ဆော်ဒီနယ်စပ်ခရိုင်ဒေသအနီးတိုက်ပွဲ၌ ဆော်ဒီစစ်ယာဉ်များချေမှုန်းခံရပြီး တပ်ဖွဲ့ဝင်များအပြားဖမ်းဆီးခံရ၊ ယီမင်သူပုန်တို့ အောင်ပွဲခံ

ဆော်ဒီအာရေးဗီးယားတောင်ပိုင်းနယ်စပ် နာ့ဂျ်ရမ် ခရိုင်ဒေသအနီးတိုက်ပွဲ၌ ယီမင်သူပုန်တို့၏ ထိုးစစ်အောင် မြင်ပုံ ဟူသီတို့က ဗွီဒီယိုရုပ်သံမှတ်တမ်းလွှင့်တင်ခဲ့ရာ ဆော်ဒီစစ်ယာဉ်များဖျက်ဆီးခံရပြီး၊ ဆော်ဒီအရာရှိများအ ပါဝင်  တပ်ဖွဲ့ဝင်များအပြား ဖမ်းဆီးခံရပုံကို တွေ့မြင်ရသည်ဟု Russia Today က ယနေ့ရေးသားသည်။

မြေပြင်တိုက်ပွဲဖြစ်ပွားစဉ် မှတ်တမ်းအသေးစိတ်ကို ဟူသီသူပုန်တို့၏  Al Masirah TV က “ အရှင်မြတ်က အောင်ပွဲချီးမြှင့်ခြင်း “ အဖြစ် ရုပ်သံလွှင့်ထုတ်ခဲ့သည်ဆို၏။

လပေါင်းများစွာအချိန်ယူပြင်ဆင်ခဲ့သည့် ထိုးစစ်ကို လွန်ခဲ့သည့်ရက်များ၌ ဟူသီတို့က စတင်ဆင်နွှဲခဲ့ခြင်း ဖြစ်သည်။ ဆော်ဒီနယ်စပ် နာ့ဂျ်ရမ် ခရိုင်ဒေသအနီး ယီမင်မြေအား စိုးမိုးရန်ကြိုးစားသည့် ဆော်ဒီဦးဆောင်  တိုက်ပွဲ၌ ဆော်ဒီအာရေးဗီးယားတောင်ပိုင်းနယ်စပ် နာ့ဂျ်ရမ် ခရိုင်ဒေသအနီးတိုက်ပွဲ၌ အင်အား ၇,၀၀၀ ခန့်ရှိမည့် ဆော်ဒီဦးဆောင် တပ်မဟာ ၃-ခုကို ချေမှုန်းနိုင်ခဲ့ကြောင်း ဟူသီပြောရေးဆိုခွင့်ရှိသူ အဆိုအရ သိရှိရသည်။ 

ဟူသီတို့လွှင့်ထုတ်သော ဗွီဒီယိုတွင် အင်အားအလုံးအရင်းဖြင့် ချီတက်လာသော ဆော်ဒီစစ်ဖက်ယာဉ်တန်းကို ကျဉ်းမြောင်းတောင်ကြားအနီး ခြုံခိုတိုက်ခိုက်ခြင်းဖြစ်သည်။ ယာဉ်တန်းတွင် ကနေဒါလုပ် LAV-25s ဟု မှန်းဆရသော စစ်သည်တင် သံချပ်ကာယာဉ်အများအပြားပါဝင်ပြီး ဟူသီတို့က လက်လုပ်ဗုံး၊ လက်နက်ကြီး လက်နက်ငယ်တို့အသုံးပြု၍ တိုက်ခိုက်ကြောင်း သိရှိရသည်။

ဆော်ဒီဖက်မှ ၆- ပြောင်းတွဲ APCs စက်သေနတ်ကြီးများအပါအဝင် အမေရိကန်လုပ် Oshkosh မိုင်းဒါဏ်ခံ ယာဉ်နှင့် စက်သေနတ်တင် တိုယိုတာမော်တော်ယာဉ်အများအပြားမှာ နေရာ၌ပင် ဖျက်ဆီးခြင်းခံရသည်။ သံချပ်ကာနှင့် အပေါ့စားစစ်ယာဉ်များ၊ လက်နက်ကြီးများ၊ ကျည်သေတ္တာများ၊ ရော့ကက်လောင်ချာများနှင့် စစ်ဝတ်စုံအမြောက်အများကို ဟူသီတို့က တိုက်ခိုက်သိမ်းယူနိုင်သည်။

ဆော်ဒီဖက်မှ အကျအဆုံးအလွန်များပြီး ဒေသတွင်းမှ စုဆောင်းထားသော ကလေးစစ်သားများအပါဝင်၊ တပ်ဖွဲ့ဝင် ၂,၀၀၀ ခန့်မှာ လက်နက်ချ အညံ့ခံကြောင်း၊ ဆုတ်ခွာသွားသော တပ်ဖွဲဝင်တို့ကို ဆော်ဒီစစ်လေယာဉ် များက လိုက်လံတိုက်ခိုက်နေသည်ကို တွေ့မြင်ရကြောင်း  ဟူသီတို့က ပြောဆိုသည်။

ဖမ်းဆီးရမိသူများတွင် ဒေသတွင်းပြည်ပနိုင်ငံများမှ စစ်သားများနှင့် ဆော်ဒီအကြီးတန်းအရာရှိများပါဝင်သည်။ ဆော်ဒီစစ်ဖက်ရာထူးတပ်ဆင်ထားသော ယူနီဖောင်းဝတ်ဆင်ထားများ၊ ဆော်ဒီအမှတ်အသားပါ သံချပ်ကာ ယာဉ်များအား ဖမ်းဆီးသိမ်းယူနိုင်ခဲ့ကြောင်း ဟူသီမှတ်တမ်းဗွီဒီယိုက ရိုက်ကူးတင်ပြထားသည်။

ထိုးစစ်မှာ ယခုလအတွင်း ဒုတိယအကြိမ်မြောက်ဖြစ်ပြီး ဗွီဒီယိုနှင့်ပတ်သက်၍ ဆော်ဒီတပ်မတော်ဖက်မှ တစ်စုံတစ်ရာ သတင်းထုတ်ပြန်ခြင်း မတွေ့ရချေ။ စက်တင်ဘာလတွင် ဆော်ဒီရေနံချက်စက်ရုံများအား ဟူသီတို့က မစ်ဆိုင်းလ်၊ ဒရုန်းများအသုံးပြု၍ အော်မြင်စွာတိုက်ခိုက်ခဲ့ပြီးဖြစ်သည်။  သို့သော် ဆော်ဒီနှင့် အမေရိကန်ကဲ့သို့ နိုင်ငံများက မည်သည့်နေရာမှ ပစ်လွှတ်တိုက်ခိုက်သည်ကို အတိအကျမပြောနိုင်ပဲ အီရန်အပေါ်၌သာ အပြစ်ပုံချဆဲဖြစ်သည်။

အမေရိကန်နှင့် ဗြိတိန်ကျော်ထောက်နောက်ခံပြု ဆောဒီဦးဆောင်ညွန့်ပေါင်းတို့သည် ဖယ်ရှားခံယီမင်သမ္မတ မန်ဆာဟာဒီအား ပြန်လည်အာဏာအပ်နှင်းရေးအတွက် ယီမင်ပြည်တွင်းစစ်တွင် ၂၀၁၅-ခုနှစ်မှ စတင်ကာ ဝင်ရောက်ပါဝင်လျှက်ရှိသည်။ ယီမင်ပဋိပက္ခသည် လူသန်းပေါင်းများစွာတို့အား ကျန်းမာရေးစောင့်ရှောက်မှုနှင့် သန့်ရှင်းသော သောက်သုံးရေ ပြတ်လပ်စေခဲ့သည်။ အချို့မှာ နိုင်ငံတကာအကူအညီပေးရေးအဖွဲ့များ၏ အထောက်အပံ့အပေါ် မှီခိုအသက်ရှင်နေရသည့်အထိ မျက်မှောက်ကမ္ဘာတွင် အဆိုးရွားဆုံး လူသားမျိုး နွယ်ဆိုင်ရာ အကြပ်အတည်းကို ဖန်တီးရာ ရောက်ခဲ့သည်။  

(( ယီမင်တွင် အရှေ့ပိုင်း၌ ယီမင်အစိုးရရှိသည်။ အီရန်ထောက်ပံ့သည်ဆိုသော ဟူသီတို့မှာ နိုင်ငံအနောက်ပိုင်း နယ်မြေများအား ခြေကုတ်ယူထားဖြစ်၍ အီရန်နှင့် အတော်ဝေးသည်။


တိုက်ခိုက်ခံရသော ဆော်ဒီရေနံစက်ရုံများမှာလည်း နိုင်ငံအရှေ့ပိုင်းတွင် တည်ရှိ၍ ယီမင်နှင့် ဝေးကွာလှပါသည်။ ထို့ပြင် အမေရိကန်လေတပ်အခြေစိုက်စခန်းနှင့် တူရကီတိုက်လေယာဉ်အုပ်တို့ တပ်စွဲထားရာ ကာတာနိုင်ငံ အနီးတွင်တည်ရှိသည်။ အီရန် သို့မဟုတ် အီရတ်နယ်မြေဖက်မှ တိုက်ခိုက်ခြင်းဖြစ်လျှင် ဟော်မုဇ်ရေလက်ကြား တစ်ခုလုံး ဖြတ်ကျော်လာရမည်ဖြစ်၍ အမေရိကန်နှင့် တူရကီတို့က သိနိုင်လောက်ပါသည်။

ပါရှားပင်လယ်ကွေ့တွင် ၂၀၁၇-ခုနှစ်၌ အကြမ်းဖက်သမားနှင့် ပတ်သက်သည်ဟု စွပ်စွဲလျှက် ကာတာနိုင်ငံ အပေါ် ဆော်ဒီ- ယူအေအီး-ဘာရိန်း-အီဂျစ် အုပ်စုက သံတမန်အဆက်အသွယ်ဖြတ်တောက်ခြင်းဖြင့် အရေး ယူခဲ့သည်။ ကာတာနိုင်ငံတွင် အမေရိကန်လေတပ်အခြေစိုက်စခန်းရှိသကဲ့သို့ တူရကီ၏ တိုက်ခိုက်ရေး လေယာဉ် အုပ်များလည်း ရှိနေသည်။

အိမ်နီးချင်းဖြစ်သော ကာတာက သမိုင်းဝင် မသင့်မြတ်သူ အီရန်နှင် ဖက်လှဲတကင်းရှိနေခြင်းမှာ ဆော်ဒီအတွက် စိတ်မသက်သာစရာဖြစ်သည်။

အရှေ့အလယ်ပိုင်း ဆီးရီးယားစစ်ပွဲတွင် အီရန်ကျောထောက်နောက်ခံပြု လက်ဘနွပြည်သူ့စစ် ဟဇ်ဘိုလာတို့ ပါဝင်လာခြင်းဖြင့် ရှီအာ-ဆွန်နီအားပြိုင်မှုအသွင်ဆောင်ခဲ့သည်။ တူရကီသည် ဆီးရီးယားစစ်ပွဲနှင့် စပ်လျှဉ်း၍ နောက်ပိုင်းကာလများတွင် အီရန်- ရုရှားတို့နှင့် နီးစပ်ခဲ့သည်။   ။ သတင်းဘာသာပြန်သူ ))

စက်တင်ဘာ – ၃၀၊ ၂၀၁၉  ((( Russia Today., 29 Sep, 2019,” Saudi vehicles destroyed, Saudi-led troops & officers taken prisoner in alleged VIDEOS of Houthi’s border victory.”  ကို #HtayOung, #OungMarine ဆီလျော်အောင်ကောက်နှုတ်ဘာသာပြန်ဆိုသည်။ )))

https://www.rt.com/news/469890-saudis-captured-houthi-offensive-video/

https://www.rt.com/news/468796-saudi-aramco-fire-explosions/

7+

Leave a Reply

Your email address will not be published.