(ဧပြီ-၁၉၊ ၂၀၂၁) တည်ဆောက်ဆဲ တရုတ်အကူအညီ စစ်တကောင်း ကျောက်မီးသွေးစွမ်းအင်စက်ရုံ ဆန္ဒပြပွဲ လုံခြုံရေးတပ်ဖွဲ့များ ပစ်ခတ်၍ အနည်းဆုံး ၅-ဦးသေဆုံး ၂၀-ကျော် ဒဏ်ရာရရှိ။ အတိုက်အခံပါတီက မြှောက်ပင့်ပေးဟု စွပ်စွဲ၊ စက်ရုံအတွက် မြေသိမ်းရာမှ ရုန့်ရင်းဆန်ခတ်ဖြစ်ပွားခဲ့ပြီး ၄-ဦး သေဆုံးခဲ့ဖူး



…    
ဒေသခံများအဆိုအရ လွန်ခဲ့သည့် ရက်အနည်းငယ်အတွင်း လျှပ်စစ်ဓာတ်အားပေးစက်ရုံအုပ်ချုပ်ရေးနှင့် အလုပ်သမားများအကြား ပြဿနာအမျိုးမျိုးဖြင့် တင်းမာမှုများ ကြီးထွားလာခဲ့ကြောင်း၊ စနေနေ့မွန်းလွဲပိုင်းတွင် အခြေအနေပိုမိုဆိုးရွားလာခဲ့ပြီး ရဲတပ်ဖွဲ့ဝင်များနှင့် အလုပ်သမားများအကြား ရုန့်ရင်းဆန်ခတ် ဖြစ်ပွားခဲ့ရသည်ဟု သိရှိရသည်။

…  
စနေနေ့၌ ရုပ်အလောင်း ၄-လောင်းကို ဆေးရုံသို့ သယ်ယူလာကြကြောင်း၊ ဒဏ်ရာပြင်းထန်သူ ၁၂-ဦးကို စစ်တကောင်း ဆေးဘက်ပညာကောလိပ်ဆေးရုံသို့ လွှဲပြောင်းပေးခဲ့ရာ ၁-ဦး ထပ်မံသေဆုံးသဖြင့် သေဆုံးသူ ၅-ဦးဖြစ်သွားရကြောင်း မြို့နယ် ကျန်းမာရေးဆေးရုံအရာရှိက ပြောဆိုသည်။

…    
အခင်းဖြစ်ရပ်နှင့်ပတ်သက်၍ စစ်တကောင်း တွဲဘက်ခရိုင်တရားသူကြီး ဦးဆောင်သည့် အဖွဲ့ဝင် ၄-ဦးပါ စုံစမ်းစစ်ဆေးရေး ကော်မတီတစ်ရပ်ကို ဖွဲ့စည်းခဲ့ကြောင်း၊ ရုံးဖွင့်ရက် ၇-ရက်အတွင်း အစီရင်ခံ တင်ပြရမည်ဟု ဘန်ရှ်ခါလီမြို့နယ်အုပ်ချုပ်ရေးအရာရှိက ရှင်းပြသည်။

…   
ပဋိပက္ခဖြစ်ပွားပြီးနောက် အလုပ်သမားကိုယ်စားလှယ်များ၊ ရဲတပ်ဖွဲ့၊ ခရိုင်အုပ်ချုပ်ရေးအဖွဲ့နှင့် ဓာတ်အားပေး စက်ရုံစီမံအုပ်ချုပ်မှုဆိုင်ရာပုဂ္ဂိုလ်များပါဝင်သည့် အစည်းအဝေးတစ်ရပ်ကို မွန်းလွဲပိုင်း၌ ကျင်းပခဲ့သည်။ အလုပ်သမားများ တောင်းဆိုသည့်အတိုင်း အပြည့်အ၀ လိုက်လျောမည်ဟု စက်ရုံအာဏာပိုင်များက အာမခံခဲ့သည်ဆို၏။ စက်ရုံတည်ဆောက်ရေး အက်စ်အလမ်ဂရုအနေဖြင့် သေဆုံးအလုပ်သမားများအတွက် လျော်ကြေးအဖြစ် ၁-ဦးလျှင် ကာတာငွေ ၃-သိန်း (ကန်ဒေါ်လာ ၃,၅၀၀ ကျော်ခန့်)  ပေးအပ်မည်ဖြစ်ပြီး ဒဏ်ရာရရှိသူ မိသားစုများအတွက် ကာတာငွေ ၅-သောင်း (ကန်ဒေါ်လာ ၅၉၀-ခန့်) အသီးသီး ပေးအပ်မည့်အပြင် ဆေးဝါးကုသမှုအတွက် ကုန်ကျ စရိတ်များကိုလည်း ပေးအပ်မည်ဖြစ်ကြောင်း သတင်းရရှိသည်။

…    
လွန်ခဲ့သည့် ၅-နှစ်က စက်ရုံတည်ဆောက်ရေးအတွက် အက်စ်အလမ်ဂရုက အနောက်ဘိုရိုဂိုနာရှိ မြေယာများသိမ်းယူခြင်းအပေါ် ဒေသခံများက ကန့်ကွက်ရာမှ ရုန့်ရင်းဆန်ခတ်ဖြစ်ပွားပြီး လူ ၄-ဦး သေဆုံးခဲ့ရသည်။

…    
ကျောက်မီးသွေးသုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံတည်ဆောက်ရေးအတွက် မြေနေရာများခွဲဝေချထားမှုကို ဆန့်ကျင်ဆန္ဒပြမှုကြရာတွင် ဒေသတွင်းမှ အတိုက်အခံ BNP ခေါင်းဆောင်က အားပေးအားမြှောက်ပြုခဲ့ကြောင်း စွပ်စွဲချက်အချို့ ထွက်ပေါ်ခဲ့သည်။ အဆိုပါစက်ရုံတည်ဆောက်ရေးတွင် တရုတ်ကုမ္ပဏီတစ်ခုက လျှပ်စစ်ဓါတ်အား ဖြန့်ဖြူးသူအဖြစ် ကန်ထရိုက် ရရှိထားပြီး ဓါတ်အားပေးစက်ရုံအတွင်း ပဋိပက္ခဖြစ်ပွားစဉ် ဒေသတွင်းနေသူ များနှင့် စက်ရုံအလုပ်သမားများ ပူးပေါင်းခဲ့ကြောင်း၊ ရုန့်ရင်းဆန်ခတ်ဖြစ်ပွားခြင်းကြောင့် ရဲတပ်ဖွဲ့ဝင် ၆-ဦးလည်း ဒဏ်ရာရရှိခဲ့ကြောင်း ဘန်ရှ်ခါလီရဲတပ်ဖွဲ့နှင့် ဒေသန္တရအုပ်ချုပ်ရေးအဖွ့ဲ့ဝင်များ အတည်ပြုသည်။

…  
အလုပ်သမားများသည် ရက်ပေါင်းများစွာ တောင်းဆိုမှုများပြုလုပ်နေခြင်းဖြစ်ပြီး ၎င်းတို့၏ တောင်းဆိုချက်များကို အုပ်ချုပ်ရေးအဆင့်မြင့်အဖွဲ့ဝင်များထံ တင်ပြလိုသည်ဟု ပြောဆိုကြောင်း၊ ဘန်ရှ်ခါလီကျောက်မီးသွေးသုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံမှာ တည်ဆောက်ဆဲကာလဖြစ်ပြီး ယခုအခါ ရဲတပ်ဖွဲ့နှင့် အုပ်ချုပ်ရေးဆိုင်ရာ အဆင့်မြင့်အရာရှိကြီးများမှာ အခင်းဖြစ်ပွားရာနေရာတွင် ရောက်ရှိနေကြောင်း ယူနီယံအုပ်ချုပ်ရေးမှူးက ပြောဆိုသည်။

(( ယခုသတင်းနှင့် ဆက်စပ်၍ ဘင်္ဂလားဒေ့ရှ်လုံခြုံရေးတပ်ဖွဲ့သည် စက်သေနတ်ကြီးများ အသုံးပြုဖြိုခွင်းကြောင်း ဓါတ်ပုံများကို လူမှုကွန်ယက်၌ တွေ့ရှိရပါသည်။ သို့သော် အချို့မှာ ဖွဘုတ်ထုံးစံ ဖြတ်ညှပ်ကပ်များဖြစ်၍ အတည် မပြုနိုင်ပါ။

…   
၂၀၁၀-ခုနှစ်နှောင်းပိုင်း အရှေ့အလယ်ပိုင်းဒေသ၏ #အာရပ်နွေဦးသည် လစ်ဗျားနိုင်ငံကို ပြိုကွဲစေခဲ့ပြီး ဆီးရီးယားနိုင်ငံကို ပြည်တွင်းစစ်အတွင်း တွန်းပို့ခဲ့သည်။ အီရတ်နိုင်ငံတွင်လည်း ကာကွယ်ရေးနှင့် အုပ်ချုပ်ရေးယန္တယား ပျက်ပြားကာ အိုင်အက်စ် (IS, ယခင် ISIS ) ကဲ့သို့ အစွန်းရောက်အကြမ်းဖက်များ မင်းမူလျှက် သွေးချောင်းစီး လူသတ်ပွဲများ တခြိမ်းခြိမ်း ကြုံတွေ့နေဆဲဖြစ်သည်။

…  
ပူပြင်းခြောက်သွေ့ပြီး သဲကန္တာဆန်သည့် အရှေ့အလယ်ပိုင်းတွင် နွေဦးရာသီ မရှိပါ။ မီဒီယာစီးဆင်းမှုကို ချုပ်ကိုင်ထားသည့် အနောက်ကမ္ဘာ သတင်းအေဂျင်စီများက ဆိုးရွားပြင်းထန်မှုအပြီး ခြေခင်းလက်ခင်း သာယာရေးကာလ #နွေဦး အဖြစ် ကင်ပွန်းတပ်ရာမှ အမည်တွင်သွားခြင်းဖြစ်သည်။

…  
အရှေ့အလယ်ပိုင်းနေသူ ရာနှုန်းပြည့်နီးပါးမှာ အနောက်နိုင်ငံသား လူဖြူများအပေါ် ခါးခါးသီး မုန်းတီးကြသည်။ ထိုသို့ဖြစ်ရခြင်းမှာ #ကိုးကွယ်ရာဘာသာရေးကြောင့်_လုံးဝမဟုတ်ပါ။ ၎င်းတို့အပေါ် နှစ်ရှည်လများ ဂုတ်သွေးစုတ်ဖိနှိပ်ခဲ့ပြီး စစ်ပွဲများ-သွေးထိုးမြှောက်ပင့်ပေးမှုဖြင့် ဒေသကြီးတစ်ခုလုံးအား အပိုင်းပိုင်းအစိတ်စိတ် ခွဲခြမ်းပစ်ခဲ့၍ ဖြစ်သည်။ အဆိုပါ မုန်းတီးမှုသည် အာရပ်လူငယ်ပိုင်းထက် လူကြီးပိုင်းတွင် ပို၍ ပြင်းထန်ပြီး ၎င်းလူကြီးတို့မှာလည်း အုပ်ချုပ်ရေးပိုင်းကို နှစ်ရှည်လများ ချုပ်ကိုင်ထားကြသည်။

…  
ဤတွင် #အာဏာရှင်ဖယ်ရှားရေး_ဒီမိုကရေစီတည်ဆောက်ရေး_အာရပ်နွေဦးအဖြစ် လူငယ်ပညာတတ်အလွှာပိုင်းကို CIA က လမ်းကြောင်းလွှဲပေးခဲ့သည်ဟု ဆိုပါသည်။ မီဒီယာများ၊ NGO များနှင့် လူတန်းစားအလွှာ ပေါင်းစုံပါဝင်လာရအောင် နှစ်ရှည်လများ စီမံကိန်းချမှတ်ခဲ့ကြောင်း အထောက်အထားများစွာ ထွက်ပေါ်သည်။

ကျွန်တော်၏ အသက်မွေးအလုပ်အရ အရှေ့အလယ်ပိုင်းအပြင် ထိုင်ဝမ်၊ ဟောင်ကောင်နှင့် တရုတ်ပြည်မကြီးတစ်ခွင်သို့ ဆယ်စုနှစ်များစွာ ရောက်ရှိခဲ့ပါသည်။ အမြောက်မပစ်ဖောက် ကောဇောနီအခင်း မခံရသော ကျွန်တော်သည် ပြည်မကြီး၏ အရှေ့ဘက်ကမ်းရိုးတန်းတစ်လျှောက် မြို့ကြီးများ၏ စည်ကားဖွံ့ဖြိုးမှုမှာ ထိုင်ဝမ်-ဟောင်ကောင်သာမက ဥရောပနိုင်ငံများကို ကောင်းစွာ ပုခုံးချင်း ယှဉ်နိုင်ကြောင်း အတိုင်းသား တွေ့မြင်ရသည်။ ၎င်းတို့ ရင်တွင်းစကားများကိုလည်း ကြားသိခဲ့ရသည်။

သို့သော် ထိုင်ဝမ်နှင့် ဟောင်ကောင်နေအများစုတို့မှာ ပြည်မကြီးသည် ၎င်းတို့အား လွှမ်းမိုးအုပ်ချုပ်၍ ကွန်မြူနစ်ပုံစံ ဖိနှိပ်လိမ့်မည်၊ တစ်ပဲ တစ်ပြားမှအစ ခွာယူလိမ့်မည်ဟု တထစ်ချ ယုံကြည်ကြသည်။

၎င်းတို့၏ ပြည်တွင်းရေးကိစ္စတွင် မှားခြင်း- မှန်ခြင်းကို ကျွန်တော် ဆုံးဖြတ်နိုင်ခြင်း မရှိပါ။ ဖြစ်သင့်သည် မဖြစ်သင့်သည်ကိုလည်း မဝေဖန်နိုင်ခြင်း မရှိပါ။

…   
သို့သော် တောင်တရုတ်ပင်လယ်တွင် တရုတ်နှင့် အနောက်အုပ်စုတို့အကြား စစ်ရေးတင်းမာမှု မြင့်သည်ထက် မြင့်တက်လာချိန်တွင် အာရှတစ်ခွင်၌ #တရုတ်ဆန့်ကျင်ရေး ကျယ်ပြန့်လာသည်ကိုမူ တွေ့ရှိနေရပါသည်။   ။သတင်းဘာသာပြန်သူ))

(((bdnews24., 17 Apr 2021,” Five die in clash between police and power plant workers in Banshkhali.” ကို #HtayOung, #OungMarine ဆီလျော်အောင် ကောက်နှုတ်ဘာသာပြန်ဆိုသည်။)))

#ဘင်္ဂလားဒေ့ရှ်_တရုတ်တည်ဆောက်ဆဲစက်ရုံ_ဆန္ဒပြအဓိကရုန်း_၅-ဦးသေဆုံး

https://bdnews24.com/bangladesh/2021/04/17/five-die-in-clash-between-police-and-power-plant-workers-in-banshkhali
https://economictimes.indiatimes.com/news/international/world-news/us-intelligence-agencies-misjudged-arab-spring-impact-on-al-qaeda/articleshow/47141398.cms?from=mdr 

0

Leave a Reply

Your email address will not be published.