အကြမ်းဖက် အိုင်အက်စ် လက်မရွံများကို တရားစွဲဆိုရန် ဗြိတိန်က ကူညီလျှင် ၎င်းတို့အား သေဒါဏ်ချမှတ်မည်မဟုတ်ကြောင်း အမေရိကန်ရှေ့နေချုပ် အာမခံ။ ဗြိတိန်နိုင်ငံသားဟောင်းတို့က အစွန်းရောက်တို့နှင့် ပူးပေါင်း၍ ဒါးစာခံအမေရိကန်ဂျာနယ်လစ်နှင့် အကူအညီပေးရေး ဝန်ထမ်းတို့ကို သတ်ဖြတ်ခဲ့

သတင်းမီဒီယာလောကတွင် The Beatles “ ဘီးတဲလ် “ အဖြစ် လူသိများသော ISIS အိုင်စစ် ၂-ဦးနှင့် ပတ်သက်သည့် သက်သေအထောက်အထားများကို ပေးပို့ခဲ့လျှင် အမေရိကန်တွင် ၎င်းတို့အား သေဒါဏ် မပေးနိုင်ကြောင်း ရှေ့နေချုပ် ဝီလျှံဘားရ်က အာမခံသည်။ အစွန်းရောက်အကြမ်းဖက်တို့အား တရားစွဲဆိုရန် အရေးပါသော သက်သေအထောက်အထားများရှာဖွေလျှက်ရှိသည့် ဒေါ်နယ်ထရမ့်အစိုးရက ဗြိတိန်အား စည်းရုံးသိမ်းသွင်းရန် ကြိုးပမ်းမှုဖြစ်သည်ဟု CNN က ယနေ့ ရေးသားသည်။ 

အကယ်၍ ဗြိတိန်အနေဖြင့် အပြန်အလှန်အကူအညီပေးရေး တောင်းဆိုမှုကို လက်ခံပါက အမေရိကန်ပြည်ထောင်စုအနေဖြင့် ၎င်းတို့ ၂-ဦးအား တရားစွဲခဲ့လျှင် သေဒါဏ်ကျခံရနိုင်သည့် ဥပဒေပုဒ်မများ ပါဝင်လိမ့်မည် မဟုတ်ကြောင်း အာမခံသည်ဟု အမေရိကန် တရားရေးဋ္ဌာနကိုယ်စား ရှေ့နေချုပ် ဝီလျှံဘားရ်က ဗြိတိန် ပြည်ထဲရေးဝန်ကြီး ပရီတီပက်တဲလ်ထံ စာရေးသားခဲ့သည်ဆို၏။ 

ကနဦးအစ လူ ၄-ယောက်ပါဝင်သည့် အိုင်စစ်လက်မရွံ့အဖွဲ့ကို ဗြိတိသျှအသံထွက်အရ Beatles “ ဘီးတဲလ် “ ဟု ခေါ်ဆိုကြခြင်းဖြစ်သည်။ ၎င်းတို့သည် ကိုယ်တိုင်ရိုက်ကူးခဲ့သော ဗွီဒီယိုမှတ်တမ်းအချို့အရ ဓားစာခံများအား ကွပ်မျက်သတ်ဖြတ်ရာ၌ အဓိကတာဝန်ရှိသည်ဟု ယူဆရသည်။ အိုင်စစ်အကြမ်းဖက်အဖွဲ့၏ အစိတ်အပိုင်းတစ်ခုဖြစ်သော ကွပ်မျက်ရေးလက်မရွံ့အဖွဲ့ဝင်တို့သည် ဂျိမ်းစ်ဖိုလေး၊ အမေရိကန်သတင်းစာဆရာ စတီဗင်ဆော့လော့ဖ်နှင့် အမေရိကန်လူမျိုး အကူအညီပေးရေးလုပ်သား ပီတာကေဆစ်တို့အပါအဝင် ဓားစာခံ ၂-ဒါဇင်ခန့်အား ဖမ်းဆီးခြင်းနှင့် ခေါင်းဖြတ်သတ်ရာတွင် ပါဝင်ကျူးလွန်ခဲ့ကြောင်း အမေရိကန်နိုင်ငံခြားရေး ဝန်ကြီးဋ္ဌာနက စွပ်စွဲခဲ့သည်။ 

၂၀၁၅ ခုနှစ်တွင် ဂျီဟဒ်ဂျွန် အမည်ရှိ အိုင်စစ်လက်မရွံ ဘီးတဲလ် ၁-ဦးမှာ အမေရိကန်၏ လေကြောင်းတိုက်ခိုက်မှုတွင် သေဆုံးပြီး ဖမ်းဆီးရမိသော အခြား ၁-ဦးကို တူရကီတွင်တရားစွဲဆိုခဲ့သည်။ ၂၀၁၈-ခုနှစ်တွင် ကျန် ၂-ဦးဖြစ်သော အလက်ဇန္ဒြားကိုတီနှင့် ရှဖီးအယ်လ်ရှိတ်တို့မှာ ဆီးရီးယား၌ ဖမ်းဆီးခံခဲ့ရသည်။ ၂၀၁၅ ခုနှစ်တွင် ဗြိတိန်က ၎င်းတို့ ၂-ဦးအား နိုင်ငံသားအဖြစ်မှ ပယ်ဖျက်ထားခဲ့ပြီးဖြစ်သည်။ ယခုအခါ တွင် ၎င်းတို့အား တရားစွဲဆိုရန်မှာ ယခင်နိုင်ငံသားများအဖြစ် ပြန်လည်သတ်မှတ်ရမည်ဖြစ်၍ ဥပဒေကြောင်း ရှုပ်ထွေးမှုများရှိနေပြီး မဖြစ်နိုင်ကြောင်း ဗြိတိန်ပြည်ထဲရေးဋ္ဌာနက ငြင်းဆိုလျှက်ရှိသည်။ 

အစဉ်အလာအားဖြင့် အိုင်စစ်အတွက်တိုက်ပွဲဝင်ခဲ့သော အမေရိကန်မဟုတ်သူများအား ဖမ်းဆီးခြင်းကို အမေရိကန်တွင် အပြင်းအထန်ဆန့်ကျင်ခဲ့သည်။ ရှေ့နေချုပ်ဘားရ်၏ အားထုတ်မှုအောင်မြင်ပါက အိုင်စစ်အတွက် တိုက်ခိုက်ပေးခဲ့ပြီး အမေရိကန်မဟုတ်သူ ကိုတီနှင့် အယ်လ်ရှိတ်တို့အား အမေရိကန်မြေပေါ်၌ တရားစွဲဆိုနိုင်သည့် ပထမဆုံးအကြိမ်ဖြစ်လာဖွယ်ရှိသည်။ 

၎င်း အိုင်စစ်အဖွဲ့ဝင် ၂-ဦးကို အီရတ်ရှိအမေရိကန်စစ်တပ်က ထိန်းသိမ်းထားခဲ့သည်။ ၂၀၁၉- ခုနှစ်တွင် ဆီးရီးယားမြောက်ပိုင်းသို့ တူရကီတပ်များက ကျူးကျော်ဝင်ရောက်ခဲ့ပြီးနောက် ၎င်းတို့နှင့် အခြားထင်ရှားသော အိုင်စစ်အကျဉ်းသားများ၏ လုံခြုံရေးမှာ စိုးရိမ်ရသဖြင့် မဟာမိတ်ဒေသခံ ဆီးရီးယား( ကာ့ဒ် ) များအစား အမေရိကန်စစ်တပ်၏ စီမံကွပ်ကဲမှု လက်အောက်သို့ ပြောင်းရွှေ့ပေးခဲ့သည်။ 

ရှေ့နေချုပ်ဘားရ်၏စာအရဆိုလျှင် လာမည့်အောက်တိုဘာ ၁၅ ရက်နေ့၌ အိုင်စစ်အဖွဲ့ဝင်များအပေါ် တရားစွဲဆိုရန် လိုအပ်သော သတင်းအချက်အလက်နှင့် အထောက်အထားများအား ဗြိတိန်ပြည်ထဲရေးက ပေးအပ်ရမည်ဖြစ်သည်။ ထိုသို့မဟုတ်လျှင် အမေရိကန်အနေဖြင့် ၎င်းတို့အား အီရတ်တရားစီရင်ရေးလက်အောက်သို့ လွှဲပြောင်းပေးရန်သာ ရှိတော့ကြောင်း၊ အီရတ်တရားရုံးများ၌ စစ်ဆေးခံရသော အိုင်စစ်အဖွဲ့ဝင်များမှာ သေဒါဏ်ချမှတ်ခြင်း ခံရလေ့ရှိကြောင်း ရှင်းလင်းစွာ ဖော်ပြထားကြောင်း သိရှိရသည်။ 

စောစောပိုင်း၌ အမေရိကန်က သေဒဏ်ချမှတ်မည်မဟုတ်ကြောင်း အာမခံခြင်းမတိုင်မီပင် ဗြိတိန်အနေဖြင့် ၎င်းတို့ ၂-ဦးအား တရားစွဲဆိုရန် လိုအပ်သည့်သတင်းအချက်အလက်များကိုမျှဝေရန် ဆောင်ရွက်ခဲ့သည်။ နောက်ပိုင်းတွင် ဗြိတိန်တရားရုံးတစ်ခုက ကြားဝင်ဟန့်တားခြင်းဖြင့် ရပ်ဆိုင်းသွားသည်။ 

ကိုတီသည် အနောက်နိုင်ငံမှ ဂျာနယ်လစ်များနှင့် ဒါးစာခံအကူအညီပေးရေးလုပ်သားများအား ရက်စက်စွာ နိပ်စက်ညှင်းပန်းခြင်းနှင့် သတ်ဖြတ်သည့် အုပ်စုတွင် ပါဝင်သူဖြစ်ကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဋ္ဌာနက စွပ်စွဲခြင်းခံရသူဖြစ်သည်။ အယ်လ်ရှိတ်မှာမူ ရေမွန်းအောင်လုပ်၍ စစ်ကျောခြင်း၊ ပြောင်လှောင်ကွပ်မျက်ခြင်း၊ ကားစင်တင် ညှင်းပန်းရာတွင် နာမည်ကျော်သူဖြစ်သည်။ 

လွန်ခဲ့သည့် ဇူလိုင်လတွင် ၎င်းတို့ ၂-ဦးနှင့် CNN တို့ တွေ့ဆုံမေးမြန်းခွင့် ရရှိခဲ့ရာ အနောက်တိုင်းသား ဓါးစာခံများအား ပြန်ပေးဆွဲသည့်ကဏ္ဍ၌ ၎င်းတို့ပါဝင်ခဲ့ရကြောင်းကို နှစ်ဦးစလုံးက ဝန်ခံခဲ့သည်။ အယ်လ်ရှိတ်ဆိုလျှင် သူ၏ အုပ်စုဖွဲ့ ကျူးလွန်မှုများအတွက် အတိုင်းအဆမရှိ အနှူးညွှတ် တောင်းပန်ခဲ့သည်။ 

အိုင်စစ်အဖွဲ့၏ သတ်ဖြတ်ခြင်းခံခဲ့သော အမေရိကန်နိုင်ငံသားတို့၏ မိသားစုဝင်များကမူ ဒေသတွင်းရှိ အမေရိကန်စစ်တပ်က ထိန်းသိမ်းထားသည့် အိုင်စစ်တိုက်ခိုက်ရေးသမားများအား အမေရိကန်တရားရုံးများတွင် စီရင်အပြစ်ပေးရန် ဒေါ်နယ်ထရမ့်အား တောင်းဆိုကြောင်း လွန်ခဲ့သည့်လ၌ Washington Post က ရေးသားခဲ့သည်။ 

(( Beatles “ ဘီးတဲလ် “ ဆိုရာတွင် မူရင်းမှာ အဖွဲ့ဝင် ၄-ဦးပါ ကမ္ဘာကျော် ဗြိတိသျှ ရော့ခ်ဂီတအဖွဲ့ဖြစ်သည်။ ဘာသာရေးအစွန်းရောက် အိုင်စစ်အကြမ်းဖက်အဖွဲ့၏ ကွပ်မျက်ရေးလက်မရွံအဖွဲ့ ခေါင်းဆောင်ဖြစ်သူ မိုဟာမက်အမ်ဝါဇီမှာ ရက်စက်ကြမ်းကြုတ်ရာတွင် ပြိုင်ဘက်ကင်းပြီး “ ဂျီဟဒ်ဂျွန် “ အဖြစ် လူသိများသည်။ ၂၀၀၉-ခုနှစ် ဗြိတိသျှရော့ခ်ဂီတအဖွဲ့၏ ခေါင်းဆောင်မှာ ( ဂျွန်လင်နွန် ) “ ဂျွန်“ ဖြစ်ပြီး ၄-ဦးပါဝင်ပုံခြင်း တူညီသဖြင့် အိုင်စစ်လက်မရွံအဖွဲ့အား “ ဘီးတဲလ် “ ဟု အမည်ပြောင် ပေးကြခြင်းဖြစ်သည်။ 

အိုင်စစ် ဘီးတဲလ်အားလုံးသည် ဗြိတိန်သျှနိုင်ငံသားများဖြစ်ကြပြီး ၂၀၁၄-ခုနှစ် ဆီးရီးယားနှင့် အီရတ်၌ အစ္စလာမ်မစ်နိုင်ငံတော်ထူထောင်သူ IS အိုင်အက်စ် ( ISIS, ယခင် ISIL ) ထူထောင်သူများ ပေါ်ပေါက်လာချိန်၌ အစွန်းရောက် အကြမ်းဖက်တို့နှင့် ပူးပေါင်းရန် လန်ဒန်မြို့အား စွန့်ခွာသွားခဲ့ကြခြင်းဖြစ်သည်။ ။ သတင်းဘာသာပြန်သူ )) 

((( CNN., 19 August 2020, “US tells UK it will not seek death penalty for ISIS members known as the ‘Beatles’. By Ryan Browne “ ကို #HtayOung, #OungMarine  ဆီလျော်အောင် ကောက်နှုတ်ဘာသာပြန်ဆိုသည်။ ))) 

#အိုင်စစ်ဘီးတဲလ် #ဂျီဟဒ်ဂျွန် #အမေရိကန်ရှေ့နေချုပ် #ဗြိတိသျှပြည်ထဲရေး #အိုင်စစ် 

https://edition.cnn.com/2020/08/19/politics/us-uk-isis-beatles-death-penalty/index.html 
https://www.washingtonpost.com/national-security/islamic-state-beatles-death-penalty/2020/08/19/f9207262-e24c-11ea-8181-606e603bb1c4_story.html 
https://www.dailymail.co.uk/news/article-5369193/Final-two-British-ISIS-jihadis-Beatles-captured.html 
https://www.express.co.uk/news/uk/673116/Fourth-British-ISIS-Beatle-EXPOSED-as-refugee-who-was-radicalised-in-just-17-DAYS 
https://www.usatoday.com/story/news/world/2019/06/10/isis-militant-cell-dubbed-the-beatles-apologizes-terror-role/1406924001/ 

0

Leave a Reply

Your email address will not be published.