ဥရောပသည် ၂၀၁၅-ခုနှစ်ထက် ပိုမိုဆိုးရွားသော ဒုက္ခသည်အကြပ်အတည်း ချောက်ကမ်းပါး၌ ရောက်ရှိနေဟု ဂျာမန်ပြည်ထဲရေးဝန်ကြီး သတိပေး။ ဥရောပပြင်ပတံတိုင်းများကို ထိန်းချုပ်ကြရန် နှိုးဆော်

ဥရောပသည် ယခင်ကြုံဖူးသမျှထက် ပိုမိုဆိုးရွားသော ဒုက္ခသည်များနှင့် ရွှေ့ပြောင်းအခြေချသူများ အလုံးအရင်းလှိမ့်ဝင်လာခြင်းကို မကြာမီရင်ဆိုင်တွေ့ရတော့မည်ဖြစ်ကြောင်း ဂျာမန်ပြည်ထဲရေးဝန်ကြီး ဟော့ဆီးဟိုဖာက သတိပေးလိုက်ပြီး တူရကီနှင့် ဂရိတို့အား ကူညီကြရန်တောင်းဆိုလိုက်သည်ဟု Russia Today က ယမန်နေ့ရေးသားသည်။ 

  
မကြာသေးမီက ဂျာမန်ပြည်ထဲရေးဝန်ကြီး ဆီးဟိုဖာသည် အသစ်ခန့်အပ်ခြင်းခံရသူ ဥရောပကော်မရှင်ဥက္ကဋ္ဌနှင့်အတူ တူရကီ-ဂရိသို့ သွားရောက် လေ့လာဆွေးနွေးခဲ့သူဖြစ်သည်။ ကြံ့ကြံ့ခံ၍ ပြဿနာဖြေရှင်းနိုင်ခြင်းမရှိလျှင် နောက်ထပ်ဒုက္ခသည်အကြပ်အတည်း ကြုံတွေ့နိုင်ကြောင်း၊ ဘာတစ်ခုမှ ထပ်ဖြစ်မလာရအောင် ကျွနု်ပ်တို့ ကြာမြင့်စွာ သီးခြားပစ်ထားခဲ့ကြသည့် ဥရောပပြင်ပတံတိုင်းများဖြစ်သော တူရကီနှင့် ဂရိတို့အား ပိုမိုကူညီကြရမည်ဖြစ်ကြောင်း ဂျာမန်သတင်းစာ Bild am Sonntag နှင့်တွေ့ဆုံစဉ် ဆီးဟိုဖာက ပြောကြားသည်။ 

ဂျာမန်ပြည်ထဲရေးအနေဖြင့် ယခင်ကလည်း ကူညီမည်ဖြစ်ကြောင်း အလားတူကတိပေးခဲ့ဖူးပြီး ထိရောက်သည့် အကောင်အထည်ဖော်မှု မတွေ့ခဲ့ရချေ။ ဂရိတို့၏အမြင်တွင် ၎င်းတို့လိုအပ်သော အကူအညီကို ပြောပြထားသော်လည်း ဂျာမနီကစေလွှတ်သည့် လူဝင်မှုကြီး ကြပ်ရေးကိုယ်စားလှယ်ဆိုသူများမှာ ဒေသခံများအား ခိုလှုံ ခွင့်အဆိုပြုလွှာဖြည့်သွင်းနည်းနှင့် အချက်အလက်ကောက်ယူရေးသင်ကြားပေးရန်ကဲ့သို့ နယ်ခြားကာကွယ်ရေး အထောက်အကူပြုမျှသာရှိသည်ဟု ရှု့မြင်သည်။

  
တူရကီအနေဖြင့်မူ ၂၀၁၆ ခုနှစ်တွင် ဥရောပသမဂ္ဂက ၎င်းတို့အား ကူညီမည်ဟု ကတိပေးခဲ့ပဲမျိုး နောက်ထပ်ရတော့မည်မဟုတ်ဟု ခံစားနားလည်နေသည်။ ယခင်ကတိတွင် ဂရိကမ်းခြေသို့ ဘုတ်များဖြင့် ဆိုက်ရောက်လာသော ဒုက္ခသည်များအား တူရကီက ခေါ်ယူရန်၊ တူရကီတွင် ရှိနှင့်ပြီးသား ဒုက္ခသည်အချို့အား ဥရောပနိုင်ငံများက တိုက်ရိုက်လက်ခံရန်ဖြစ်သည်။ ထိုအတွက် ဥရောပသမဂ္ဂက ငွေကြေးထောက်ပံ့ရန်ဖြစ်သည်။

  
ထိုအတွက် ဒုက္ခသည်များလက်ခံထားရမည့် တူရကီအား အမေရိကန်ဒေါ်လာ ၆.၅ ဘီလျှံအကူအညီပေးရန် ဆုံးဖြတ်ခဲ့ရာ ၎င်းကိစ္စမျိုးတွင် ဂျာမနီတစ်နိုင်ငံတည်း သဘောနှင့်မဟုတ်ဟုဆိုသည်။

  
ဂရိနိုင်ငံသို့ ဆိုက်ရောက်လာမည့် ဒုက္ခသည်အရေအတွက်မှာ ပိုမိုလာလိမ့်မည်ဟု ဂျာမနီကမျှော်လင့်ထားသည်။ UNHCR ၏ သတင်းထုတ်ပြန်ချက်အရဆိုလျှင် လွန်ခဲ့သည့် ၉-လအတွင်း တူရကီဖက်မှ ဂရိသို့ ဖြတ်သန်းသွားကြသည့် ဒုက္ခသည်ဦးရေမှာ ၂၀၁၈-ခု တစ်နှစ်လုံးထက် ပိုမိုများပြားနေသည်။ ပြီးခဲ့သည့် စက်တင်ဘာလကုန်အထိ တူရကီမှ ဥရောပသို့ ဒုက္ခသည် ၄၆,၀၀၀ ကျော် ဝင်ရောက်ခဲ့သဖြင့် ယခင်နှစ်ထက် ၂၃ ရာနှုန်းပိုများသည်။

  
လွန်ခဲ့သည့် စက်တင်ဘာလ၌မူ တူရကီက ၎င်းနယ်ခြားနှင့် ထိစပ်နေပြီး ကာ့ဒ်သူပုန် YPG စစ်သွေးကြွများစိုးမိုးထားသည့် ဆီးရီးယားပိုင်နက်အတွင်း မိုင် ၂၀ ခန့်ရှည်လျှားသော “ Safe Zone “ တည်ဆောက်ရေးမည်။ ဥရောပက မကူညီလျှင် ၎င်းနိုင်ငံရောက် ဒုက္ခသည်များကို ဂိတ်တံခါးဖွင့်ပြီး လွှတ်လိုက်မည်ဖြစ်ကြောင်း ခြိမ်းခြောက်ထားသည်။ 

  
၂၀၁၁-ခုနှစ် ဆီးရီးယားပဋိပက္ခစတင်ကတည်းက ဒုက္ခသည် ၃.၆ သန်းကို တူရကီက လက်ခံကျွေးမွေးထားရာ တူရကီအနေဖြင့် အမေရိကန်ဒေါ်လာ ၄၀ ဘီလျှံ အိတ်စိုက်ခဲ့ပြီးဖြစ်ကြောင်း၊ ဥရောပသမဂ္ဂက လုံလုံလောက်လောက် မထောက်ပံ့လျှင် ၎င်းနိုင်ငံရှိ ဒုက္ခသည်စခန်းများကို ဂိတ်တံခါးဖွင့်ကာ သွားချင်ရာ သွားကြဟု လွှတ်လိုက်ယုံသာရှိကြောင်း သမ္မတအာဒိုဂန်က ဥရောပသမဂ္ဂအား အတုံးလိုက် အတစ်လိုက် ပြစ်တင်ကြိမ်းမောင်းရင်း ခြိမ်းခြောက်ခဲ့သည်။ 

((၂၀၁၉-ခုနှစ်တွင် ဥရောပသို့ ဝင်ရောက်လာသူဒုက္ခသည် ၂၅,၀၀၀ အထိရောက်ရှိမည်ဟု ခန့်မှန်းထားရာ ၂၀၁၅ – ခုနှစ် ဥရောပသို့ လှိမ့်ဝင်လာခဲ့ဖူးသော ဒုက္ခသည် ၁-သန်းနှင့် ယှဉ်လျှင် အပုံကြီး နည်းပါသေးသည်။ ဥရောပနိုင်ငံများ၏ ဒုက္ခမှာ ကိုယ့်ရှူး ကိုယ့်ပတ်ဆိုသလိုဖြစ်နေသည်ဟု ကျွန်တော်ယူဆပါသည်။ 


အရှေ့အလည်ပိုင်းတွင် ဥရောပပုံစံ ဒီမိုကရေစီထွန်းကားရေးကို အမေရိကန်ဦးဆောင်လျှက် “ အာရပ်နွေဦး “ သင်္ဘောကြီးဖြင့် ပို့ကုန်အဖြစ် သွတ်သွင်းမိရာ လစ်ဗျား၊ အီရတ်၊ ဆီးရီးယားစသည့်နိုင်ငံတို့လည်း ပြိုကွဲ၍ ယနေ့တိုင် မငြိမ်းနိုင်သော ပြည်တွင်းစစ်မီးကြီး တောက်လောင်လျှက်ရှိသည်။ ဆက်နွယ်လျှက် ဒေသတွင်း အာရပ်နိုင်ငံများ မတည်မငြိမ်ဖြစ်ကာ အယ်လ်ကိုင်ဒါထက် အပုံကြီးဆိုးသည့် အိုင်အက်စ် ( IS,ယခင် ISIS ) တို့ ဖွားတော်မူချေသည်။ 


အရှေ့အလယ်ပိုင်းမှ စစ်ပြေးဒုက္ခသည်များ ဥဒဟို ခြေဦးတည့်ရာ ပြေးကြသဖြင့် ၂၀၁၅- ခုနှစ်တွင် ဥရောပသို့ ဒုက္ခသည် ၁ သန်းရောက်ရှိသွားသည်။ ဒုက္ခသည်များနှင့် ရောနှောပါလာသူ အစွန်းရောက်အကြမ်းဖက်များနှင့် အိုင်စစ်၏ အယူအဆကိုမှ တန်းတန်းစွဲသူ လက်သစ်အိုင်စစ်တို့ကလည်း ဥရောပအနှံံအပြား ဗုံးထောင်၊ ဗုံးခွဲ၊ သေနတ်နှင့်ပစ်ကြ- နောက်ဆုံးမရလျှင် နီးရာလူကို ဒါးနှင့် ထိုးကြလေတော့သည်။ 


ထိုသို့ အကြမ်းဖက်ခြင်းကြောင့် အပြစ်မဲ့ ပြည်သူအစုအပုံလိုက် သေဆုံးနေကြသည့်နိုင်ငံများကိုကြည့်လျှင် ဗြိတိန်၊ ဘယ်လ်ဂျီယန်၊ ပြင်သစ်၊ ဂျာမနီစသည့် တစ်ချိန်က လူကိုလူချင်း ကိုလိုနီပြုဖူးသည့် ငပွကြီးတို့နေထိုင်ရာ၌ အများဆုံးတွေ့ရပါမည်။ ကျန်ဥရောပနိုင်ငံများတွင်လည်း ယဉ်ကျေးမှု-ဓလေ့ထုံးတမ်းများခြားနားခြင်းကြောင့် ရာဇဝတ်မှုခင်းများ ဖောဖောသီသီဖြစ်လာသည်။ 


ထိုအချက်မှန်-မမှန်ကို အစဉ်လေးစားအပ်သောမိတ်ဆွေများလည်း ချင့်ချိန်ဆုံးဖြတ်နိုင်ပါသည်။ သို့မှသာ တစ်နေရာတွင် စားရလျှင် တစ်နေရာတွင် လျှော်တတ်သော အနောက်လူကြီးမင်းတို့အား ထောက်ပြနိုင်မည်ဖြစ်သည်။

  
သို့သော်လည်း သိပ်တော့မလွယ်လှချေ။ အနောက်နိုင်ငံများမှာ ဥပဒေ-အုပ်ချုပ်-စီမံခန့်ခွဲမှုတို့တွင် ကမ္ဘာအရပ်ရပ်မှ တပည့်ခံသူများကိုပင် ပို့ချပေးနိုင်သော ဝါရင့် သဘာရင့် ဒိသာပါမောက္ခကြီးများဖြစ်လေသည်။ 

  
၂၀၁၅-ခုနှစ်နောက်ပိုင်း အမေရိကန်နှင့် ဥရောပတို့က ၎င်းတို့၏ လူဝင်မှု့ကြီးကြပ်ရေးပေါ်လစီများပြောင်းလဲပစ်ခဲ့ပြီး၊ ဥပဒေအချို့ကို ပြင်ဆင်ရေးဆွဲသည်။ ယခုလည်း ဥရောပအပြင်တံတိုင်းကြီးများကို ထောက်ပံ့မည်ဖြစ်ပြီး၊ တူရကီက ရူးသလိုလို ပေါသလိုလိုနှင့် ဆီးရီးယားပိုင်နက်ထဲ “ Safe Zone “ တည်ဆောက်နေလေသည်။ 


ထိုအတွက် အရှေ့အလယ်ပိုင်းနိုင်ငံသားတို့အား “ စား” တော့မည်ဖြစ်ရာ၊ ကမ္ဘာ၏အခြားနေရာတွင် အရှေ့ အလယ်ပိုင်းစိတ်ကြိုက် ဖန်တီးပေးခြင်းဖြင့် သေချာပေါက် “ လျှော်” တော့မည်ဖြစ်သည်။ ။သတင်းဘာသာပြန်သူ ))  

((( Russia Today., 6 Oct, 2019,” Europe on brink of new refugee crisis ‘EVEN GREATER’ than 2015 – German Interior Minister.” ကို #HtayOung, #OungMarine ဆီလျှော်အောင် ကောက်နှုတ် ဘာသာပြန်ဆိုသည်။ )))

https://www.rt.com/news/470330-europe-new-refugee-crisis-seehofer/ https://ec.europa.eu/neighbourhood-enlargement/news_corner/migration_en

0

Leave a Reply

Your email address will not be published.