုလိုမြို့လည်ပိုင်း လူစည်ကားရာနေရာ၌ ပထမဦးဆုံး ပေါက်ကွဲမှုမှာ ဗုံးတပ်ဆင်ထားသော မော်တော်ဆိုင်ကယ်ဖြင့် တိုက်ခိုက်ခြင်းဟု ကနဦး ယူဆရပြီး လုံခြုံရေးတပ်ဖွဲ့ဝင် ၆ ဦး နှင့်အရပ်သား ၆ ဦး သေဆုံးခဲ့ရသည်။ နောက်ထပ် တစ်နာရီအကြာတွင် အဆိုပါနေရာ၌ပင် အမျိုးသမီးတစ်ဦးက အသေခံဗုံးခွဲခဲ့ရာ တပ်မတော်သား ၁-ဦးနှင့် ရဲတပ်ဖွဲ့ဝင်တစ်ဦး ထပ်မံသေဆုံးသည်။ ပထမဆုံးပေါက်ကွဲမှုသည်လည်း အသေခံဗုံးခွဲမှုဖြစ်နိုင်ကြောင်း၊ သို့သော် ခန္ဓာကိုယ်တစ်စစီ ဖြစ်သွားသောကြောင့် ဗုံးဖောက်ခွဲသူအား ဖော်ထုတ်နိုင်ခြင်း မရှိကြောင်း ဒေသဆိုင်ရာ အလုပ်အဖွဲ့မှ တပ်မှူး ဗိုလ်မှူးချုပ်ဝီလျံဂွန်ဇာလက်စ်ကပြောကြားသည်။

  
အစ္စလာမ်မစ်နိုင်ငံတော်ထူထောင်သူများနှင့် ဆက်နွယ်မှုရှိသည့် အဘူဆေယက်ဖ် စစ်သွေးကြွအုပ်စုတို့၏ အခိုင်အမာ ခြေကုပ်ယူထားရာဖြစ်သော ဂျိုလိုကျွန်းပေါ်ရှိ အထင်ကရမြို့ပေါ်တွင် တိုက်ခိုက်မှုများမှာ ဖြစ်ပွားခဲ့သော်လည်း မိမိတို့လက်ချက်ဖြစ်ကြောင်း မည်သည့်အဖွဲ့အစည်းမျှ ပြောဆိုခြင်း မရှိသေးချေ။ လတ်တလောဖိလစ်ပိုင်နိုင်ငံတွင် အသေခံဗုံးခွဲမှု အနည်းဆုံး ၆-ကြိမ် ဖြစ်ပွားခဲ့ပြီးကြောင်း သိရှိရသည်။ 


ဆူလူးကျွန်းစုများတွင် ပြန်ပေးဆွဲ ခေါင်းဖြတ်သတ်ခြင်းများကြောင့် နာမည်ဆိုး ထွက်လျှက်ရှိသာ အဘူဆေယက်ဖ်အဖွဲ့ကို မောင်းထုတ်ရန် သမ္မတရိုဒရီဂိုဒူတာတီးက အထူးတိုက်ခိုက်ရေး ခြေလျှင်တပ်မတစ်ခုကို ဖွဲ့စည်းပေးခဲ့သည်ဆို၏။ 

  
သို့သော် အင်္ဂါနေ့၌ ဖြစ်ပွားသော တိုက်ခိုက်ခံရမှုများနှင့်ပတ်သက်၍ သမ္မတဒူတာတီးက တစ်စုံတစ်ရာ ထုတ် ဖော်ပြောကြားခြင်းမရှိချေ။ 


ဆူလူးကျွန်းစုတွင် စစ်အုပ်ချုပ်ရေး ပြန်လည်သတ်မှတ်ခြင်းဖြင့် အဘူဆေယက်ဖ်ကွန်ယက်ကို သီးခြားခွဲထုတ်လျှက် ခြေရာခံနိုင်လိမ့်မည်ဖြစ်ကြောင်း ဖိလစ်ပိုင်တပ်မတော် အကြီးအကဲတစ်ဦးဖြစ်သူ ဒုဗိုလ်ချုပ်ကြီး စီရီလီတိုဆိုဘီဂျေနာက ပြောဆိုသည်။ 

  
(( Abu Sayyaf အဘူဆေယက်ဖ်အဖွဲ့ကို ၁၉၉၀-ပြည့်နှစ် စတင်ထူထောင်ခြင်းဖြစ်ပြီး ကက်သလစ် ခရစ်ယာန်အများစု ဖိလစ်ပိုင်မှ အစ္စလာမ်မစ်ခွဲထွက်ရေးလှုပ်ရှားမှုတို့၏ ပင်မအဖွဲ့အစည်းဖြစ်သည်။ အစ္စလာမ်မစ်နိုင်ငံတော်ထူထောင်ရေး IS အိုင်အက်စ်၊ အယ်လ်ကိုင်ဒါအကြမ်းဖက်အဖွဲ့တို့နှင့် ဆက်နွယ်မှု့ရှိသည် အစွန်းရောက် ဘာသာရေးအကြမ်းဖက်အုပ်စုကို ဖယ်ရှားရန် ဆူလူးကျွန်းစု မင်ဒါနာအိုတွင် ဖိလစ်ပိုင်တပ်ဖွဲ့ဝင်ပေါင်းများစွာ ရှိနေသည်။ 

  
အဘူဆေယက်ဖ်သည် ဒါးပြတိုက်ခြင်း၊ ပြန်ပေးဆွဲခြင်း စသည်ဖြင့် ပုံစံအမျိုးမျိုးလှုပ်ရှားလေ့ရှိပြီး လတ်တလော ကာလများတွင် အသေခံဗုံးခွဲလျှက်ရှိသည်။ အနောက်နိုင်ငံသားများအပါဝင် ဖမ်းဆီးရမိသော ဓါးစာခံများကို ခေါင်းဖြတ်သတ်လေ့ရှိခြင်းကြောင့် နာမည်ဆိုးနှင့် ကျော်ကြားသည်။      ။ သတင်းဘာသာပြန်သူ )) 

  
#ဖိလစ်ပိုင်အသေခံဗုံး၂-ကြိမ်ဆက်တိုက်ပေါက်ကွဲ #ဆူလူးကျွန်းစု #ဂျိုလိုကျွန်း #စစ်အုပ်ချုပ်ရေး

 
((( Bangkok Post., 25 AUG 2020, Philippine army may seek martial law return after suicide attacks.” ကို #HtayOung, #OungMarine ဆီလျော်အောင် ကောက်နှုတ်ဘာသာပြန်ဆိုသည်။ ))) 

https://www.bangkokpost.com/world/1974307/philippine-army-may-seek-martial-law-return-after-suicide-attacks 


https://www.dhakatribune.com/world/east-asia/2020/08/25/philippine-army-may-seek-martial-law-return-after-suicide-attacks 


https://www.deccanherald.com/international/world-news-politics/suicide-bombers-behind-deadly-philippine-attacks-says-army-chief-877559.html 


https://www.usnews.com/news/world/articles/2020-08-25/philippine-army-may-seek-martial-law-return-after-suicide-attacks 

0

Leave a Reply

Your email address will not be published.