အကြမ်းဖက်မှုများ ဖြစ်ပေါ်နေသည့် အာဖဂန်မှ အမေရိကန်တပ်များ ရုတ်သိမ်းစဉ် အရေးပါသော ကန်ဒဟာခရိုင်ကို တာလီဘန်တို့ သိမ်းပိုက်။ အမေရိကန်နှင့် နေတိုးညွန့်ပေါင်းတပ်တို့၏ နှစ် ၂၀-ကြာ စစ်စခန်းမှ ဆုတ်ခွာခိုက် သောင်းကျန်းဖျက်ဆီးမှုများ နိုင်ငံအနှံ့ ဖြစ်ပွား


တာလီဘန်များနှင့် အစိုးရတပ်ဖွဲ့များအကြား ပြင်းထန်သောတိုက်ပွဲများ ညလုံးပေါက် ဖြစ်ပွားပြီးနောက် အရေးပါသော ခရိုင်တစ်ခုတွင်တည်ရှိသည့် ခံစစ်စခန်းကို တာလီဘန်တို့၏ သိမ်းယူခြင်းခံရကြောင်း၊ အစိုးရတပ်များနှင့် မိသားစုဝင်အများအပြားတို့ ထွက်ခွာလျှက်ရှိရာ အဆိုပါနယ်မြေသို့ တပ်ဖွဲ့များကို စေလွှတ်လျှက်ရှိကြောင်း တနင်္ဂနွေနေ့တွင် အာဖဂန်အစိုးရ အရာရှိများက ပြောဆိုသည်ဟု AFP က ယနေ့ရေးသားသည်။

…  
အကြမ်းဖက်ဖျက်ဆီးမှုများဖြစ်ပေါ်နေသည့် အာဖဂန်မှ အမေရိကန်တပ်များကို အပြီးသတ် စတင်ဆုတ်ခွာသည့် မေလစောစောပိုင်းတည်းက အစိုးရအုပ်ချုပ်ရာ နယ်မြေများတွင် သောင်းကျန်းသူတို့က အရှိန်မြှင့် တိုက်ခိုက်လာခဲ့ကြသည်။

…     
အမေရိကန်နှင့် နေတိုးညွန့်ပေါင်းတပ်တို့က တာလီဘန်နှင့် အယ်လ်ကိုင်ဒါမဟာမိတ်တို့ကို ဆယ်စုနှစ် ၂-စုကြာ စစ်ဆင်ရေးများ ဦးဆောင်ပြုလုပ်ခဲ့သည့် ဘက်ဂရမ် လေတပ်အခြေစိုက်စခန်းမှာ မြို့တော် ကဘူးလ်အနီး၌ တည်ရှိသည်။ ကဘူးလ်တောင်ဘက် ကန်ဒါဟာပြည်နယ်ရှိ ပန်ဂျဝါနီခရိုင် ကျဆုံးခြင်းသည် အဆိုပါ စစ်အခြေစိုက်စခန်းမှ အမေရိကန်တပ်များ ရုတ်သိမ်းသွားပြီး ၂-ရက်အကြာ၌ဖြစ်ကြောင်း သိရှိရသည်။

…   
မြို့တော်ကဘူးနှင့် နီးကပ်စွာ တည်ရှိသဖြင့် အရေးပါသည့် ပန်ဂျဝါနီမြို့ကို သိမ်းပိုက်လိုသည့် သောင်းကျန်းသူအပြင် တာလီဘန်နှင့်အာဖဂန်အစိုးရတပ်ဖွဲ့များမှာ ကန်ဒဟာပြည်နယ်၏ ခရိုင်မြို့အနီးတစ်ဂှိုက်၌ ပုံမှန်တိုက်ပွဲများ နှစ်ချီ၍ ဖြစ်ပွားခဲ့သည်။

…   
အမေရိကန် ဦးဆောင်သည့် စစ်ရေးကျူးကျော်မှုဖြင့် ဖြုတ်ချခံရသည့် ၂၀၀၁ ခုနှစ်အထိ အာဖဂန်နစ္စတန်နိုင်ငံကို အစ္စလာမ်ရှရီယာဥပဒေဖြင့် ကြမ်းတမ်းစွာ အုပ်ချုပ်ခဲ့သည့် တာလီဘန်တို့မှာ ကန်ဒဟာပြည်နယ်၌ မွေးဖွားခဲ့ခြင်းဖြစ်သည်။ ညလုံးပေါက် တိုက်ပွဲများ ဖြစ်ပွားပြီးနောက် ကန်ဒဟာပြည်နယ် ပန်ဂျဝါနီခရိုင်ရဲတပ်ဖွဲ့ဋ္ဌာနချုပ်နှင့် အစိုးရအဆောက်အအုံများကို တာလီဘန်တို့က သိမ်းယူခဲ့ကြောင်း ပြည်နယ်ကောင်စီအကြီးအကဲက AFP အား အတည်ပြုသော်လည်း အစိုးရတပ်များက တမင်ရည်ရွယ်ဆုတ်ခွာသွားခြင်းဖြစ်ကြောင်း စွပ်စွဲချက်များ ထွက်ပေါ်သည်။

…  
တောင်ကုန်းများပေါ်တွင် နေရာယူထားသည့် တာလီဘန်တို့က ရွေ့လျားလျှက်ရှိသည့် ယာဉ်မှန်သရွေ့တို့ကို ပစ်ခတ်လျှက်ရှိပြီး ငြိမ်းချမ်းရေးထက် နယ်မြေသိမ်းပိုက်ရေးကိုသာ စိတ်အားထက်သန်နေပုံ ရရှိသည်။ တာလီဘန်တို့က တိုက်ခိုက်နေသည်မှာ ရဲတပ်ဖွဲ့ကိုသာဖြစ်ပြီး စစ်တပ်နှင့် ခေတ်မီလက်နက်ကောင်းများ တပ်ဆင်ထားသည့် ကွန်မန်ဒိုတပ်တို့ကို တိုက်ခိုက်ခြင်း မရှိကြောင်း နယ်ခြားဒေသ ရဲတပ်ဖွဲ့မှူးက ပြောဆိုသည်။

…   
လွန်ခဲ့သည့် တနင်္ဂနွေနေ့တွင် ကန်ဒဟာ ပြည်နယ်အုပ်ချုပ်ရေးကောင်စီ၏ အတွင်းရေးမှူးမှာ ၎င်း၏ရုံးအနီး ကားဗုံးပေါက်ကွဲမှုကြောင့် သေဆုံးခဲ့ရပြီး ပြည်နယ်အတွင်း ပဉ္စမမြောက်ခရိုင်ဖြစ်သည့် ပန်ဂျဝါနီခရိုင်မှာ သောင်းကျန်းသူများ၏ လက်တွင်း ကျဆုံးသွားခြင်းဖြစ်သည်။

…   
အာဖဂန်တွင် နယ်မြေအတော်များများ၌ တိုက်ပွဲများပြင်းထန်နေပြီး တစ်နိုင်ငံလုံးတွင် ခရိုင် ၄၀၀ နီးပါးရှိသည့်အနက် ၁၀၀ ကျော်ကို သိမ်းယူပြီးခဲ့ကြောင်း တာလီဘန်တို့က သတင်းထုတ်ပြန်သည်။

…    
အဆိုပါ ထုတ်ပြန်ချက်မှာ မှန်ကန်ခြင်း မရှိကြောင်း အာဖဂန်အစိုးရက ငြင်းဆိုသော်လည်း အချို့သော ခရိုင်များရှိ အစိုးရတပ်များအား ဆုတ်ခွာပေးခဲ့ရကြောင်း အသိအမှတ်ပြုသည်။ အခြေအနေမှန်ကို အတည်ပြုရန်အတွက် သတင်းရရှိရေးမှာ ခက်ခဲသည်။

…   
ကဘူးလ်မြောက်ပိုင်းရှိ ဘက်ဂရမ်လေတပ်အခြေစိုက်စခန်းမှ နိုင်ငံခြားတပ်များထွက်ခွာသွားခြင်းမှာ နယ်မြေသစ်များကို သိမ်းပိုက်လိုသည့် သောင်းကျန်းသူတို့၏ လှုပ်ရှားမှုကို အရှိန်မြှင့်တက်စေလိမ့်မည်ဟု စိုးရိမ်မှုများကို ဖြစ်ပေါ်စေသည်။

…  
ယခင် ပြည်ပတပ်များနှင့်အတူ အစိုးရတပ်များတ သူပုန်တို့အား တိုက်ခိုက်ရာ၌ ဘက်ဂရမ်မှာ အရေးပါသော လေကြောင်းအထောက်အပံ့များပေးခဲ့ရာ၌ ထင်ရှားသည်။ ယခုရက်သတ္တပတ်များအတွင်း အမေရိကန်တို့ထံမှ လေကြောင်းအထောက်အပံ့ မရရှိခြင်းမှာ အစိုးရတပ်များအနေဖြင့် ခရိုင်များစွာတို့ကို ဆုံးရှုံးစေသည့်အဓိက အကြောင်းရင်းများအနက် တစ်ခုဖြစ်ကြောင်း ကျွမ်းကျင်သူများက သုံးသပ်သည်။

…    
သို့သော် ဘက်ဂရမ်လေတပ်အခြေစိုက်စခန်းကို အာဖဂန်လေတပ်မတော်က လွှဲပြောင်း ရယူခဲ့ပြီး ရေဒါစံနစ်ကို အသက်သွင်းပြီး ဖြစ်ကြောင်း၊ တာလီဘန်တို့ကို ဝင်ရောက်တိုက်ခိုက်ရန် အဆင်သင့်ရှိနေပြီး မြို့ကြီးများကို အနီရောင်မျဉ်းသတ်၍ ဘက်စုံအင်အားဖြင့် ခုခံကာကွယ်ရန် မကြာမီ ထိုးစစ်စတင်မည်ဖြစ်ကြောင်း အာဖဂန်အစိုးရ၏ ပြည်ထဲရေးဝန်ကြီးက လူသိများသော Tolo News သတင်းအေဂျင်စီအား ပြောဆိုသည်။

…   
(( မျက်မှာက်ခေတ် နိုင်ငံတစ်နိုင်ငံ၏ ကာကွယ်ရေးနှင့် အုပ်ချုပ်ရေးယန္တယား ပြိုလဲခြင်း၏ ဆိုးရွားသော နောက်ဆက်တွဲ အနိဋ္ဌာရုံများကို အကောင်းဆုံး စံနမူနာပြသခဲ့သည်မှာ မကြာသေးမီက လစ်ဗျားနိုင်ငံဖြစ်သည်။

…  
လက်နက်မဲ့ အရပ်သားများအပေါ် စစ်အင်အားအသုံးပြု၍ ဖြိုခွင်းခြင်းမှ ( R2P ) ကာကွယ်ရန် ကုလသမဂ္ဂလုံခြုံရေးကောင်စီ၏ ဆုံးဖြတ်ချက်အမှတ် ၁၉၇၃ အရ မတ်-၁၉၊ ၂၀၁၁-ခုနှစ်တွင် လစ်ဗျားဝေဟင်အား No Fly Zone အဖြစ် စတင်သတ်မှတ်ကာ အမေရိကန် ဦးဆောင်သည် နေတိုးလေတပ်အား လေကြောင်းမှ ဝင်ရောက်တိုက်ခိုက်စေခဲ့သည်။

…  
၁၉၇၁-ခုနှစ်မှစ၍ နိုင်ငံ့အာဏာကို ဆုပ်ကိုင်ခဲ့သည့် မွမ်နာကဒါဖီအသတ်ခံရသော်လည်း လစ်ဗျား၏ အုပ်ချုပ်ရေးနှင့်အတူ ကာကွယ်ရေးယန္တယားပြိုလဲသွားရသည်။ ဦးဆောင်သူကင်းမဲ့သွားသည့် လစ်ဗျားစစ်တပ်မှာလည်း အစိတ်စိတ် အမွှာမွှာဖြစ်ကာ ဒေသန္တရပြည်သူ့စစ်အသွင် စစ်ဘုရင်တို့ အသီးသီးပေါ်ပေါက်လာသည်။

ယခုထိ ယူကြုံးမရနိုင်သည့် အမှားကြီး တစ်ခုမှာ သမ္မတတာဝန်ထမ်းဆောင်စဉ် အမေရိကန်ဦးဆောင်၍ လစ်ဗျားအား စစ်တိုက်မိခဲ့ခြင်းဖြစ်သည်ဟု အိုဘားမားကိုယ်တိုင် နောင်တရမိစေသည်အထိ လစ်ဗျားမှာ နိုင်ငံပြို ကွဲသွားပြီး အယ်လ်ကိုင်ဒါနှင့် အိုင်အက်စ် ( IS, ယခင် ISIS ) ကဲ့သို့ အစွန်းရောက်အကြမ်းဖက်အဖွဲ့အစည်းများ ပေါ်ပေါက်လျှက် ယနေ့တိုင်မငြိမ်းနိုင်သည့် ပြည်တွင်းစစ်မီး နှစ်ကြိမ်တောက်လောင်ခဲ့သည်။ ပြည်သူအချင်းချင်း သွေးချောင်းစီးသတ်ဖြတ်နေကြချိန်တွင် စစ်ဘေးရှောင်ဘ၀ သက်ဆင်းရသည့် အမျိုးသမီးများမှာ လိင်ကျွန်ပြုခံ ရခြင်း အရွယ်ကောင်းလေးတို့လည်း လူကုန်ကူးခံရလျှက်ရှိသည်။ ( ထိုစဉ်က ဂျိုးဘိုင်ဒင်မှာ အိုဘားမား အစိုးရ တွင် ဒုတိယ သမ္မတဖြစ်ပြီး၊ ယခုနိုင်ငံခြားရေးဝန်ကြီး အန်သိုနီဘလင်ကင်မှာ ထိုစဉ်က သမ္မတ၏ နိုင်ငံခြားရေး ရာ အထူးအကြံပေးဖြစ်သည်။ ထို့ကြောင့် ယခုအိမ်ဖြူတော်၏ နိုင်ငံခြားရေး မူဝါဒမှာ အာဏာရှင်ဖယ်ရှားရေတွင် စစ်အင်အား အသုံးမပြုဟု ဖြစ်ရဟန် တူပါသည်။ )

…  
လစ်ဗျားပြီးနောက် အလားတူကြုံတွေ့ရသည်မှာ အာရပ်နွေဦးအာဏာရှင်ဖယ်ရှားရေး အီရတ်နိုင်ငံဖြစ်သည်။ အမေရိကန်ညွန့်ပေါင်းတပ်တို့က ဆဒမ်ဟူစိန်ကို ကြိုးပေးနိုင်ခဲ့သော်လည်း ၎င်းတို့ ကမကထပြု ထူထောင်ပေးခဲ့သည့် ဘဂ္ဂဒက်အစိုးရမှာ ပြိုလဲသွားသော နိုင်ငံအားပြန်လည်ထိန်းချုပ်ရန် အခက်အခဲများစွာနှင့် ရင်ဆိုင်နေရသည်။

…  
အာဖဂန်နစ္စတန်မှာမူ ဆိုဗီယက်တို့ ဝင်ရောက်ကျူးကျော်သည့် ၁၉၇၉- ၁၉၈၉ ခုနှစ် နှစ်များအတွင်း ယနေ့တိုင်ထင်ရှားဆဲ အယ်လ်ကိုင်ဒါအကြမ်းဖက်အဖွဲ့ကို အမေရိကန် စီအိုင်အေက မွေးထုတ်ပေးမိလျှက်သား ဖြစ်ရသည်။

…  
ထိုမှ ၂၀၀၁-ခုနှစ် တာလီဘန်နှင့် အယ်လ်ကိုင်ဒါဖယ်ရှားရေး အမေရိကန် ဦးဆောင်သည့် နေတိုးညွန့်ပေါင်တပ်ဖွဲ၏ ကျူးကျော်စဉ်မှစတင်၍ ယခု ၂၀၂၁-ခုနှစ် ပြည်ပတပ်များ ပြန်လည်ထွက်ခွာခြင်းအထိ ပြင်းထန်သည့် သွေးချောင်းစီးစစ်ပွဲများဖြစ်ရခြင်းမှာ #ကုန်းတွင်းပိတ်နိုင်ငံဖြစ်လင့်ကစား #အာဖဂန်နစ္စတန်၏ #ပထဝီနိုင်ငံရေးအရ #အရေးပါမှု ကျိန်စာသင့်ခြင်း ဖြစ်သည်ဟု ပြောစမှတ် တွင်လျှက်ရှိပါသည်။ ။ သတင်းဘာသာပြန်သူ))

(((AFP., July , 2021,” Families flee as Taliban seize key Kandahar district” ကို #HtayOung, #OungMarine ဆီလျော်အောင် အကျဉ်းချုံး ဘာသာပြန်ဆိုသည်။)))

#အမေရိကန်နှင့်ပြည်ပတပ်များရုတ်သိမ်းလျှက်ရှိသည့်
#အာဖဂန်တွင်_အရေးပါသောခရိုင်ကို_တာလီဘန်တို့သိမ်းယူ

https://www.dhakatribune.com/world/south-asia/2021/07/04/taliban-seize-key-kandahar-district-after-fierce-fighting
https://www.theguardian.com/world/2020/may/18/war-in-libya-how-did-it-start-what-happens-next
https://www.channelnewsasia.com/news/world/-what-was-the-point—afghans-rue-decades-of-war-as-us-quits-bagram-15149364

Leave a Reply

Your email address will not be published.