ကော့ခ်ဘဇားဒုက္ခသည်စခန်းတွင် ကိုရိုနာဗိုင်းရပ်စ်ပိုးကူးစက်လျှက်ရှိကြောင်း ပထမဆုံးအကြိမ်တွေ့ရှိ။ စခန်းများအတွင်း ဒုက္ခသည်ဦးရေထူထပ်ပြွတ်သိပ်လျှက်ရှိခြင်းက ကူးစက်ရောဂါပျံ့နှံ့မည်ကို စိုးရိမ်ရ၊ ရောဂါပိုးစစ်ဆေးပြီးစီးသူ ဒုက္ခသည် ၁၅၀ ခန့်ရှိ

ဒုက္ခသည်ဘင်္ဂါလီ ( မူရင်းရိုဟင်ဂျာဟုဖော်ပြ ) များနှင့် အပြည့်အသိပ်ဖြစ်နေသော ကော့ခ်ဘဇားစခန်းများတွင် ကိုရိုနာဗိုင်းရပ်စ်ပိုးကူးစက်မှု ပထမဆုံးအကြိမ်တွေ့ရှိကြောင်း သက်ဆိုင်ရာအာဏာပိုင်များက တရားဝင်အတည်ပြုသည်ဟု ဘင်္ဂလားအခြေစိုက် bdnews24 က ယမန်နေ့ရေးသားသည်။ 

ကမ္ဘာ့အကြီးဆုံးဒုက္ခသည်စခန်းတစ်ခုဖြစ်သော ကူတူပါလောင်တွင် ကြာသပတေးနေ့ စစ်ဆေးမှုပြုလုပ်ရာ၌ လူ ၂-ဦးတွင် ကိုရိုနာဗိုင်းရပ်စ်ပိုးကူးစက်လျှက်ရှိသည်ကို ပထမဆုံးအကြိမ်အဖြစ်တွေ့ရှိရကြောင်း၊ အပြည်ပြည်ဆိုင်ရာရွှေပြောင်းနေထိုင်ရေးဆိုင်ရာအဖွဲ့ IOM နှင့် နယ်စည်းမခြားဆရာဝန်များအဖွဲ့ MSF တို့က ဗိုင်းရပ်စ်ပိုးကူးစက်ခံရသူများကို သီးခြားခွဲထုတ်ထားပြီး၊ ၎င်းတို့၏ မိသားစုများကိုလည်း သီးခြားထားရှိမည်ဖြစ်ကြောင်း၊ 

ယခု ကူးစက်ခံရသူမှာ အသက် ၃၅-နှစ်ခန့်အရွယ်ရှိ အမျိုးသားဖြစ်ကြောင်း၊ အရေအတွက် ၁-သန်းခန့်ရှိသည့် ကျန်ဒုက္ခသည်အားလုံးမှာ ကူးစက်ရောဂါနှင့် ပတ်သက်၍ ထူးခြားမှုမတွေ့ရကြောင်း၊ ထိုအတွက် အထူးအထွေပြောရန် မရှိသော်လည်း၊ စခန်းများအတွင်း ဒုက္ခသည်ဦးရေ ထူထပ်ပြွတ်သိပ်လျှက်နေထိုင်ကြသည့်ပုံစံက ကူးစက်ရောဂါပျံ့နှံ့မည်ကို စိုးရိမ်ရကြောင်း၊ အရေအတွက် ၁၀၀ ထက်နည်းသည့် ဒုက္ခသည်ဘင်္ဂါလီများကို စခန်းအပြင်ဖက်တွင် အဖွဲ့လိုက်ရောဂါခြေချုပ်ချထားသည်ဟု သိရှိရကြောင်း၊ ဒုက္ခသည်များကယ်ဆယ်ရေးနှင့် အကူအညီပေးရေးဆိုင်ရာ ကော်မရှင်နာမင်းကြီး မာဘတ်အလမ်တာလုခ်ဒါက ပြောဆိုသည်။ 

ဘင်္ဂလားဒက်ရှ်သည် မြန်မာနိုင်ငံမှ ဒုက္ခသည် ၁-သန်းကျော်တို့အား နေရာထိုင်ခင်းပေးထားခဲ့ရာ အများစုမှာ ကော့ခ်ဘဇားတွင် ခိုလှုံလျှက်ရှိကြသည်။ 

လွန်ခဲ့သည့် မတ် ၁၁-ရက်နေ့ ဘင်္ဂလားဒက်ရှ်တွင် ပထမဆုံးအကြိမ်ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုတွေ့ရှိရပြီးနောက် ဒုက္ခသည်စခန်းများအပါအဝင် ကော့ခ်ဘဇားခရိုင်တစ်ခုလုံးကိုပါ Lockdown တားဆီးပိတ်ဆို့ထားခဲ့ခြင်းဖြစ်ကြောင်း၊ ဒုက္ခသည်များအကြား ကူးစက်ရောဂါဘေးအန္တရာယ်ကင်းရှင်းစေရန် တင်းကြပ်ထားခဲ့ရာ ယခုဒုက္ခသည် ၂-ဦးမှာ မည်သို့မည်ပုံ ရောဂါကူးစက်ခံရသည်ကို ပြောပြရန် ခက်ခဲလျှက်ရှိသည်ဆို၏။ 

အူခီယာမြို့နယ် အုပ်ချုပ်ရေးမှူးက ပြောဆိုရာတွင်မူ ဗိုင်းရပ်စ်ရောဂါကူးစက်လျှက်ရှိကြောင်း ယခုတွေ့ရှိရသူ ၂-ဦးအနက် ၁-ဦးမှာ ဒုက္ခသည်ဘင်္ဂါလီဖြစ်ပြီး အခြားတစ်ဦးမှာ ဒုက္ခသည် မဟုတ်ကြောင်း၊ ရောဂါကူးစက်ခံရသူ ဒုက္ခသည်နှင့်နီးစပ်သော အဆက်အသွယ်များကို အာဏာပိုင်များက ခြေရာခံလျှက်ရှိကြောင်း၊ အခြားသော ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုကို မှတ်ပုံတင်ဒုက္ခသည်စခန်းအနီး တွေ့ရှိခဲ့ပြီးဖြစ်သော်လည်း ၎င်းမှာလည်း ဒုက္ခသည် ဘင်္ဂါလီမဟုတ်ကြောင်း ဖြည့်စွက်ရှင်းပြသည်။ 

ကော့ခ်ဘဇားခရိုင်အတွင်း ဒုက္ခသည် ဘင်္ဂါလီ ၁၅၀ ခန့်ကို စမ်းသပ်စစ်ဆေးခဲ့ကြောင်း၊ ရောဂါပိုးကူးစက်ခံရစည်ဟု ထပ်မံတွေ့ရှိသူ ၁၂-ဦးရှိခဲ့ရာ ၂-ဦးမှာ ဒုက္ခသည် ဘင်္ဂါလီများဖြစ်ကြောင်း၊ ခရိုင်တစ်ခုလုံးတွင် ကိုရိုနာဗိုင်းရပ်စ်စွဲကပ်လျှက်ရှိသူ စုစုပေါင်း ၁၄၅-ဦးဖြစ်လာခဲ့ကြောင်း ကော့ခ်ဘဇားခရိုင်ဆရာဝန်ကြီးက ပြောဆိုသည်။ 

ဘင်္ဂလားဒက်ရှ်တွင် အိဒ်ကာလကျရောက်လျှက်ရှိသော်လည်း ကူးစက်ကပ်ရောဂါကျရောက်လျှက်ရှိသည့် ယခုနှစ်တွင်မူ မွတ်စလင်များအနေဖြင့် အိဒ်ဂျမတ်သ်အပြီး တစ်ဦးနှင့်တစ်ဦး ပွေ့ဖက်ရန်နှင့် လက်ဆွဲနှုတ်ဆက်ရန်ကို မဝံ့မရဲဖြစ်လျှက်ရှိကြောင်း Dhaka Tribune က ယမန်နေ့ရေးသားသည်။ 

ထို့ပြင် ယခုနှစ် အိဒ်ဆုတောင်းခြင်းကို ဗလီများ၌သာ ပြုလုပ်ကြရန် သာသနာရေးဝန်ကြီးဋ္ဌာနက ကြာသပတေးနေ့၌ ကြေညာချက်ထုတ်ပြန်ထားသည်။ 

ဝတ်ပြုဆုတောင်းသူများသည် ကျန်းမာရေးလုံခြုံမှုအရ ဗလီများ၌သာ “လူချင်းနီးကပ်မှုဟန့်တားခြင်း “ Social Distancing ပြဋ္ဌာန်းချက်များနှင့်အညီ ဆုတောင်းကြရန်၊ လိုအပ်လျှက် အချိန်ပိုင်းအလိုက် ဂျမတ်သ်တစ်ခုထက်ပို၍ စီစဉ်ပေးမည်ဖြစ်ကြောင်း၊ 

ဗလီများသည် ကောဇောအခင်း ခင်းမထားရ၊ ဝတ်ပြုသူများက ကိုယ်ပိုင်အခင်းနှင့် ဦးထုပ်ယူဆောင်လာကြရမည်။ ဗလီကြမ်းပြင်ကို တစ်နေ့လျှင် ငါးကြိမ် ပိုးသတ် သန့်စင်ရမည်။ ဗလီသို့ မဝင်မီ လူတိုင်းလက်သန့်စင်နိုင်ရန် လက်သန့်ဆေးရည် သို့မဟုတ် လက်ဆေးဆပ်ပြာရည်ကို ဗလီရှေ့တွင် အသင့်ထားရမည်၊ လက်သန့်စင်ပြီးမှသာ ဗလီအတွင်း ဝင်ရောက်ရမည်ဖြစ်ပြီး၊ ဗလီအတွင်း၌လည်း လူတိုင်း ရောဂါပိုးအကွယ်အကာ မျက်နှာဖုံးဝတ်ဆင်ထားကြရမည်၊ 

ဘာသာဝင်များအနေဖြင့် ကျန်းမာရေးဆိုင်ရာလမ်းညွှန်ချက်များအတိုင်း လိုက်နာကြရန်နှင့် ပျက်ကွက်ကြောင်း အစိုးရအာဏာပိုင်များနှင့် ရဲတပ်ဖွဲ့တို့က စစ်ဆေးတွေ့ရှိခဲ့ တရားဥပဒေအရ တိကျစွာ အရေးယူလိမ့်မည်ဖြစ်ကြောင်း ကြေညာချက်၌ သတိပေးထားသည်ဟု သိရှိရသည်။ 

လူဦးရေ ၁၆၄-သန်းနေထိုင်ရာ ဘင်္ဂလားဒက်ရှ်တွင် ယနေ့နံက်ပိုင်းအထိ ကိုရိုနာဗိုင်းရပ်စ်ရောဂါပိုးကူးစက်ခံရသူ ၁၈,၈၆၃-ဦးရှိခဲပြီး ၂၈၃-ဦး သေဆုံးခဲ့သည်။ ရောဂါစစ်ဆေးမှုအကြိမ်ပေါင်း ၁သိန်း ၅ သောင်းကျော် ပြုလုပ်ပေးနိုင်ခဲ့သဖြင့် လူ ၁-သန်းလျှင် ၉၂၄-ဦးနှုန်း စစ်ဆေးပေးနိုင်ခြင်းဖြစ်ကြောင်း worldometer ၏ ယနေ့ဖော်ပြသော အချက်အလက်များအရ သိရှိရသည်။ 

(( မြန်မာနိုင်ငံသည် စမ်းသပ်စစ်ဆေးမှုအကြိမ်ပေါင်း ၁၂,၄၈၂- ကြိမ်ရှိပြီး၊ လူ ၁-သန်းလျှင် စစ်ဆေးပေးနိုင်သော ဦးရေမှာ ၂၃၀ ဖြစ်သည်။ ။ သတင်းဘာသာပြန်သူ )) 

((( bdnews24., 14 May 2020, “ Bangladesh detects coronavirus cases in Rohingya refugee camp.” ကို #HtayOung, #OungMarine ဆီလျော်အောင် ကောက်နှုတ်ဘာသာပြန်ဆိုသည်။ ))) 

#ကိုရိုနာဗိုင်းရပ်စ်ပထမဆုံးအကြိမ်အဖြစ်ဘင်္ဂလားဒက်ရှ်ဒုက္ခသည်စခန်း၌တွေ့ရှိ

https://bdnews24.com/bangladesh/2020/05/14/bangladesh-detects-coronavirus-cases-in-rohingya-refugee-camp 
https://www.dhakatribune.com/health/coronavirus/2020/05/14/2-rohingya-refugees-test-covid-19-positive-in-cox-s-bazar 
https://www.dhakatribune.com/bangladesh/2020/05/14/bangladesh-prepares-to-perform-eid-prayer-differently 
====== 


0

Leave a Reply

Your email address will not be published.