ကုလသမဂ္ဂတွင် တရားဝင်နေဆဲ ဆီးရီးယားအစိုးရသည် နယ်မြေ ၆၅ ရာနှုန်းကျော် ထိန်းချုပ်နိုင်ပြီး ဆက် တိုက်စစ်ရေးအသာရလာသည်နှင့် နိုင်ငံ့အနောက်မြောက်ပိုင်း သူပုန်တို့နောက်ဆုံး ခြေကုတ်ယူရာ အိုင်ဒဲလ်ဗ် ခရိုင်ကို ရုရှားစစ်လေယာဉ်များ အကူအညီရယူလျှက် အပြင်းအထန်ထိုးစစ်ဆင်ခဲ့သည်။
အိုင်ဒဲလ်ဗ်တွင် ဆီးရီးယားသူပုန်မဟာမိတ် တူရကီတပ်ဖွဲ့ဝင် ထောင်ပေါင်းများစွာမှာ စစ်ဦးတွင် ရောက်ရှိကာ အာဆတ်အစိုးရတပ်များ၏ ဖြတ်တောက်ပိတ်ဆို့ ထိုးနှက်ခြင်းကို အလူးအလဲခံနေရသည်။ အဆိုပါ ဆီးရီးယား အနောက်မြောက်ပိုင်း ဝေဟင်ကို ရုရှားက လေကြောင်းအကာအကွယ်ပေးထားသည်။
ယခုရက်သတ္တပတ် ဆီးရီးယားလေကြောင်းထိုးစစ်၌ ရုရှားဂျက်တိုက်လေယာဉ်တို့ အများဆုံးပါဝင်ခဲ့ေကြောင်း တူရကီတောင်ပိုင်း ဟာတေခရိုင် အုပ်ချုပ်ရေးမှူးက ပြောဆိုသည်
တူရကီသည် ခွာပြဲနေသည့် အမေရိကန်ထံမှ ပက်ထရီယော့မစ်ဆိုင်းလ်များ ပေးပို့ရန် တောင်းခံနေရပြီး နေတိုး အဖွဲ့ဝင်နိုင်ငံတို့ကလည်း ဆီးရီးယားအနောက်မြောက်ပိုင်းတွင် “ လေယာဉ်မပျံသန်းဇုံ “ သတ်မှတ်ခြင်းဖြင့် အိုင်ဒဲလ်ဗ်ဒေသခံ ၃-သန်းတို့အား အကာအကွယ်ပေးရန် တူရကီက တောင်းဆိုသည်။
သို့သော် အမေရိကန်ရော နေတိုးပါ ဆီးရီးယားအနောက်မြောက်ပိုင်း စစ်ရေးစွက်မှုမှန်သမျှသည် ရုရှားနှင့် ထိပ်တိုက်တိုးနိုင်သည့်အတွက် ဝေးဝေးက ရှောင်လျှက်ရှိသည်။ ရုရှားသည် ဆီးရီးယားအလယ်ပိုင်းနှင့် အနောက်မြောက်ပိုင်းတွင် စစ်အခြေစိုက်စခန်း ၆-ခုရှိနေပြီး အင်အား ၆,၀၀၀ ခန့်ရှိမည်ဟု ခန့်မှန်းရသည်။
လွန်ခဲ့သည့်ရက်များ၌ အစိုးရနှင့် သူပုန်နှစ်ဖက်စလုံးက စစ်ရှိန်မြှင့်တင်လျှက်ရှိရာတွင် သူပုန်ထောက်ပံ့ တူရကီ နှင့် ဆီးရီးယားအနောက်မြောက်ပိုင်းဝေဟင်အား စစ်ရေးထိန်းချုပ်ထားသည့် ရုရှားတို့ ထိပ်တိုက်တွေ့လာရ သည်။ ဆီးရီးယားအစိုးရတပ်များ ပိတ်ဆို့ဝိုင်းရံလျှက်ရှိသော တူရကီတို့တပ်စွဲထားသည့် လက်ရှိနေရာရောက် ရုရှားတပ်များက အပစ်အခတ်ရပ်စဲပြီး ဆုတ်ခွာသွားရန် အာဒိုဂန်ကတောင်းဆိုသည်။
လွန်ခဲ့သည့်ရက်တွင် ဆီးရီးယားလေတပ်က ထိုးနှက်တိုက်ခိုက်ခြင်းကြောင့် တပ်ဖွဲ့ဝင် ၃၀ ကျော်သေဆုံး ၃၀ ကျော်ဒါဏ်ရာရရှိကြောင်း တွေ့ရသည်။ ယမန်နေ့တွင် တူရကီက ၎င်းနိုင်ငံတွင် လက်ခံကျွေးမွေးထားရသည့် ဆီးရီးယားဒုက္ခသည်များကို ထိန်းမရတော့ဟုဆိုကာ ဒုက္ခသည်များကို ပင်လယ်နက်ဆိပ်ကမ်းမြို့တော် အစ္စတန်ဘူမှ ဥရောပနယ်စပ်သို့ ဘတ်စ်ကားများနှင့် တင်လွှတ်နေသည်။

တူရကီသည် ဆီးရီးယားစစ်ဘေးဒုက္ခသည် ၃-သန်းကို လက်ခံထားရသည်။ ထိုအတွက် စောင့်ရှောက် ကျွေး မွေးစရိတ် ဘီလျံချီကုန်ကျနေပြီး ဥရောပသမဂ္ဂက စိုက်ထုတ်မပေးလျှင် ဥရောပသို့ တာစူနေသည့် ဒုက္ခသည် များအား ဂိတ်တံခါးဖွင့် လွှတ်လိုက်မည်ဟု ခြိမ်းခြောက်ခဲ့ဖူးသည်။ ထို့ကြောင့် ဂျာမနီဦးဆောင်ဥရောပနိုင်ငံများ က တူရကီအား ယူရို ၆-ဘီလျှံပေးရန်ကတိပြုထားသည်မှ ၂၀၁၉-ခုနှစ်တွင် ယူရို ၅.၆ ဘီလျှံပေးခဲ့ပြီးဖြစ်သည်။
လွန်ခဲ့သည့်နှစ် ဆီးရီးယားအရှေ့မြောက်ပိုင်း နယ်စပ်တစ်လျှောက် ” Safe Zone ” တည်ဆောက်ရန်ဟုဆိုကာ ဆီးရီးယားနယ်မြေအတွင်း တူရကီဦးဆောင် ဆီးရီးယားအတိုက်အခံတို့က စစ်အင်အားဖြင့် ကျူးကျော်ဝင် ရောက်ခဲ့သည်။ ၎င်းကို ပြင်သစ်- ဂျာမနီအပါအဝင် ဥရောပနိုင်ငံတို့က အပြင်းအထန်ကန့်ကွက်ခဲ့သည်။ ဥရောပက ၎င်းစစ်ဆင်ရေးကို ကျူးကျော်စစ်အဖြစ် ပြောဆိုရှုတ်ချလျှင် ဒုက္ခသည်များအား ဂိတ်တံခါးဖွင့် လွှတ်လိုက်မည်ဟု ထပ်မံခြိမ်းခြောက်ခြင်းဖြင့် ဥရောပသမဂ္ဂအား နှုတ်ဆိတ်သွားစေခဲ့သည်။
ယခုလည်း ဆီးရီးယား ဒုက္ခသည်များကို ထိန်းမရတော့ကြောင်း ဒုက္ခသည် ၃-သန်းမှာ ဥရောပသို့ ရေလမ်း-ကုန်းလမ်းဖြင့် ရက်ပိုင်း ဝင်ရောက်သွားနိုင်မည်ဟု တူရကီက ပြောဆိုလာသည်ကို တွေ့ရှိရသည်။
လွန်ခဲ့သည့်နှစ် ဆီးရီးယားအနောက်မြောက်ပိုင်းမှ အမေရိကန်တပ်များ ရုတ်သိမ်းသွားခဲ့သည်။ သို့သော် ၎င်းနယ်မြေမှ ရေနံတွင်းများအား အစ္စလာမ်မစ်နိုင်ငံတော် ထူထောင်သူ အိုင်အက်စ် ( IS, ယခင် ISIS ) တို့လက်သို့ ကျရောက်သွားဖွယ်ရှိခြင်းမှ ကာကွယ်ရန်ဟု ဆိုလျှက် ရက်ပိုင်းအတွင်းပြန်ဝင်လာသည်။ ဆီးရီးယားအရှေ့မြောက်နှင့် တောင်ပိုင်းတွင် အမေရိကန်အထူးတပ်ဖွဲ့ဝင် ၅၀၀ ခန့်ရှိနေသည်။
အစဉ်လေးစားစွာဖြင့်
#Htayoung, #OungMarine
((( BBC., 29 Feb. 2020., “ Syria war: Turkey lets refugees exit towards Europe” ကို #HtayOung, #OungMarine ဆီလျော်အောင် ကောက်နှုတ်ဘာသာပြန်ဆိုသည်။ ဖြည့်စွက်ဆက်စပ်အကြောင်းအရာများကို ရယူသည့် သတင်းများမှာ ပေးထားပါ Links များအတိုင်းဖြစ်သည်။ )))
#ဆီးရီးယားစစ်ဘေးဒုက္ခသည်များကိုဥရောပနယ်စပ်သို့တူရကီဖွင့်လွှတ် #ရုရှား-တူရကီ-ဆီးရီးယား
https://ec.europa.eu/commission/presscorner/detail/en/IP_19_4389