ဂျော့ဖလွိုက်အတွက် ကန့်ကွက်ဆန္ဒပြပွဲများတွင် သတင်းရယူနေသည့် ဂျာနယ်လစ်တို့အား အမေရိကန်ရဲတို့ ပစ်မှတ်ထားနေဟု ဆို။ အမေရိကန်နိုင်ငံတစ်ဝှမ်း ဂျာနယ်လစ် ၂-ဒါဇင်ကျော် သတင်းယူခိုက် ဒါဏ်ရာရရှိ

အမေရိကန်ရဲတပ်ဖွဲ့ဝင်တို့သည် ဂျော့ချ်ဖလွိုက်အတွက် ကန့်ကွက်ဆန္ဒပြပွဲများတွင် သတင်းရယူနေသော သတင်းထောက်တို့အား ပစ်မှတ်ထားလျှက်ရှိကြောင်း၊ နိုင်ငံတစ်ဝှမ်းလုံးတွင် သတင်းရယူနေခိုက် ရဲတပ်ဖွဲ့ဝင်တို့က ဖမ်းဆီးခြင်း၊ ထိန်းသိမ်းခြင်း၊ အကြမ်းဖက်ခြင်း၊ ငရုတ်ကောင်းစပရေးဖြင့် ပက်ခြင်းနှင့် ရာဘာကျည် အသုံးပြု ပစ်ခတ်ခြင်းတို့ကြောင့် ထိခိုက်ခဲ့ရသော ဂျာနယ်လစ်စုစုပေါင်း ၂- ဒါဇင်ကျော် ရှိနေသည်ဟု Reuters ၏ သတင်းရင်းမြစ်ကို Dhaka Tribune က ယနေ့ ပြန်လည်ဖော်ပြသည်။

လူမည်းဂျော့ချ်ဖလွိုက်အပေါ် လူဖြူရဲတပ်ဖွ့ဲဝင်တို့၏ ရက်စက်ကြမ်းကြုတ်မှု့ကို ကန့်ကွက်သည့်အနေဖြင့် သောကြာနေ့ည မင်နီယာပိုလိစ်မြို့၌ ဆန္ဒပြပွဲများ ပေါ်ပေါက်ခဲ့သည်။ ရုပ်သံသတင်းရိုက်ကူးနေသော အမျိုးသမီးဓါတ်ပုံသတင်းထောက်၏ ကင်မရာတည့်တည့်ကို ချိန်ရွယ်၍ ရဲတပ်ဖွဲ့ဝင်တစ်ဦးက ရာဘာကျည်သုံး သေနတ်ဖြင့် ပစ်ခတ်ခဲ့ကြောင်း၊နောက်ပိုင်းတွင် အပစ်ခံရသူ အမျိုးသမီး၏ ဝဲဖက်မျက်လုံးမှာ အမြင်အာရုံ ရာသက်ပန် ဆုံးရှုံးသွားခဲ့ရကြောင်း Twitter တွင်ရေးသားသည်ဟု Vox က ဖော်ပြသည်။

အမျိုးသမီးသတင်းထောက် ဒါဏ်ရာရရှိသွားခြင်းနှင့် ပတ်သက်၍ ထင်မြင်ချက်ပေးရန် မေတ္တာရပ်ခံချက်ကို မင်နီယာပိုလိစ်ရဲတပ်ဖွဲ့နှင့် မြို့တော်ဝန်တို့က တုန့်ပြန်ခြင်း မရှိချေ။

အလားတူပင် သတင်းရယူနေသော သတင်းထောက်များ၊ သတင်းရိုက်ကူးရေးအဖွဲ့သားများမှာ မင်နီဆိုတာ ကင်းလှည့်ရဲတပ်ဖွဲ့ဝင်များက ငရုတ်ကောင်း စပရေးဖြင့် အပက်ခံရခြင်း၊ မျက်ရည်ယိုဗုံး ပစ်သွင်းခံရခြင်းများ ဖြစ်ပေါ်ခဲ့ရာ အချို့မှာ သတင်းမီဒီယာဖြစ်ကြောင်း အမှတ်အသားကို ထင်ရှားစွာဝတ်ဆင်ထားခိုက်ဖြစ်ကြောင်း၊ ကင်တပ်ကီပြည်နယ် အချို့ဖြစ်စဉ်များတွင် ရဲတပ်ဖွဲ့ဝင်၏ တမင်ပစ်ခတ်ပုံကို တိုက်ဆိုင်စွာ မှတ်တမ်းတင်ရိုက်ကူးမိလျှက်သားဖြစ်ခဲ့သည်ဆို၏။

အမေရိကန်နိုင်ငံတစ်ဝှမ်း အခြားသောပြည်နယ်များတွင်လည်း ရဲတပ်ဖွဲ့၏ တရားလက်လွတ်ပြုလုပ်မှုကြောင့် မီဒီယာသမားတို့ ထိခိုက်ဒါဏ်ရာရရှိကြောင်း သတင်းများ ကျယ်ပြန့်စွာ ထွက်ပေါ်သည်။

ဆန္ဒပြပွဲများကို သတင်းရယူစဉ် သတင်းထောက်များ၊ မီဒီယာအဖွဲ့များနှင့် သတင်းဌာနများအပေါ်ပစ်မှတ်ထား တိုက်ခိုက်မှုမျာသည် အများလူထု၏ အကျိုးစီးပွားဆိုင်ရာကိစ္စရပ်များအား မှတ်တမ်းတင်ရာ၌ သတင်းမီဒီယာတို့၏ အရေးပါသော အခန်းကဏ္ဍကို လုံးဝလျစ်လျူ့ ပစ်ပယ်ရာရောက်ကြောင်း၊ မြို့ကြီးများ၏ အာဏာပိုင်တို့အနေဖြင့် မီဒီယာတို့၏ သတင်းရယူရာတွင် ပစ်မှတ်သဖွယ် တစ်စုံတစ်ရာထိခိုက်အနာတရမဖြစ်ရအောင် ရဲတပ်ဖွဲ့အား ညွှန်ကြားသင့်ကြောင်း ဂျာနယ်လစ်များ အကာအကွယ်ပေးရေးဆိုင်ရာ အကျိုးအမြတ်မယူသည့် အုပ်စုများကော်မတီ၏ စနေနေ့ သတင်းထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

(( ဂျော့ခ်ဖလွိက်အတွက် တရားမျှတရေး ကန့်ကွက်ဆန္ဒပြပွဲများနှင့် ပတ်သက်၍ အွန်လိုင်းမှ မြင်တွေ့ရသော သတင်းရုပ်သံများတွင် သာမန်သဘောရိုးဖြင့် ဆန္ဒပြပွဲများမှ လက်သရမ်း၊ ဖျက်ဆီး၊ မီးရှို့၊ လုယက်စသည့် တရားလက်လွတ် အကြမ်းဖက်မှုများဆီသို့ ကူးပြောင်းသွားကြောင်း တွေရရှိရပါသည်။

လူဖြူရဲအရာရှိ ဒဲရစ်ချောင်ဝမ်သည် လူမည်း ဂျော့ချ်ဖလွိုက်အား ဖမ်းဆီးရာ၌ ရဲတပ်ဖွဲ့ဝင်တစ်ဦး၏ ဆောင်ရွက်မြဲ လုပ်ပိုင်ခွင့်ထက် ကျော်လွန်ကာ ရက်စက်ကြမ်းကြုတ်ခဲ့ကြောင်း ထင်ရှားသည်။ ဖြစ်ချင်တော့ ဂျော့ဖလွိုက်မှာလည်း ဆေးကွဲကာ နှလုံး၊ သွေးခုန် မမှန်ချိန်တွင် ရဲတပ်ဖွဲ့ဝင်၏ နိုင့်ထက်စီးနင်းပြုလုပ်မှုမှာ သေစေလောက်သည့် လူသတ်မှုဖြစ်ရတော့သည်။

ကန့်ကွက်ဆန္ဒပြပွဲများသည် တိုတောင်းသော ရက်အတွင်း အမေရိကန်မြို့ကြီး ၇၅-မြို့ထက်မနည်းသို့ ကူးစက်သွားသည်။ ဆန္ဒပြရာမှ လုယက်ဖျက်ဆီး-မီးရှို့မှုများဖြစ်ပေါ်လာသည်။ အကြောင်းမဲ့ ပျက်စီးကြရသည့်အတွက် အလွန်ဝမ်းနည်းမိပါကြောင်း၊ အေးချမ်းစွာ ဆန္ဒပြခြင်းများဖြင့်သာ ဂျော့ချ်ဖလွိုက်အသက်ဆုံးရှုံးရခြင်းအတွက် အကောင်းဆုံးတောင်းဆိုရာ ရောက်ကြောင်း ဂျော့ချ်ဖလွိုက်၏ အစ်ကိုရင်းဖြစ်သူက မင်နီယာပိုလိစ် ကန့်ကွက် ဆန္ဒပြပွဲတိုင်း လက်ကိုင် စပီကာကြီးတကားကားဖြင့် လိုက်လံ နှိုးဆော်နေသည်ကို တွေ့ရပါသည်။

ရက်တိုတိုနှင့် တစ်နိုင်ငံလုံးအထိ ကျယ်ပြန့်သော အဓိကရုန်းများဖြစ်ပေါ်ရသည့်အတွက် ကျွန်တော်များဆီက ကဲ့သို့ နောက်ကွယ်က လက်မည်းကြီး၊ လက်ဖြူကြီးနှင့် စွပ်စွဲနေကျ အဘတို့ မရှိဘူးလား မေးလျှင် သိပ်ရှိပါသည်။

တရုတ်- ရုရှားမဟုတ်သော နိုင်ငံတကာ ဘာသာဝင်အဖွဲ့အစည်းတစ်ခု၊ အမေရိကန်ပြည်တွင်းနှင့် နိုင်ငံတကာ Society ကြီး တစ်ခုတို့ဖြစ်နေသည်။ ထိုအကြောင်း ထင်ရှားသော ရုရှားနှင့် အမေရိကန်မီဒီယာတစ်ချို့က ရေးသားသည်ကို ဖတ်ရှု့ရပါသည်။

အမေရိကန်သည် ကိုရိုနာဗိုင်းရပ်စ်ရောဂါကပ် ကျရောက်လျှက်ရှိသည့် နိုင်ငံများတွင် အဆိုးရွားဆုံးဖြစ်သည်။ ကူးစက်ရောဂါတားဆီးရန် Lockdown တားဆီးပိတ်ဆို့ခံရခြင်းကြောင့် လွတ်လပ်စွာ နေမြဲဖြစ်သည့် အမေရိကန်အများစုတွင် စိတ်အကျဉ်းကျလျှက်ရှိနေသည်။ ကျွန်တော့်အနေဖြင့်မူ ထိုအချက်မှာ အဓိကရုန်းများ ကျယ်ပြန့်လာရခြင်း၏ အကြောင်းရင်းတစ်ခုဟု ယူဆပါသည်။ သို့သော် နောက်ကွယ်က လက်ဖြူကြီးများ အကြောင်း ကိုလည်း အလျှဉ်းသင့်သည့်အခါ တင်ပြပါမည်။

ဤတွင် ကဏ္ဍတစ်ခုတိုးလာသည်မှာ မီဒီယာတို့ဖြစ်သည်။ လူတိုင်းသည် သံပတ်ပေးထားသော စက်ရုပ်များ မဟုတ်သဖြင့် ရဲတပ်ဖွဲ့ဝင်များဖြစ်စေ ဆန္ဒပြသူများဖြစ်စေ မှားယွင်းနိုင်သည်။ လူတိုင်းလွတ်လပ်စွာဆန္ဒဖော်ထုတ်ခြင်းသည် ဒီမိုကရေစီ၏ မရှိမဖြစ် ပြယုဂ်တစ်ခုဖြစ်သည်။ ရဲတပ်ဖွဲ့ဝင်တို့သည်လည်း တရားဥပဒေ စိုးမိုးရေးတွင် စောင့်ရှောက်ကာကွယ်ရမည့် တာဝန်ရှိသည်။ အလားတူပင် မီဒီယာဆိုကာမျှနှင့် သတင်းရယူစဉ်တွင် အတိုင်းအဆမရှိ လွတ်လပ်သည်ဆိုခြင်းမှာ ဥပဒေအထက်သို့ ရောက်ခြင်းဖြစ်၍ ကျွန်တော်တစ်ဦးတည်း အနေဖြင့် ဘယ်လိုမှ နားမလည်နိုင်ချေ။

ဖြစ်ချင်တော့ ထို ၃-မျိုးစပ် ငါးပိကို တရားဥပဒေအစိုးမိုးဆုံး၊ သတင်းမီဒီယာအလွတ်လပ်ဆုံး၊ ဒီမိုကရေစီ မီးရှူးတန်ဆောင်နိုင်ငံကြီးတွင် အတိုင်းသားရှု့မြင်ခွင့်ရလိုက်သည်။ ။ သတင်းဘာသာပြန်သူ ))


#ဂျော့ဖလွိုက်အတွက်ကန့်ကွက်ဆန္ဒပြပွဲများတွငfဂျာနယ်လစ်တို့အား အမေရိကန်ရဲတို့ကပစ်မှတ်ထားနေ


((( Dhaka Tribune., June 2nd, 2020, “US police target journalists covering the George Floyd protests.” ကို #HtayOung, #OungMarine ဆီလျော်အောင် ကောက်နှုတ်ဘာသာပြန်ဆိုသည်။ ပူးတွဲပါ ရုပ်သံမှာ အကြောင်းအရာတူ Russia Today မှ ဖြစ်ကြောင်း ဝန်ခံပါသည်။ )))

https://www.dhakatribune.com/world/2020/06/02/us-police-target-journalists-covering-the-george-floyd-protests

0

Leave a Reply

Your email address will not be published.