ဂျော့ချ်ဖလွိုက်အတွက် ကန့်ကွက်ပွဲ နောက်ကွယ်မှာ ဘာတွေဖြစ်နေသလဲ။ ပြောင်းလဲမှုအတွက် နိုင်ငံတကာ စဉ်ဆက်မပြတ် လှုပ်ရှားမည့် လက်ရှိအလားအလာ။ #BlackLivesMatter “ လူမည်းတို့ ဘဝရှင်သန်ရေး”

(( မကြာသေးမီက ဘုန်းတော်ကြီးတစ်ပါးက ကျွန်တော့်အား မေးခွန်းတစ်ခု မေးမြန်းပါသည်။

အမေရိကန်နိုင်ငံ မီနီယာပိုလိစ်မြို့၌ ဖြစ်ပွားသော ဂျော့ချ်ဖလွိုက်သေဆုံးရမှုအတွက် ၎င်းမြို့နေ ဒေသခံများ မခံမရပ်နိုင်ဖြစ်ရသည်ကို နားလည်နိုင်သည်။ သို့သော် အမေရိကန်နိုင်ငံတစ်ဝှမ်းလုံး ကူးစက်သွားရခြင်းနှင့် ရက်ဆက်တိုက်ဖြစ်လာခြင်း၊ အင်္ဂလန်နှင့်အခြားဥရောပနိုင်ငံများတွင်လည်း ကန့်ကွက်ဆန္ဒပြပွဲများဖြစ်ရခြင်းကို နားမလည်ပါကြောင်း၊ သိသရွေ့ ဖြေပါဟူ၍ ဖြစ်သည်။ ))

အမေရိကန်နှင့် နေဝင်အင်ပါယာအရှင်သခင်ဖြစ်ခဲ့ဖူးသော ဗြိတိန်နိုင်ငံတို့၏ သမိုင်းတွင် လူမည်းများနှင့် အခြားလူမျိုးနွယ်တို့အပေါ် ကျွန်ကုန်ကူးခြင်းက အမြစ်တွယ်ခဲ့သည်။ စပိန်၊ ပေါ်တူဂီ၊ ပြင်သစ်၊ ဘယ်လ်ဂျီယံ၊ နယ်သာလန်၊ ဒိန်းမတ်နှင့် ဆွီဒင်နိုင်ငံများလည်း ပါဝင်သည်ဖြစ်ရာ လူအချို့က ၎င်းတို့၏ သမိုင်းအမည်းစက်ကို မည်သို့ပင် ဖျောက်ဖျက်ရန်ကြိုးစားစေကာမူ မှေးမှိန်သွားခြင်းမရှိသေးကြောင်း Dhaka Tribune ၏ ယနေ့ သတင်းဝေဖန်ချက် ဆောင်းပါး၌ ဖော်ပြထားသည်။

အထက်ပါနိုင်ငံအများစုတို့သည် BAME ခေါ် လူမည်း၊ အာရှနှင့်အနည်းစုလူမျိုးနွယ်တို့၏ နိုင်ငံများတွင် လုယက်ခြင်း၊ မုဒိန်းကျင့်ခြင်းတို့ကို ကျူးလွန်ရင်း ကိုလိုနီနယ်မြေများ ပိုင်ဆိုင်ခဲ့ကြသည်။ လူမျိုးခွဲခြားမှုနှင့် လူမဆန်ခြင်းများအဖြစ် ယနေ့ကျွန်ုပ်တို့ သိရှိထားသည့် အပြုအမူများကို တရားဝင်ပြီး သိက္ခာရှိခြင်းအဖြစ် ပြုကျင့်ခဲ့ကြကြောင်း သမိုင်းက ဖော်ပြလျှက်ရှိသည်။

အကောင်းဆုံးဖြစ်အောင် ကြိုးစားအားထုတ်သူ အများအပြားရှိသော်လည်း အဆိုပါနိုင်ငံများရှိ လူအချို့၏ အဇ္ဈတ အတွင်းစိတ်၌ ဤအချက်ကို စွဲကိုင်ထားဆဲဖြစ်ကြောင်း ( ဂျော့ချ်ဖလွိုက်အား အသက်ဆုံးရှုံးစေခဲ့သူ လူဖြူရဲအရာရှိ ) ဒဲရက်ချောဝမ်လို လူစားမျိုးက ရှင်းလင်းစွာ သက်သေပြလျှက်ရှိသည်။

သို့တည်းမဟုတ် အနောက်နိုင်ငံနေ BAME ခေါ်ခံရသူများအနေဖြင့် ပညာရေး၊ လူမှုရေးဆိုင်ရာလှုပ်ရှားမှု၊ အသက်မွေးအလုပ်တို့တွင် ဖုံးကွယ်ထားသော လူမျိုးရေးခွဲခြားမှုနှင့် ကြုံတွေ့ရလျှက်ရှိသည်ကို ( မကြာသေးမီက အွန်လိုင်း တစ်ခွင် ပြန့်နှံ့ခဲ့သည့် ) “ အေမီကူးပါး” ဖြစ်စဉ်၌ အထောက်အထားအချို့အဖြစ် မြင်တွေ့ရသည်။

ထို့ကြောင့်လည်း ဂျော့ချ်ဖလွိုက်၏ အဖြစ်ဆိုးသည် အဆိုပါ သမိုင်းရှိခဲ့သည့်နိုင်ငံများနေသူတို့အကြား ပဲ့တင်ထပ်ကြခြင်းဖြစ်၍ ကျွန်ုပ်အတွက် အံ့သြစရာမဟုတ်ပါ။ ပင်လယ်နယ်နိမိတ်တို့အား ဖြတ်ကျော်၍ နိုင်ငံတကာ စဉ်ဆက်မပြတ် လှုပ်ရှားမည့် အလားအလာရှိနေသည်။

ယခုတစ်ကြိမ် အမျက်ဒေါသ၏ အဓိကအလှည့်အပြောင်းတစ်ခုမှာ နောက်ဆုံးတွင် တိုက်ရိုက်မြင်တွေ့ခဲ့ဖူးသည့် အတွေ့အကြုံမျာ းမရှိသော လူဖြူလူငယ်များစွာတို့အနေဖြင့် လမ်းပေါ်ဆန္ဒပြပွဲများ၌ ဒေါသတကြီး ပါဝင်ရန် လုံလောက်နေခြင်းဖြစ်သည်။ ၎င်းတို့သည် ကမ္ဘာစစ်ကြီးအပြီး ၁၉၄၆-ခုနှစ် နောက်ပိုင်းဖွားမြင်သူ Baby Boomer မျိုးဆက်မှ ဆင်းသက်သည့် Generation X ( အကြမ်းအားဖြင့် လက်ရှိအသက် ၃၈ မှ ၅၄ နှစ်အကြားရှိသူများ၊) Millennials သို့မဟုတ် Generation Y ( လက်ရှိအသက် ၂၂ မှ ၃၇ အကြားရှိသူ ) များစွာ ပါဝင်နေသည်။

၁၉၆၀ ပြည့်နှစ်တွင် အမေရိကန်နှင့် အင်္ဂလန်တို့၌ ဖြစ်ပွားခဲ့သော ရော့ဒ်နီကင်းလူမျိုးရေးအဓိကရုန်း၌ပင် ထိုသို့ မတွေ့ခဲ့ရခြင်းမှာ မှတ်သားဖွယ် ထင်မှတ်ချက်တစ်ခုဖြစ်သည်။ “ #လူမည်းတို့ဘဝရှင်သန်ရေး “ #BlackLivesMatter

(( လက်ရှိကမ္ဘာကြီးတွင် ခံစားရဆဲဖြစ်သည့် ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါသည် လစ်ဘရယ်ဒီမိုကရေစီ နိုင်ငံတို့၏ လူမျိုးရေးတန်းတူညီမျှမှု မျက်နှာဖုံးကို ဖယ်ရှားပစ်လိုက်သည်။ ထိုနှင့်တစ်ဆက်တည်းပင် လူ့အခွင့်အရေးနှင့် လူတစ်ဦးချင်းလွတ်လပ်မှုကိုလည်း လှောင်ပြောင်သလို ဖြစ်ခဲ့သည်။

အသက်ဆုံးရှုံးစေသည့် ကူးစက်ရောဂါဖြစ်၍ သေဆုံး-ဝေဒနာခံစားရမည်ခြင်းအတူတူဖြစ်သော်လည်း ရောဂါစွဲကပ်သူအချင်းချင်း လူမျိုးရေးခွဲခြားသည့် သတင်းများ ဥရောပနှင့် အမေရိကန်တို့၌ ကြားခဲ့ရသည်။ ဥပဒေနှင့် အမိန့်အာဏာအောက်တွင် Lockdown ကဲ့သို့ တားဆီးပိတ်ဆို့ခံကြရာ၌ အတူတူ ဖြစ်နေပြန်သည်။

ဒုတိယကမ္ဘာစစ်အပြီး လူ့အခွင့်အရေး- လူမျိုးခွဲခြားမှု ဆန့်ကျင်ရေးဗန်းတင်လာမှုတို့မှာ ဟုတ်မှ ဟုတ်ရဲ့လားဟု မေးရမည့် ကိန်းဆိုက်ရတော့သည်။ ဂျော့ချ်ဖလွိုက်အတွက်ကန့်ကွက်ပွဲများမှာ ၎င်းတို့ကို ထင်ဟပ်နေခြင်းဖြစ်တော့သည်။ ။ သတင်းဘာသာပြန်သူ ))

#လူမည်းတို့ဘဝရှင်သန်ရေး “ #BlackLivesMatter

((( Dhaka Tribune., June 4, 2020, “What is going on behind the George Floyd protest?.By: Toffael Rashid.” ကို #HtayOung, #OungMarine ဆီလျော်အောင် ကောက်နှုတ်ဘာသာပြန်ဆိုသည်။ )))

https://www.dhakatribune.com/opinion/op-ed/2020/06/04/what-is-going-on-behind-the-george-floyd-protest

https://edition.cnn.com/us/live-news/george-floyd-protests-06-03-20/index.html

https://www.telegraph.co.uk/news/2020/06/03/george-floyd-death-black-lives-matter-us-protests-trump-news/?WT.mc_id=tmg_youtube_offsite_televideo-youtubevideo_3JuneParis&utm_source=tmgoff&utm_medium=tmg_youtube&utm_content=offsite_televideo&utm_campaign=tmg_youtube_offsite_televideo-youtubevideo_3JuneParis

1+

Leave a Reply

Your email address will not be published.