အကြမ်းဖက်မှုနှင့် ဆက်နွှယ်သောကြောင့် ဘင်္ဂလားဒေ့ရှ်ရွှေ့ပြောင်းအလုပ်သမားအား စင်္ကာပူဖမ်းဆီး၊ လက်နက်ကိုင်ကြရန်နှင့် အကြမ်းဖက်လိုလားသော ရေးသားချက်များကို အကောင့်တုဖြင့် အွန်လိုင်းလွှင့်ခဲ့၊ စင်္ကာပူရောက် ဘင်္ဂလားဒေ့ရှ်က ဆီးရီးယားရှိ အကြမ်းဖက်အိုင်စစ်အား ထောက်ပံ့


ယခုလ စောစောပိုင်းတွင် စင်္ကာပူ၌ အကြမ်းဖက်မှုနှင့်သက်ဆိုင်သော လှုပ်ရှားမှုများတွင် ပါဝင်သည့်အသက် (၂၆) နှစ်အရွယ် ဘင်္ဂလားဒေ့ရှ်ဆောက်လုပ်ရေးလုပ်သားတစ်ဦးအား ပြည်တွင်းလုံခြုံရေးအက်ဥပဒေအရ ဖမ်းဆီးရမိခဲ့သည်ဟု The Strait Times က ယမန်နေ့ရေးသားသည်။ 

  
အာမက်ဖေဆယ်ကို နိုဝင်ဘာ ၂ ရက်နေ့တွင် ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး ပြည်တွင်းလုံခြုံရေဌာန၏ ကနဦး စုံစမ်းစစ်ဆေးချက်များအရ ၎င်းသည် ဘာသာရေးအစွန်းရောက်လျှက်ရှိ၍ ကိုးကွယ်ရာဘာသာရေးအား ထောက်ခံသည့်အနေဖြင့် လက်နက်ကိုင်အကြမ်းဖက်မှုများကို ပြုလုပ်ရန် ရည်ရွယ်ထားသူဖြစ်ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနက အင်္ဂါနေ့ ( နိုဝင်ဘာ ၂၄) တွင်ပြောကြားသည်။ 

  
ဘင်္ဂလားဒေ့ရ်ှနိုင်ငံ အရှေ့ပိုင်းနေ ဖေဆယ်သည် မွတ်စလင်တစ်ဦးဖြစ်ပြီး ဒုတိယတန်းပညာရေးကို ၎င်းနေထိုင်ရာရွာရှိ မဒရာဆာ စာသင်ကျောင်း၌ သင်ယူခဲ့ကြောင်း၊ ၂၀၁၇ခုနှစ် ဖေဖော်ဝါရီလတွင် စင်ကာပူသို့ထွက်ခွာလာခဲ့ပြီး ဆောက်လုပ်ရေးပစ္စည်း ကုမ္ပဏီတစ်ခုတွင် အလုပ်စတင်ခဲ့ကြောင်း၊ ၂၀၁၈ ခုနှစ်တွင် သူသည် အင်တာနက်ပေါ်မှ အီရတ်နှင့် ဆီးရီးယားရှိ #အစ္စလာမ်မစ်နိုင်ငံတော်ထူထောင်သူ (ISIS) #အိုင်စစ် လိုလားသည့် အကြောင်းအရာများကို တွေ့ရှိခဲ့ရာမှ အစွန်းရောက်အယူအဆ စတင်လက်ခံခဲ့ကြောင်း၊ 

  
အင်္ဂလိပ်စာကျွမ်းကျင်၍ လူမှုကွန်ယက်အား ဆီလျော်စွာ အသုံးပြုတတ်သည့် ဖေဆယ်သည် အိုင်စစ်လိုလားသည့် ပင်လယ်ရပ်ခြားရောက် မွတ်စလင်များအား ဖိနှိပ်ခံရသည်ဆိုခြင်းနှင့် လက်နက်ကိုင်အကြမ်းဖက်မှုကို အားပေးသော ဝါဒဖြန့်ချီမှုများကို အင်္ဂလိပ်နှင့်ဘင်္ဂါလီဘာသာစကားတို့ဖြင့် တက်ကြွစွာ ဖြန့်ဝေခဲ့ကြောင်း၊ အခြားသော မွတ်စလင်များကို လက်နက်ကိုင်ကြရန် တိုက်တွန်းခဲ့ကြောင်း၊ 

အွန်လိုင်းပေါ်ရှိ အကြောင်းအရာအချို့ကို အင်္ဂလိပ်ဘာသာမှ ဘင်္ဂါလီဘာသာသို့ ပြန်ဆို၍ ၎င်း၏ လူမှုကွန်ယက်အကောင့်မှ ပြန်လည်ဖော်ပြခဲ့ကြောင်း၊ ၎င်းအား စုံစမ်းဖော်ထုတ်ခြင်းမှ ရှောင်ရှားနိုင်ရန် အမည်တုအချို့ ကို ဖန်တီးအသုံးပြုခဲ့ကြောင်း၊ ဖေဆယ်သည် နောက်တဆင့်အနေဖြင့် ခေါက်ဓါးများဝယ်ယူပြီး တိုက်ခိုက်ရေးအတွက် ဘင်္ဂလားဒေ့ရ်ှသို့ ပြန်ပို့ရန် ရည်ရွယ်ထားသည်ဟု ဝန်ခံကြောင်း၊ စစ်ကြောမှုများအရ ဖေဆယ်သည် စင်္ကာပူတွင် အကြမ်းဖက်မှုတစ်ခုခု ပြုလုပ်ရန် ရည်ရွယ်သည်ကိုမူ မတွေ့ရှိရကြောင်း ပြည်တွင်းရေးရာဝန်ကြီးက ပြောကြားသည်။ 


အင်္ဂါနေ့တွင် ဘာသာရေးပြန်လည်ထူထောင်မှုဆိုင်ရာအဖွဲ့ (RRG) ၌ ပြည်ထဲရေးနှင့်ဥပဒေရေးရာဝန်ကြီး ကေရှမ်မူဂန်က ပြောဆိုရာ၌ ဖေဆယ်သည် ဟိန္ဒူရဲတပ်ဖွဲ့ဝင်များအား သတ်ဖြတ်ရန်အတွက် ဒါးများကို ဘင်္ဂလားဒေ့ရ်ှသို့ ပြန်ပို့ရန်ရည်ရွယ်ထားကြောင်း၊ အကြမ်းဖက်ထောက်ပံ့မှုဆိုင်ရာ ဥပဒေချိုးဖောက်မှုအတွက် ကုန်သွယ်ရေးရာဌာနက ဖေဆယ်အား စုံစမ်းစစ်ဆေးလျှက်ရှိကြောင်း ရှင်းပြသည်။ 


ဖေဆယ်သည် ပြီးခဲ့သည့်လက ပြင်သစ်နိုင်ငံတွင် ဖြစ်ပွားခဲ့သည့် ပါရီမြို့နေ ကျောင်းဆရာတစ်ဦးကိုခေါင်းဖြတ်အသတ်ခံရမှု့၊ နိ့စ်မြို့၌ ခေါင်းဖြတ်အသတ်ခံရသူ တစ်ဦးအပါအဝင် အခြားသုံးဦးကိုသတ်ဖြတ်ခြင်းခံခဲ့ရမှု စသည့် တိုက်ခိုက်မှုများနှင့်ဆက်စပ်မှု မရှိကြောင်း၊ 
သို့သော် ဆီးရီးယားတွင် အစ္စလာမ်မစ် ခလီဖိတ်နိုင်ငံတော်ထူထောင်မည့် အိုင်စစ်တို့၏ ရည်မှန်းချက်က ၎င်းအားဆွဲဆောင်လျှက်ရှိပြီး ထိုဒေသသို့ သွားရောက်၍ ဆီးရီးယားအစိုးရအား ဆန့်ကျင်သောအုပ်စုနှင့်အတူ ပူးပေါင်း တိုက်ခိုက်ရန် ဆန္ဒပြင်းပြလျှက်ရှိကြောင်း၊ ထိုသို့တိုက်ခိုက်ရာ၌ သေဆုံးခဲ့လျှင် အာဇာနည်ဖြစ်မည်ကို ယုံကြည်သည်ဟု ပြောဆိုကြောင်း၊ 

  
လွန်ခဲ့သည့် နှစ်လယ်ပိုင်း၌ ဖေဆယ်သည် ဆီးရီးယားတွင် အစ္စလာမ်မစ် ခလီဖိတ်နိုင်ငံတော်ထူထောင်ရေး တိုက်ပွဲဝင်လျှက်ရှိသော အခြား အခြားဆွန်နီစစ်သွေးကြွအုပ်စုဖြစ်သည့် ( အယ်လ်နူးဆာအကြမ်းဖက်အဖွဲ့ဝင်ဟောင်းများ ပါဝင်သည့် ) “ #ဟေရတ်တာဟားရ်အယ်လ်ရှမ် “ HTS သို့ပြောင်းလဲ သစ္စာခံခဲ့ကြောင်း၊ ဆီးရီးယားအခြေစိုက်အဖွဲ့အစည်းသို့ ရန်ပုံငွေထည့်ဝင်ခြင်းဖြင့် HTS တို့ အကျိုးဖြစ်ထွန်းသည်ကို သိမြင်သည့်အလျှောက် ငွေကြေးလှူဒါန်းခဲ့ကြောင်း၊ 

  
ဖေဆယ်သည် ဆိုမာလီယာအခြေစိုက် Al-Shabaab အယ်လ်ရှာဘက်နှင့် အယ်လ်ကေးဒါး အပါအဝင် အခြားအကြမ်းဖက်အဖွဲ့များကိုလည်း ထောက်ခံသည်ဟု ပြောဆိုကြောင်း၊ မွတ်စလင်များအနေဖြင့် လက်နက်ကိုင်ဂျီဟဒ်တွင် ပါဝင်ရန် တာဝန်ရှိကြောင်း ယုံကြည်သည်ဟု ရေးသားခဲ့ကြောင်း၊ ဆီးရီးယားမှလွဲလျှင် ကက်ရှ်မီးယားသို့ သွားရောက်၍ အစ္စလာမ်၏ ရန်သူများကို တိုက်ခိုက်ရန် ဆန္ဒရှိကြောင်း၊ အွန်လိုင်းမှ သေနတ်နှင့်သက်ဆိုင်သော ဗွီဒီယိုများကို ကြည့်ခြင်းဖြင့် မိမိကိုယ်ကို စစ်တိုက်ရန် ပြင်ဆင်ခဲ့ကြောင်း၊ သို့သော် အများအမြင်တွင် ၎င်းအား ကောင်းမွန်အေးဆေးစွာနေလေ့ရှိသူအဖြစ် ထင်မှတ်ရကြောင်း၊ 


အဆောင်ခန်း တစ်ခန်း၌ နေထိုင်သူ ဖေဆယ်သည် အဆောင်အတူနေသူများအား ထိုသို့သော အစွန်းရောက်အမြင်များ သွတ်သွင်းရန်ကြိုးစားသည်ဟု သတင်း မရရှိပါကြောင်း၊ သူသည် လူမှုမီဒီယာလှုပ်ရှားမှုများမှတစ်ပါး လုပ်ဖော်ကိုင်ဖက်များ၊ အဆောင်အတူနေသူများ သို့မဟုတ် စင်္ကာပူရှိ အခြားတစ်ဦးတစ်ယောက်တို့အား အစွန်းရောက်အမြင်ဖြင့် သြဇာလွှမ်းမိုးရန် ကြိုးစားခဲ့သည့် အချက်အလက်များ မတွေ့ရှိကြောင်း၊ ဖေဆယ်၏ အစွန်းရောက်ဝါဒကို မည်သူမျှ သတိမပြုမိခဲ့ကြကြောင်း စင်္ကာပူပြည်ထဲရေးဋ္ဌာန ပြောရေးဆိုခွင့်ရှိသူက အကျယ်တဝံ့ ရှင်းလင်းပြောဆိုသည်။ 


(( အရှေ့အလယ်ပိုင်းတွင် ကြောက်စရာအကောင်းဆုံး အဖွဲ့အစည်း ၂-ရပ်ရှိရာ “ #မွတ်စလင်ဘရားသားဟုဒ် “ နှင့် “ #အစ္စလာမ်မစ်ဂျီဟဒ်အဖွဲ့ “ ဖြစ်သည်။ ၁၉၂၃-ခုနှစ် အီဂျစ်တွင် တည်ထောင်သော ဘရားသားဟုဒ်တို့သည် ရှေးရိုးစွဲ ဘာသာရေးတင်းကြပ်မှုကို လိုလားသူများဖြစ်ပြီး ပြင်းထန်သော အယူအဆများကြောင့် အရှေ့အလယ်ပိုင်းနိုင်ငံတို့၏ ပြည်တွင်းရေး မငြိမ်မသက်မှုများတွင် ဘရားသားဟုဒ်များ ပါဝင်နေလေ့ရှိသည်။

 
နိုင်ငံတကာအကြမ်းဖက်အဖွဲ့အစည်းကြီးဖြစ်သည့် Al Qaeda #အယ်လ်ကိုင်ဒါသည် ဘရားသားဟုဒ်နှင့် ဂျီဟဒ်အရေးတော်ပုံအဖွဲ့သားများအား အမာခံဖွဲ့စည်းထားခြင်းဖြစ်သည်။ ၂၀၁၁-ခုနှစ် အီဂျစ်နိုင်ငံရွေးကောက်ပွဲများတွင် ဘရားသားဟုဒ်များအနိုင်ရရှိပြီး #မိုဟာမက်မော်စီ သမ္မတဖြစ်လာသည်။ ထိုနောက်ပိုင်း အီဂျစ်တွင် ထိုစဉ်က နိုင်ငံတကာ၌ အခက်ထန်ဆုံးဖြစ်သော မော်စီဆန့်ကျင်ရေး ကန့်ကွက်ဆန္ဒပြပွဲများ ပြင်းထန်စွာ ဖြစ်ပေါ်သည်။ ၂၀၁၃-ခုနှစ်၌ စစ်တပ်က အာဏာသိမ်းယူ၍ မော်စီအား အကျယ်ချုပ်ချကာ ဘရားသားဟုဒ်တို့ကိုလည်း ဖြိုခွင်းသည်။ ဆော်ဒီအာရေးဗီးယား၊ ယူအေအီးစသည့် ပင်လယ်ကွေ့နိုင်ငံများကလည်း ဘရားသား ဟုဒ်တို့အား အကြမ်းဖက်အဖွဲ့အစည်းအဖြစ် သတ်မှတ်ကာ၊ ထွက်ပြေးလာသူတို့ကို ဖမ်းဆီး၍ အီဂျစ်သို့ ပြန်ပို့သည်။ အီဂျစ်တွင် အကြမ်းဖက်အဖွဲ့အစည်းဝင်ဖြစ်နေသော ဘရားသားဟုဒ်အတော်များများမှာ ကြိုးပေးခံရသည်။ ၂၀၁၉-ခုနှစ် ဇွန်လ၌ ၆၇-နှစ်အရွယ် မော်စီကိုယ်တိုင်ပင်လျှင် ကိုင်ရိုတရား ရုံးတော် တရားခွင်တွင် ကြားနာနေခိုက် ရုတ်တရက် လဲကျသေဆုံးသည်။ လောလောဆယ်တွင် ဘရားဟုဒ်လိုလားသော နိုင်ငံများအဖြစ် တူရကီ၊ ကာတာတို့အား စွပ်စွဲကြသည်။ 


အထက်တန်းလွှာ လူကုံထန်မိဘနှစ်ပါးမှ ဖွားမြင်ပြီး ခွဲစိတ်ကုဆရာဝန်ကြီးတစ်ဦးဖြစ်သူ Ayman al-Zawahiri #အာမန်အယ်လ်ဇာဝါဟီရီသည် စစ်သွေးကြွ “အီဂျစ်အစ္စလာမ်မစ်ဂျီဟဒ်” ခေါင်းဆောင်တစ်ဦးဖြစ်သည်။ သူသည် ၂၀၁၁-ခုနှစ်တွင် #အိုစမာဘင်လာဒင်အား #အမေရိကန်နေဗီဆီးလ်တို့ လုပ်ကြံသတ်ဖြတ်ခဲ့ပြီးနောက် ယခုတိုင် အယ်လ်ကိုင်ဒါ ခေါင်းဆောင်ဖြစ်သည်။ ဇာဝါဟီရီအား ဖမ်းဆီးရမိအောင် သတင်းပေးနိုင်သူအား ဒေါ်လာ ၂၅-သန်း ချီးမြှင့် မည်ဟု FBI ၏ ဆုငွေ ထုတ်ခြင်းခံရသူဖြစ်သည်။ 


အယ်လ်ကိုင်ဒါ၏ ဒေသန္တရအဖွဲ့ခွဲများကို ကမ္ဘာ့အရှေ့ပိုင်း အင်ဒိုနီးရှား၊ မလေးရှားနှင့် ဖိလစ်ပိုင်ပင်လယ်တစ်ဝှိုက်မှစ၍ အာဖရိအနောက်ပိုင်းအထိ ပြန့်နှံ့လျှက်ရှိသည်။ ပါကစ္စတန်၊ အိန္ဒိယ ( ကက်ရှ်မီးယား )၊ အီရတ်၊ ဆီးရီးယား၊ အာဖဂန်၊ ယီမင်၊ လစ်ဗျား၊ ဆိုမာလီ၊ နိုင်ဂျီးရီးယားတို့ရှိ ဂျီဟဒ်ဝါဒီစစ်သွေးကြွတို့မှာ အယ်လ်ကိုင်ဒါများဖြစ်သည်။ 


၂၀၁၄-ခုနှစ်တွင် ဆဒမ်ဟူစိန်ခေတ် #အီရတ်အယ်လ်ကိုင်ဖြစ်သူများနှင့် အခြား ဂျီဟဒ်စစ်သွေးကြွအဖွဲ့တို့ ပူးပေါင်းခြင်းဖြင့် အာရဗီဘာသာ“ #ဒက်ရှ် “ ခေါ် IS, ISIS, ISIL ခေါ် အစ္စလာမ်မစ်နိုင်ငံတော်ထူထောင်သူများ “ ( ယခင်အမည် မြေထဲပင်လယ်အရှေ့ပိုင်း အစ္စလာမ်မစ်နိုင်ငံတော်ထူထောင်သူများ ) ဖြစ်ပေါ်လာပြီး အီရတ် နိုင်ငံ မိုဆူးလ်မြို့ကို သိမ်းယူသည်။ 


အစ္စလာမ်နိုင်ငံအတော်များများတွင် အိုင်စစ် အယ်လ်ကိုင်ဒါမှန်းသိလျှင် စောစီးစွာ ချေမှုန်းပစ်ကြပြီး အဖွဲ့ အစည်းတို့လည်း ဝေးဝေးမှ ရှောင်ကြသည်။ အယ်လ်ကိုင်ဒါသည် ဆွဲဆောင်အား အလွန်ကောင်းပြီး CIA, MI6, ရုရှား SVR RF နှင့် Mossad ကဲ့သို့ နိုင်ငံတကာထောက်လှမ်းရေးအဖွဲ့များ၏ ထိုးဖောက်မွှေနှောက်ခြင်းကို ကောင်းစွာခံနိုင်သည်။ ယခုနောက်ပိုင်း အယ်လ်ကိုင်ဒါနေရာတွင် အိုင်စစ်က အစားထိုးဝင်ရောက်လာသည် မှတ်ယူရသည်။      ။သတင်း ဘာသာပြန်သူ )) 


((( Strait Times., November 24, 2020, Bangladeshi migrant worker held in Singapore over terrorism-related activities. By:Fabian Koh” ကို #HtayOung, #OungMarine ဆီလျော်အောင် ကောက်နှုတ်ဘာသာပြန်ဆိုသည်။ ))) 


https://www.straitstimes.com/singapore/bangladeshi-construction-worker-26-arrested-under-isa-for-terrorism-related-activities-mha 
https://www.dhakatribune.com/bangladesh/2020/11/25/bangladeshi-migrant-worker-held-in-singapore-over-terrorism-related-activities 
https://www.bbc.com/news/world-middle-east-48668941 
https://www.aljazeera.com/news/2019/06/17/egypts-ex-president-mohamed-morsi-dies-after-court-appearance/ 
https://www.egyptindependent.com/pro-morsy-alliance-considers-presidential-elections-boycott/ 
https://www.rt.com/news/506696-alqaeda-leader-masri-killed-israel/ 
https://www.nytimes.com/2020/11/13/world/middleeast/al-masri-abdullah-qaeda-dead.html?action=click&module=Top%20Stories&pgtype=Homepage 
https://www.thenationalnews.com/world/isis-operating-on-a-military-scale-in-africa-as-it-aims-for-territory-and-riches-1.1101363

Leave a Reply

Your email address will not be published.