ကော့ခ်ဘဇားရှိ ဒုက္ခသည်ဘင်္ဂါလီ ၁,၂၀၀ ကို ဒီဇင်ဘာလတွင် ဘာဆန်ချာကျွန်းသို့ ပြောင်းရွှေ့မည်ဟုပြော ။ ဒေသခံ NGO ၂၃- ဖွဲ့တို့လည်း အတူလိုက်ပါမည်။ ဒုက္ခသည်များအား ပို့ဆောင်ရန် အမြဲအသင့်ရှိနေဟု ဆို

  
ကော့ခ်ဘဇားခရိုင် အူခီယာနှင့် တက္ကနဖ်စခန်းများတွင် နေထိုင်သော မိသားစု ၅၀၀ မှ ဒုက္ခသည်ဘင်္ဂါလီ ( မူရင်းရိုဟင်ဂျာဟု ဖော်ပြ ) ၁,၂၀၀ ကျော်ကို ဒီဇင်ဘာလ ပထမပတ်တွင် ဘာဆန်ချာကျွန်းသို့ပြောင်းရွှေ့လိမ့်မည်ဟု Dhaka Tribune က ယမန်နေ့ ရေးသားသည်။ 

  
အင်္ဂါနေ့တွင် ကော့ခ်ဘဇားရှိ ဒုက္ခသည်များ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဆိုင်ရာ ကော်မရှင်နာရုံး (RRRC) တွင် ကျင်းပသည့် ဋ္ဌာနတွင်းအစည်းအဝေးက ထိုသို့ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။ သို့သော်လည်း ရာသီဥတုအခြေအနေကြောင့် ပို့ဆောင်မည့် ရက်စွဲကို ဒီဇင်ဘာ ၃ ရက်နေ့မှ ဒီဇင်ဘာ ပထမပတ်သို့ ပြောင်းလဲလိုက်သည်။ ဒုက္ခသည်ဘင်္ဂါလီများနှင့်အတူ ဒေသခံ NGO ၂၃ ဖွဲ့တို့ကလည်း ဘာဆန်ချာသို့ လိုက်ပါရန် စီစဉ်ထားသည်။ RRRC အနေဖြင့် ဒုက္ခသည်များအား ဘာဆန်ချာသို့ ပို့ဆောင်ရန် အမြဲအသင့်ရှိသည်ဆိုသော်လည်း မည်သည့်အချိန် မည်သည့်နည်းနှင့် အရေအတွက် မည်မျှပြောင်းရွှေ့မည်ဆိုခြင်းကို ထုတ်ဖော်ပြောကြားခြင်း မရှိပဲ အစိုးရ၏ညွှန်ကြားချက်အရ ဆောင်ရွက်လျှက်ရှိကြောင်း ပြောကြားသည်ဆို၏။ 

  
ဒုက္ခသည်ဘင်္ဂါလီခေါင်းဆောင်များမှ အုပ်စုတစ်စုသည် ဘာဆန်ချာကျွန်းသို့ သွားရောက်လှည့်လည် ကြည့်ရှု ခဲ့ကြကြောင်း၊ ခေါင်းဆောင်အချို့က သဘောမတူသော်လည်း ခေါင်းဆောင်အများစုနှင့် သာမန်ဒုက္ခသည် အများစုက ဘာဆန်ချာသို့ သွားရန်အဆင်သင့်ရှိနေကြောင်း၊ ထိုစဉ်အတောအတွင်း နေရာထိုင်ခင်း ပြောင်းရွှေ့ရာတွင် လိုအပ်မည့် အစားအစာနှင့် အစားအသောက်မဟုတ်သည့် ပစ္စည်းစာရင်းသစ်ကို အင်္ဂါနေ့ RRRC ၏ တရားဝင်ဝဘ်ဆိုက်စာမျက်နှာ၌ လွှင့်တင်လိုက်ကြောင်း သိရှိရသည်။ 


နိုဝင်ဘာ ၁၆ ရက်နေ့တွင် ဘာဆန်ချာကျွန်းသို့ သွားရောက်ကြည့်ရှု့ခဲ့သည့် NGO ၂၂ ခုမှ တာဝန်ရှိသူ ၃၂ ဦးတို့က ဒုက္ခသည်များနေထိုင်ရန် အလွန်ဆီလျော်သည့် ပတ်ဝန်းကျင်တစ်ခု ဖန်တီးထားသည်ကို တွေ့မြင်ရကြောင်း၊ နေထိုင်ရန်နှင့် အသက်မွေးဝမ်းကျောင်းရန် သက်တောင့်သက်သာရှိခြင်းအပါအဝင် ဘေးအန္တရာယ်များအား ကိုင်တွယ်ရန်လုံလောက်သော အစီအမံများရှိကြောင်း၊ ဒုက္ခသည်ဘင်္ဂါလီများအတွက် ဘာဆန်ချာကျွန်းသည် လက်ရှိနေထိုင်ရာ ကော့ခ်ဘဇားထက် များစွာသာလွန်ကြောင်း ပြောဆိုသည်။ 


ဘာဆန်ချာသို့ မကြာသေးမီက သွားရောက်လည်ပတ်ခဲ့သော စစ်တကောင်းတောင်တန်းဒေသ ရဲတပ်ဖွဲ့( DIG ) ဒုတိယရဲမှူးချုပ် မိုဟာမက်အန်ဝါဟိုစိန်ကမူ ရဲတပ်ဖွဲ့ဝင်များသည် ဘာဆန်ချာတွင် လုံခြုံရေးကို အလေးထား လေ့လာလျှက်ရှိကြောင်း၊ ရဲတပ်ရင်းကို ဖွဲ့စည်းမည်ဖြစ်ပြီး ကျွန်းပေါ်သို့ သွားလာရောက် ကြည့်ရှု့ခဲ့၍ အာဏာပိုင်များနှင့် ဆွေးနွေးခဲ့ကြောင်း ရှင်းလင်းသည်။ 


#ဘာဆန်ချာ_ခိုလှုံရေးအိမ်ရာစီမံကိန်း ၂၀၁၅ ခုနှစ်တွင် ဒုက္ခသည်များအတွက် ဘာဆန်ချာတွင် အိုးအိမ်တည်ဆောက်ရန် ပထမဆုံးစီစဉ်ခဲ့သည်။ ထိုကာလ၌ ကျွန်းပေါ်၌ နေထိုင်သူမရှိပေ။ ၂၀၁၇ ခုနှစ်တွင် ရခိုင်ပြည်နယ်၌ ဒုက္ခသည်ဘင်္ဂါလီများအပေါ် အကြမ်းဖက်မှုများ ထပ်မံဖြစ်ပွားအပြီးတွင် ဒုက္ခသည် ၇၀၀,၀၀၀ ကျော်တို့မှာ မြန်မာနိုင်ငံမှ ကော့ခ်ဘဇားဒေသ အူခီယာနှင့် တက္ကနဖ်သို့ ထွက်ပြေးလာကြသည်။ 

  
ထို့နောက် ကော့ခ်ဘဇားအပေါ် ဖိစီးလာမှုကိုလျှော့ချရန် ဘာဆန်ချာ၌ ရှေ့ပြေး အဆောက်အအုံများ တည်ဆောက်ရန် စတင်ခဲ့သည်။ ၎င်း၏ တစ်စိတ်တစ်ပိုင်းအဖြစ် ဘင်္ဂလားဒေ့ရှ်အစိုးရသည် ဒုက္ခသည်များအား ပြန်လည်နေရာချထားရန်အတွက် ကိုယ်ပိုင်ရန်ပုံငွေမှ တာကာငွေ ၂,၃၁၂ ကုဋေ ကုန်ကျခံကာ ဘာဆန်ချာတွင် အမိုးအကာစီမံကိန်းတစ်ခုကိုအကောင်အထည်ဖော်ခဲ့သည်။ ၁၅ စတုရန်းမိုင်ရှိသော ဧရိယာကို ဒီရေနှင့်ဒီလှိုင်း ရိုက်ခတ်ခြင်းမှ ကာကွယ်နိုင်ရန် တာတမံအရှည် ၁၃ ကီလိုမီတာနှင့် ဒုက္ခသည်ဘင်္ဂါလီ ၁ -သိန်းတို့ စုဝေးနေထိုင်ရန် သင့်လျော်သော အခြေခံအဆောက်အအုံ ၁၂၀ တို့ကို တည်ဆောက်ခဲ့သည်။ 


ပြီးခဲ့သည့်နှစ်ဒီဇင်ဘာလတွင် ကျင်းပသည့် အမျိုးသားစီးပွားရေးကောင်စီအစည်းအဝေး၌ ဘာဆန်ချာစီမံကိန်း၏ ကုန်ကျစရိတ်ကို တာကာငွေ ၇၈၃ ကုဋေထပ်မံဖြည့်စွက်ခြင်းဖြင့် စုစုပေါင်း တာကာငွေ ၃၀၉၅ ကုဋေသို့ တိုးမြှင့်ခဲ့သည်။ အဆိုပါ ထပ်မံဖြည့်စွက်ငွေသည် တမံ၏အမြင့်ကို ၁၀ ပေမှ ၁၉ ပေအထိတိုးမြှင့်ခြင်း၊ ကုလသမဂ္ဂ ကိုယ်စားလှယ်များအတွက် အထောက်အကူပြုအဆောက်အအုံများနှင့် ဆိပ်ခံတံတား တည်ဆောက်ရာတွင် အသုံးပြုမည်ဖြစ်ကြောင်း သိရှိရသည်။ 


(( ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ စစ်တကောင်းမြစ်ဝှမ်းသည် မုန်တိုင်းကြိုက် မြေမျက်နှာသွင်ပြင်ရှိသည်။ ထို့ကြောင့်လည်း ဘင်္ဂလားပင်လယ်အော်တွင် ဖြစ်သမျှ မုန်တိုင်းရာနှုန်းအများစုသည် ဘင်္ဂလားဒေ့ရှ်နိုင်ငံအား ဖြတ်သန်းကာ ကုန်းတွင်းပိုင်း ဝင်ရောက်လေ့ရှိသည်။ ဘာဆန်ချာကျွန်းသည် စစ်တကောင်းမြစ်ဝကျွန်းပေါ် ကမ်းလွန်တွင် တည်ရှိသည်။ မြစ်ဝတွင် စုဝေးလာသောအနည်ကျအမှုန်များဖြင့် ၂၀၀၆-ခုနှစ်တွင် ပေါ်ထွန်းလာသည့် မြေနုကျွန်းဖြစ်၍ လူနေထိုင်ရန် မသင့်ဟု ဆိုကြပါသည်။ ထို့ကြောင့် ဒုက္ခသည်ဘင်္ဂါလီများအား ဘာဆန်ချာသို့ ရွှေ့ပြောင်းခြင်း မပြုရန် ကုလအေဂျင်စီများနှင့် လူ့အခွင့်အရေးအဖွဲ့များ ပြည်ပရောက် ဒုက္ခသည်ဘင်္ဂါလီ အရေးလှုပ်ရှားသူများက ကန့်ကွက်နေခြင်းဖြစ်သည်။ 


ကျွန်တော့်အမြင်အရမူ ထိုအချက်မှလွဲလျှင် ဘာဆန်ချာတွင်ဆောက်လုပ်ထားသည့် အိမ်ရာများမှာ ပြန်လည်ဝင်ရောက်လာသူများအား လက်ခံရန် ရခိုင်မြောက်ဖျား၌ တည်ဆောက်ထားသော အိမ်ရာများထက် အဆပေါင်းများစွာ သာလွန်ကောင်းမွန်ပြီး အဆင့်မြင့်သည်။ 
ကော့ခ်ဘဇားရောက်ရှိနေသူများအား တစ်ယောက်မျှ လက်မခံနိုင်ဟု ဒေါ်အောင်ဆန်းစုကြည်သော်၎င်း၊ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သော်၎င်း ပြောဆိုသည်ဟု ကျွန်တော်တစ်ခါမျှ မတွေ့ဖူးပါ။ မြန်မာ့မြေပေါ်တွင် နေထိုင်ခဲ့ဖူးကြောင်း အထောက်အထားရှိပြီး အကြမ်းဖက်မှုများတွင် ပါဝင်ပတ်သက်ခဲ့ဖူးသူမဟုတ်လျှင် လက်ခံပါမည်ဟုသာ ပြောဆိုခဲ့ပြီး ကုလအေဂျင်စီများ ကြားခံထားကာ နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးဲခဲ့သည်။ သို့သော် ဒုက္ခသည်များ နေရပ်ပြန်ရေးအစီအစဉ်မှာ ၂-ကြိမ်တိုင်တိုင် ပျက်ပြားခဲ့ရပြီး တရားဝင် ပြန်လည်ဝင် ရောက်လာသူဟူ၍ ယနေ့ထိ တစ်ယောက်မှ မရှိသေးပါ။ 

လတ်တလောတွင် ကော့ခ်ဘဇားရောက် ဒုက္ခသည်ဘင်္ဂါလီကိုယ်စားလှယ်များ တောင်းဆိုလျှက်ရှိသည့် “ ရိုဟင် ဂျာ “ အမည်ဖြင့် တိုင်းရင်းသားအဆင့် နိုင်ငံသားပေးအပ်ရန်ဆိုသည်မှာ ယခင်မည်သည့်သဘောတူစာချုပ်တွင်မှ မပါရှိခဲ့ဖူးပါ။ နိုင်ငံတစ်နိုင်ငံတွင် တိုင်းရင်းသားဖြစ်ခြင်းဆိုသည်မှာ ၎င်းတိုင်းပြည်၏ ယဉ်ကျေးမှု သမိုင်းစဉ်လာနှင့် ပတ်သက်သော နိုင်ငံသားတို့၏ အရေးကိစ္စသာဖြစ်ပြီး ပြင်ဆင်ရမည်ဟု ICC, ICJ နှင့် ကုလသမဂ္ဂ လုံခြုံရေး ကောင်စီပင်လျှင် အခွင့်အာဏာ မရှိပါ။ 


မကြာသေးမီက ကုလသမဂ္ဂအထွေထွေညီလာခံ၊ တတိယကော်မတီအစည်းအဝေးတွင် အီးယူနှင့် အစ္စလာမ်မစ်နိုင်ငံများပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ OIC တို့က “ မြန်မာနိုင်ငံမှ ဒုက္ခသည်ဘင်္ဂါလီနှင့် အခြားလူနည်းစုများ၏ လူ့အခွင့်အရေးအခြေအနေ” အဆိုမူကြမ်းတင်သွင်းသည်။ ၎င်းအဆိုမှာ နိုင်ငံရေးအရ ရည်ရွယ်ချက်ရှိရှိ ဖိအားပေးခြင်းအဖြစ် မြန်မာအမြဲတမ်းကိုယ်စားလှယ်/သံအမတ်ကြီး ဦးကျော်မိုးထွန်းက ပြင်းထန်စွာ ကန့်ကွက်ကြောင်း နိုဝင်ဘာ ၁၈-ရက် ၂၀၂၀ မြန်မာနိုင်ငံခြားရေးဝန်ကြီးဋ္ဌာန သတင်းထုတ်ပြန်ချက်၍ တွေ့ရှိရသည်။ အဆိုကိုမဲခွဲဆုံးဖြတ်ရာ၌ ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံ ၁၃၂ နိုင်ငံက ထောက်ခံမဲပေးခဲ့ပြီး ၉ နိုင်ငံက ကန့်ကွက်မဲနှင့် အခြား ၃၁ နိုင်ငံက ကြားနေမဲပေးခဲ့သည်။ 


OIC သည် ၂၀၁၇- မေလ ၁၆-ရက်နေ့တွင် ကျင်းပသော ကုလသမဂ္ဂလူ့အခွင့်အရေးကော်မတီညီလာခံ၌ မြန်မာနိုင်ငံက ဒုက္ခသည်ဘင်္ဂါလီတို့အပေါ် စစ်ရေးဆောင်ရွက်မှု များအဆုံးသတ်၍ နိုင်ငံသားပေးအပ်ရန် အဆိုကို တင်သွင်းခဲ့ဖူးသည်။ မဲခွဲဆုံးဖြတ်ရာ၌ ထောက်ခံ- ၁၃၅၊ ကန့်ကွက်-၁၀၊ မဲမပေးသူ- ၂၆ နိုင်ငံဖြင့်အတည်ပြုခဲ့ကြောင်း တွေ့ရှိပါသည်။

  
ယနေ့ကမ္ဘာကြီးတွင် ကိုရိုနာဗိုင်းရပ်စ်ရောဂါကျရောက်ခြင်းကြောင့် နိုင်ငံတကာ ခရီးသွားလာခြင်းများ ရပ်ဆိုင်းထားရပါသည်။ ပြည်တွင်း၌ပင် တစ်မြို့မှ တစ်မြို့သို့သွားလိုလျှင် ကူးစက်ရောဂါပျံ့နှံ့မှု ကာကွယ်ရေး ပြဋ္ဌာန်းချက် အတားအဆီးများ ရှိနေသည်။ သို့သော် ဘင်္ဂလားဒေ့ရှ်သည် ဒုက္ခသည်များ နေရပ်ပြန်ရန် မနားမနေဖိအား ပေးလျှက်ရှိပြီး တရုတ်- ဘင်္ဂလားဒေ့ရှ်-မြန်မာ ၃-ပွင့်ဆိုင် ဆွေးနွေးရန်လည်း စီစဉ်ထားသည်။ 


ထိုသောအချိန်တွင် ယခုကဲ့သို့ ဒုက္ခသည်ဘင်္ဂါလီများအား ဒီဇင်ဘာလတွင် ဘာဆန်ချာကျွန်းသို့ ပို့ဆောင်မည့် အစီအစဉ် ထွက်ပေါ်လာခြင်းဖြစ်သည်။ ။ သတင်းဘာသာပြန်သူ ))

  
#ဒုက္ခသည်ဘင်္ဂါလီ_ဘာဆန်ချာကျွန်း #ကုလအထွေထွေညီလာခံ_တတိယကော်မတီ #OICEနှင့်နိုင်ငံသား 


((( Dhaka Tribune., November 25, 2020, 1,200, “Rohingyas to be shifted to Bhasan Char in December. By: Abdul Aziz, Cox’s Bazar .” ကို #HtayOung, #OungMarine ဆီလျော်အောင် ကောက် နှုတ် ဘာသာပြန်ဆိုသည်။ ))) 

https://www.dhakatribune.com/bangladesh/rohingya-crisis/2020/11/25/1-200-rohingyas-to-be-shifted-to-bhasan-char-in-december 
https://www.dhakatribune.com/bangladesh/rohingya-crisis/2020/11/15/rohingya-relocation-to-bhashan-char-likely-to-begin-soon 
https://www.un.org/press/en/2020/gashc4312.doc.htm 
https://www.facebook.com/mofamyanmar/photos/a.514086435458323/1629545483912407/ 
https://www.facebook.com/PeopleMedia.MM/photos/pcb.1597834940399819/1597834327066547/ 
http://www.foxnews.com/world/2017/11/16/un-committee-urges-myanmar-to-give-citizenship-to-rohingyas.html 

0

Leave a Reply

Your email address will not be published.