ဥပဒေအရ မစစ်ဆေးဘဲ အုပ်စုဖွဲ့ သတ်ဖြတ်သူတို့ကို အရေးယူပေးရန် ဘင်္ဂလားဒေ့ရှ်၌ ဆန္ဒဖော်ထုတ်၊ ဘာသာရေးထိခိုက်သည်ဟု စွပ်စွဲ၍ လူထုနည်းဖြင့် တရားစီရင်ခံရသူမှာ စိတ်ကျန်းမာရေး ချို့ယွင်းသူဖြစ်နေ

  
ကြာသပတေးနေ့တွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံမြောက်ဖျားပိုင်း လာမွန်ရတ်ခရိုင်၌ ဘာသာရေးဆိုင်ရာ ယုံကြည်မှု အား ထိခိုက်စေသည်ဟု စွပ်စွဲချက်ဖြင့် ရက်စက်စွာ သတ်ဖြတ်ခံရသော အဘူယူနွတ်မိုဟာမက်ဂျီဝဲလ်ဆိုသူမှာ တစ်နှစ်ကြာမျှ စိတ်ဝေဒနာခံစားနေရသူဖြစ်ကြောင်း ၎င်းအား ကောင်းစွာသိရှိသည့် ဒေသခံများက ပြောဆိုသည်ဟု Dhaka Tribune က ယမန်နေ့ ရေးသားသည်။ 

  
အသတ်ခံရသူ မိုဟာမက်ဂျီဝဲလ်သည် ရမ်ဂါပူရ်ဇီလာ စာသင်ကျောင်းမှ ကျောင်းသားတစ်ဦးဖြစ်ပြီး ဘာသာရေးကိုင်းရှိုင်း၍ ချီးကျုးထိုက်သူတစ်ဦးဖြစ်ကြောင်း၊ ဒါကာတက္ကသိုလ်မှ စာကြည့်တိုက်ပညာ ဘာသာရပ်တွင် ပထမအဆင့်မှ ဘွဲ့ရရှိခဲ့ပြီး ရန်ဂါပူရ်ကန်တိုမင်ပြည်သူ့စာသင်ကျောင်းနှင့် ကောလိပ်တွင် စာကြည့်တိုက်မှူး အဖြစ် အလုပ်လုပ်ကိုင်ခဲ့ဖူးသူ ဖြစ်ကြောင်း၊ လွန်ခဲ့သောတစ်နှစ်က အလုပ်ဖြုတ်ခံခဲ့ရပြီး ထိုအချိန်မှစ၍ စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုဖြစ်လာခဲ့ကြောင်း သိရှိရသည်။ 

  
ကြာသပတေးနေ့ ညနေပိုင်းတွင် လာမွန်ရတ်ခရိုင်၊ ပက်ဂရမ်မြို့နယ်၊ ဘူရီမာရီယူနီယံ၌ ဒေါသထွက်နေသူ လူအုပ်ကြီးက အသက် ၅၀ အရွယ် ဂျီဝဲလ်အား သေဆုံးသည်အထိ ဝိုင်းဝန်းရိုက်နှက်၍ လူထုနည်းဖြင့် တရားစီရင်ခဲ့ခြင်းဖြစ်ကြောင်း၊ ဆူပူသူ လူအုပ်စုသည် ဂျီဝဲလ်၏ ရုပ်အလောင်းအား လာမွန်ရတ်-ဘူရီမာရီ အဝေးပြေး ကားလမ်းပေါ်သို့ ဒရွတ်တိုက် ဆွဲယူသွားပြီး မီးရှို့ဖျက်ဆီးခဲ့ကြသည် ဆို၏။ 

  
ထိုအတွက် ဂျီဝဲလ်အား သတ်ဖြတ်ရာ၌ ပါဝင်သူများကို ဖော်ထုတ်၊ ဖမ်းဆီး၍ ဥပဒေရှိသည့်အတိုင်း စီရင်ပေးရန် သောကြာနေ့တွင် ရမ်ဂါပူရ်ရှိ ပေရာချတ်တာနေ လူတန်းစားပေါင်းစုံမှ အမှန်တရားလိုလားသူများက စုဝေးတောင်းဆိုခဲ့ကြသည်။

  
ဆန္ဒပြပွဲတွင် ပါဝင်သည့် အမည်မဖော်လိုသူတစ်ဦးက ပြောဆိုရာ၌ ဂျီဝဲလ်သည် လူတိုင်းနှင့် ခင်မင်ရင်းနှီးစွာ နေလေ့ရှိသူဖြစ်ကြောင်၊ ဗလီတွင် တစ်နေ့လျှင် ငါးကြိမ်ဝတ်ပြုလေ့ရှိသည့်အတွက် သွက်သွက်ခါ ရူးသွပ်နေသည်ဟု ပြောမရနိုင်ကြောင်း၊ ဘာသာရေးထိခိုက်စေသည်ဟု စွပ်စွဲချက်မှာ မှားယွင်းကြောင်း၊ စုံစမ်းစစ်ဆေးမည်ဆိုလျှင် ဂျီဝဲလ်အား မည်သည့်အတွင် ဝိုင်းဝန်းသတ်ဖြတ်သည်ကို အမှန်အတိုင်း ဖော်ထုတ်နိုင်လိမ့်မည်ဖြစ်ကြောင်း ရှင်းပြသည်။ 


ဂျီဝဲလ်မှာ ရက်စက်စွာ အသတ်ခံရသော်လည်း ၎င်း၏ဇနီး၊ အလယ်တန်းအဆင့် အောင်မြင်ပြီးစ သမီး၊ ပဉ္စမတန်းတွင် ပညာသင်ယူဆဲ သားဖြစ်သူနှင့် အခြားညီအစ်ကို မောင်နှမရင်းများ အသက်ရှင်လွတ်မြောက်ခဲ့သည်။ ညီမအရင်းဖြစ်သူကလည်း ဂျီဝဲလ်မှာ မည်သည့် ရာဇဝတ်မှုမျှ ကျူးလွန်ခဲ့ဖူးခြင်း မရှိကြောင်း၊ ဥပဒေမဲ့ ဝိုင်းဝန်းသတ်ဖြတ်ခံရသဖြင့် အရေးယူပေးပါရန် တောင်းဆိုသည်။ 



ဂျီဝဲလ်အသတ်ခံရမှုနှင့် စပ်လျဉ်း၍ အဖြစ်အပျက်အား စုံစမ်းစစ်ဆေးရန် အဖွဲ့ဝင် ၃-ဦးပါ စုံစမ်းစစ်ဆေးရေးအဖွဲ့ကို လာမွန်ရတ်ခရိုင် အုပ်ချုပ်ရေးအဖွဲ့က ဖွဲ့စည်းလိုက်ကြောင်း သတင်း၌ ဆက်လက်ဖော်ပြသည်။ 



(( ယခုသတင်းပါ ဖြစ်စဉ်မျိုးမှာ ဘင်္ဂလားဒေ့ရှ်၌သာမဟုတ် နိုင်ငံတကာ၌လည်း ဖြစ်လေ့ရှိကြောင်း တွေ့ရပါသည်။ မိန်းမပျိုလေးများအား မဖွယ်မရာလုပ်သည်ဟု ဝိုင်းဝန်းရိုက်သတ်ခံရသူမှာ စိတ်ဝေဒနာရှင်ဖြစ်နေသည်လည်း ကြားရဖူးသည်။ သူခိုး၊ ခါးပိုက်နှိုက်၊ ယာဉ်တိုက်မှုကျူးလွန်သူ ယာဉ်မောင်းအား သက်ဆိုင်ရာရဲတပ်ဖွဲ့ထံ အပ်နှံရမည့်အစား ဝိုင်းဝန်းရိုက်နှက်လေ့ရှိကြသည်။ 


#တရားဥပဒေစိုးမှုမရှိ #တရားစီရင်ရေးအပေါ်_အယုံအကြည်မရှိ သည့်နိုင်ငံများ၊ ဖွံ့ဖြိုးမှု နိမ့်ကျသော တိုင်းပြည်များတွင် ဖမ်းဆီးထားသူအား လူထုနည်းဖြင့် တရားစီရင်မည်ဟု ရဲစခန်း၊ တရားရုံးအား ဝင်ရောက်စီးနင်းခြင်း၊ ထုတ်ပေးရန်တောင်းဆိုသဖြင့် အဓိကရုန်းဖြစ်ရသည်များလည်း တွေ့ရသည်။ 


လူတစ်ဦးတစ်ယောက်တွင် အပြစ်ရှိခြင်း- မရှိခြင်းဆိုသည်မှာလည်း အတော်စဉ်းစားရမည့် ပြဿနာဖြစ်သည်။ အပြစ်ရှိသည်ဟု လူတစ်စု တစ်ဖွဲ့က ယုံကြည်နေသော အကြောင်းအရာမှာ ဥပဒေကြောင်းအရ အပြစ်မရှိ၊ အပြစ်ပေးရန် မခိုင်လုံသည်များလည်း ရှိတတ်၍ ဖြစ်သည်။ အလားတူဖြစ်စဉ်မျိုးကို Facebook တွင် မန့်များအဖြစ် အများဆုံးတွေ့ရပြီး တစ်ခါတစ်ရံ တောင်းဆိုသူတို့ကိုယ်တိုင် ဘာပုဒ်မ၊ ဘာပြစ်မှုမှန်း ရေရေရာရာ သိပုံမရချေ။ 

  
လူတစ်ဦးချင်းစီ၏ ဆန္ဒသဘောထားအား အလေးထားရသည့် ဒီမိုကရေစီစံနစ်တွင် ထိုကဲ့သို့ အဖြစ်များကြောင့် ဖြောင့်မတ်မြန်ဆန်သော တရားစီရင်ရေးတွင် အနှောက်အယှက်ဖြစ်ရသည်ဟု ထင်မြင်ပါသည်။ ။ သတင်း ဘာသာပြန်သူ )) 


#ဘင်္ဂလားဒေ့ရှ်စိတ်ဝေဒနာရှင်အားလူထုနည်းဖြင့်တရားစီရင် 


((( Dhaka Tribune., October 30th, 2020 , “Lalmonirhat mob lynching: Jewel was mentally unstable, locals say . By: Liakat Ali Badal, Rangpur.” ကို #HtayOung, #OungMarine ဆီလျော် အောင် ကောက်နှုတ်ဘာသာပြန်ဆိုသည်။ ))) 

https://www.dhakatribune.com/bangladesh/nation/2020/10/30/lalmonirhat-mob-lynching-meritorious-religious-jewel-was-a-dear-person-to-everyone 
https://www.dhakatribune.com/bangladesh/nation/2020/10/29/mob-beats-man-to-death-before-burning-his-body-in-lalmonirhat 
https://www.dhakatribune.com/bangladesh/nation/2020/10/30/probe-body-formed-to-investigate-lalmonirhat-mob-lynching

0

Leave a Reply

Your email address will not be published.