ကော့ခ်ဘဇားဒုက္ခသည်စခန်းမှ လှေစီးပြေးသူ ၂၀၀ ခန့် မြန်မာက ဖမ်းဆီးရမိ၊ ကုလသမဂ္ဂသို့ တင်ပြသင့်ပြီဖြစ်သော ဒုက္ခသည်ဘင်္ဂါလီများ လူကုန်ကူးခံနေရမှု့ ။ လှေစီးပြေးရမှု့ တရားခံ ဘင်္ဂလားဒက်ရှ်အလှည့်သို့ ကျရောက်

ဒုက္ခသည်ဘင်္ဂါလီ ( မူရင်းရိုဟင်ဂျာဟု ဖော်ပြ ) ၂၀၀ နီးပါးခန့်ကို ဘင်္ဂလားဒက်ရှ်နှင့် မိုင်ပေါင်း ၉၃၀ ကျော် ကွာဝေးသော ပင်လယ်ရေပြင်၌ ဖမ်းဆီးရမိသည်ဟု မြန်မာ့တပ်မတော် ( ရေ ) က ယမန်နေ့သတင်းထုတ်ပြန်သည်ကို တွေ့ရကြောင်း၊ ကင်းလှည့်စောင့်ကြပ်နေသည့်တိုင် နိုင်ငံ့ပင်လယ်ကမ်းခြေမှ ထွက်ခွာလျှက်ရှိသော ဒုက္ခသည်ဘင်္ဂါလီများလိုက်ပါသည့် လှေများကို ရက်သတ္တပတ်တိုင်း ၁-စီး သို့မဟုတ် ၂-စီးနှုန်းခန့် တားဆီးနေရကြောင်း၊ ဘင်္ဂလားဒက်ရှ်အာဏာပိုင်များက ပြောဆိုသည်ဟု ဘင်္ဂလားအခြေစိုက် Dhaka Tribune က ယနေ့ ရေးသားသည်။

နိုင်ငံတကာ အမြင့်ဆုံးဖြစ်သော တရားခုံရုံးတွင် လူနည်းစုမျိုးနွယ်တို့အပေါ် အစီအစဉ်တကျ ဂျီနိုဆိုက် ကျူးလွန်မှု့ စွပ်စွဲချက်အား မြန်မာခေါင်းဆောင် ငြိမ်းချမ်းရေးနိုဘယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်က ခုခံလျှောက်ထားပြီး ရက်အနည်းငယ်မျှသာရှိသေးချိန်၌ လှေစီးပြေးများ ဖမ်းဆီးရမိသည့်သတင်းထွက်ပေါ်လာခြင်းဖြစ်သည်။

ဘင်္ဂလားပင်လယ်အော်နှင့် အိန္ဒိယသမုဒ္ဒရာတွင် မုတ်သုန်လေငြိမ်သက်လာသည်နှင့်အတူ မလေးရှားနှင့် အင်ဒိုနီးရှားသို့ အရောက်သွားရန် အသက်စွန့် ထွက်ခွာသူ ဒုက္ခသည်ဘင်္ဂါလီဦးရေ ပြန်လည်တိုးမြင့်လာသည်။

( ယခင်က လှေစီးပြေးကြခြင်းမှာ မြန်မာနိုင်ငံတွင် ဘာသာရေးအရခွဲခြားဆက်ဆံခံရခြင်း၊ ဖိနှိပ်ရက်စက်ခြင်းခံရခြင်းကြောင့်ဟု ဖော်ပြခဲ့ကြသည်။ သို့သော် ၂၀၁၅ ခုနှစ်တွင် လှေစီးပြေးကြသူတို့တွင် ဘင်္ဂလားဒက်ရှ်နိုင်ငံသား ၆၀-၇၀ ရာနှုန်း ကျန်ရခိုင်မြောက်ဖျား ဘင်္ဂါလီတို့ဖြစ်၍ လူကုန်ကူးသူတို့ လက်ချက်မကင်းကြောင်း နိုင်ငံတကာက စစ်ဆေးတွေ့ရှိခဲ့သည်။ ထိုနောက် “ လှေစီးပြေး “ မှေးမှိန်သွားသည်။

အများဆုံး ထောင်ချီအရေအတွက်ကို မြန်မာနိုင်ငံရွေးကောက်ပွဲ အကြိုကာလတွင် ထူးခြားစွာတွေ့ရှိခဲ့ရသည်။ ယခုလည်း ရွေးကောက်ပွဲ အကြိုကာလနှင့် တိုက်ဆိုင်နေပြန်ရာ ကျွန်တော့်အနေဖြင့် လုံးဝအံ့သြခြင်းမရှိပါ။ ထိုစဉ်က နောက်ကွယ်လက်မည်းကြီးများနှင့် ဖြစ်စဉ်အသေးစိတ်ကို ခိုင်မာသော ကိုးကားအချက်အလက်များနှင့်အတူ တင်ပြထားသည့် ကျွန်တော်၏ “ ရွေးကောက်ပွဲအကြို ရာသီစာနှင့် အနောက်တံခါးအမျိုးသားလုံခြုံရေး “ ဆောင်းပါးကို ယခု ဒီဇင်ဘာလထုတ် “ အကုန်သိမဂ္ဂဇင်း “ တွင် ရှု့ပါရန် )

၂၀၁၇-ခုနှစ် မြန်မာစစ်ဖက်ဖြိုခွင်းမှု့ကြောင့် ထွက်ပြေးလာရသူ ဒုက္ခသည်ဘင်္ဂါလီ ၇၅၀,၀၀၀ ခန့်တို့ အိမ်ရာ လုပ်နေကြရသည့် ဒုက္ခသည်စခန်းမွစာကြဲတို့တွင် အခက်အခဲများ တိုးပွားလာနေသည်။ အခြေချပေးထားရာ နေရာမှ ထွက်ခွာခြင်းမပြုကြရန် တရားဝင်တားမြစ်ထားသော်လည်း ဒုက္ခသည်စခန်း၏ ဧရာမလူဦးရေမှာ စံနစ်တကျ ထိန်းသိမ်းကြပ်မတ်ရန် ခဲယဉ်းလျှက်ရှိသည်။

ဒုက္ခသည် ဘင်္ဂါလီအရေးနှင့် ထိတ်လန့်လျှက်ရှိသော ဘင်္ဂလားဒက်ရှ်သည် စခန်းပတ်လည်အား သံဆူးကြိုးခတ်လိုက်ပြီး လမ်းတိုင်းတွင် စစ်ဆေးရေးဂိတ်များ ချထားနေသည်။

အသွင်ပြောင်းလဲလာသောဒုက္ခသည်စခန်းသည် အကျဉ်းထောင်အကြီးစားများဖြစ်နေကြောင်း လူ့အခွင့်ရေးအဖွဲ့များက ရှုတ်ချကန့်ကွက်ကြသည်။ ဒုက္ခသည်စခန်းများ၌ SIM ကတ်နှင့် ဟန်းဖုန်းသုံးစွဲခြင်းကို ထိန်းချုပ်ထားပြီး အင်တာနက်အသုံးပြုမှု ပိတ်ပင်ထားသည်။ အချက်အလက်စာရွက်စာတန်း လက်ဝယ်ထားသည်ကို အပြစ်ကျူးလွန်မှု့သတ်မှတ်ခြင်းကဲ့သို့ အမိန့်အာဏာသုံးခြင်းများကို ဒုက္ခသည်ဘင်္ဂါလီများ ခံနိုင်ရည်မရှိတော့ပါ။ ဒုက္ခသည်တို့ကို လက်ခံထားရခြင်း အထူးသဖြင့် နေရပ်ပြန်ရေး ပျက်ပြားခြင်းတို့အတွက် ဘင်္ဂလားဒက်ရှ်ပြည်သူများကြားတွင် စိတ်ပျက်ဒေါသထွက်ရခြင်း ပိုမိုကြီးထွားလာနေသည်။

ဒုက္ခသည် ဘင်္ဂါလီတို့ကလည်း ၎င်းတို့အားလုံး၏ ( နယ်မြေသတ်မှတ်ပေးခြင်းကဲ့သို့ ) လုံခြုံရေးနှင့် ( လူမျိုးအမည်နှင့် နိုင်ငံသားပေးရန်ကဲ့သို့ ) အခွင့်အရေးများ မရမချင်း မြန်မာနိုင်ငံသို့ မပြန်ဟု ငြင်းဆန်နေကြသည်။

ဒေါ်အောင်ဆန်းစုကြည်ကမူ မြန်မာ့တပ်မတော်သည် ( အခြေအနေရှုတ်ထွေး ခက်ခဲမှု့ကြောင့် ) အင်အားအလွန်အကျွံသုံးစွဲရသည့် အခြေအနေမျိုး ကြုံကောင်း ကြုံခဲ့ရနိုင်ဟု လွန်ခဲ့သည့် ရက်သတ္တပတ် ICJ ၌ ဝန်ခံသော်လည်း ဂျီနိုဆိုက်စွပ်စွဲချက်ကို ပယ်ချခဲ့သည်။

(( လွန်ခဲ့သည့် ရက်သတ္တပတ် ပုသိမ်ဖက်၌ ဖမ်းဆီးရမိသည့် ဒုက္ခသည်ဘင်္ဂါလီတို့ကို လဝကဥပဒေအရ ထောင်ဒါဏ် ၂-နှစ်စီ အပြစ်ပေးကြောင်း သိရှိရပါသည်။ ယခင် ဖမ်းဆီးရမိသူတို့သည် ပြည်တွင်း IDP မှ ဖြစ်ပြီး ယခု ဖမ်းဆီးရမိသူတို့သည် ဘင်္ဂလားဒက်ရှ်ဒုက္ခသည်စခန်းများမှဖြစ်သည်။ အသေးစိတ်မှာ မြန်မာဘာသာသတင်းအတိုင်းဖြစ်ပြီး မည်သို့ဆက်လက်ဆောင်ရွက်ရမည်ကို ပြည်ထောင်စုအစိုးရထံ တင်ပြထားကြောင်း သိရှိရသည်။ တရားရုံးဆုံးဖြတ်ချက် ခံယူဆဲမဟုတ်ပါသဖြင့် ကျွန်တော့်အမြင်အား တင်ပြလိုပါသည်။

အထူးသဖြင့် ကော့ခ်ဘဇားတွင် အသံကျယ်လောင်လာသော လူကုန်ကူးပြဿနာမှာ ဘင်္ဂလားဒက်ရှ်တာဝန်ယူရမည့် အပိုင်းဖြစ်သည်။ မြန်မာအနေဖြင့်လည်း လူကုန်ကူးခံရ၍ တရုတ်မယားဖြစ်နေရသည်များကိုပင် တိုက်ဖျက် ဟန့်တားရန် အတော်ပင် ရုန်းကန်နေရသည်။ အလုပ်အကိုင်ရှားပါးခြင်း၊ လုပ်ခလစာ နည်းပါးခြင်းတို့ ကြောင့် အိမ်နီးချင်းများသို့ ရွှေ့ပြောင်းအလုပ်လုပ်ကိုင်သူများအရေးကိုလည်း ဖြေရှင်းရန် လိပ်ခဲတင်းလင်း ဖြစ်နေဆဲကာလဖြစ်သည်။

ကော့သောင်းဖက် ယခုဖမ်းဆီးရမိသူတို့သည် ဘင်္ဂလားဒက်ရှ်မှ ထွက်ခွာလာသူများဖြစ်သည်။ တစ်နည်းအား ဖြင့် ဒုက္ခသည်အဖြစ် သတ်မှတ်ခံထားရသူဖြစ်သည်။ ထို့ကြောင့် လဝက ဥပဒေကို ချိုးဖောက်ခြင်းဖြစ်သည့်တိုင် အရေးယူအပြစ်ပေးသည့်ပုံစံအတွက် အတော်ပင် အလေးအနက် စဉ်းစားထိုက်သည်။ ၎င်းတို့စွန့်ခွာလာပြီးဖြစ်သည့် ဘင်္ဂလားဒက်ရှ်သို့ ပြန်ပို့ရန်ဆိုသည်မှာလည်း အတော်ပင် ဦးနှောက်ခြောက်ရမည့်ကိစ္စဖြစ်နေသည်။ သို့သော် ထိုအတွက် နိုင်ငံတကာစွက်ဖက်မှု့နှင့် ဖိအား ဖြစ်ပေါ်လာနိုင်ပြီး ကိုယ့်ဖက်လှည့်လာနိုင်သည်။ အတွင်းမီး အပြင်ထုတ်လိုသည်မဟုတ်သော်လည်း ယခုဖြစ်စဉ်အား ကမ္ဘ္ဘာ့ကုလသမဂ္ဂသို့ အနည်းဆုံး စာရေးသား၍ ဖြစ်စေ အသိပေးထားသင့်သည်။

မြန်မာ့တပ်မတော် ( ရေ ) အနေဖြင့်မူ ပင်လယ်ပြင်၌ ဘေးဒုက္ခကျရောက်နေသူများအား ကယ်တင်ခြင်းလည်းဖြစ်နေရာ နိုင်ငံတကာတာဝန်ရှိသည့်အတိုင်း လုပ်ရိုးလုပ်စဉ်ဖြစ်၍ နောင်အတွက် အစီအစဉ်ကြိုတင်ချမှတ်သင့်ပါသည်။

((( Dhaka Tribune., December 17, 2019, “200 Rohingyas caught fleeing Bangladeshi camps by boat.” နှင့် AkonThi “ဘင်္ဂလားဒေ့ရှ်ဒုက္ခသည်စခန်းမှ ထွက်ပြေးလာသည့် လူ ၂၀၀ နီးပါးတင်ဆောင်သော သင်္ဘောတစ်စင်း ဖမ်းမိ” ကို #HtayOung, #OungMarine ဆီလျော်အောင် ကောက်နှုတ်ကိုးကားသည်။ ))

https://www.dhakatribune.com/world/south-asia/2019/12/17/myanmar-seizes-boat-carrying-173-rohingya

0

Leave a Reply

Your email address will not be published.