ဆော်ဒီနှင့် ယူအေအီးတို့ကို ကာကွယ်ရန် တပ်ဖွဲ့ဝင်နှင့် လေကြောင်းရန် ကာကွယ်ရေးစံနစ်များ အမေရိကန်ပိုမိုစေလွှတ်မည်

========

ဆော်ဒီအာရေးဗီးယားတွင် ရေနံစက်ရုံများတိုက်ခိုက်ခံရခြင်းဖြင့် မျက်နှာမလှဖြစ်ခဲ့ရပြီးနောက် ကာကွယ်ရန် တပ်ဖွဲ့ဝင်နှင့်လေကြောင်းရန်ကာကွယ်ရေးစံနစ်များ ပိုမိုစေလွှတ်ခြင်းဖြင့် ဆော်ဒီနှင့် ယူအေအီးတို့၏ ကာကွယ်ရေးကိုမြှင့်တင်မည်ဖြစ်ကြောင်း ပင်တာဂွန်စစ်ဋ္ဌာနချုပ်က ကြေညာသည်ဟု Russia Today က ယနေ့ရေးသားသည်။

သောကြာနေ့ ပင်တာဂွန်စစ်ဋ္ဌာနချုပ်တွင် အမေရိကန်ကာကွယ်ရေးဝန်ကြီး မိုက်ခ်အက်စ်ပါက ပြောဆိုရာ၌ စက်တင်ဘာ ၁၄-ရက်နေ့တိုက်ခိုက်ခံရမှု့မှာ ဒေသတွင်း၌ အီရန်၏ကျူးကျော်ရန်စမှုကို ဒဏ္ဍာရီဆန်ဆန် တိုးမြှင့်ခြင်းဖြစ်ကြောင်းပြစ်တင်လိုက်သည်။ ဆော်ဒီနှင့် ယူအေအီးတို့၏ မေတ္တာရပ်ခံချက်ကို တုန့်ပြန်သည့်အနေဖြင့် လက်နက်လွှဲပြောင်းခြင်းများကို သွက်လက်စွာဆောင်ရွက်ခြင်း၊ တပ်ဖွဲ့ဝင်နှင့်လေကြောင်းရန်ကာကွယ်ရေး စံနစ်များပိုမိုစေလွှတ်ပြီး ပင်လယ်ကွေ့ဒေသတွင် “ ဝေဟင်နှင့် ဒုံးကျည်ကာကွယ်ရေး “ အနှစ်သာရကို တည်ဆောက်မည်ဖြစ်ကြောင်း ပြောကြားသွားသည်။

၎င်းတွင် ကဏ္ဍ ၃-ခုရည်မှန်းထားရာ ဆော်ဒီနှင့် ၏ယူအေအီးတို့၏ ကာကွယ်ရေးကို မြှင့်တင်ရန်၊ ပါရှားပင်လယ်ကွေ့တွင် ကုန်စည်စီးဆင်းမှု သွက်လက်မြန်ဆန်စေရန်၊ အပြည်ပြည်ဆိုင်ရာ တရားဥပဒေအရ လုံခြုံကာကွယ်စေရန်တို့ဖြစ်ပြီး အီရန်၏ ခြိမ်းခြောက်မှုကို အံတုမည်ဖြစ်ကြောင်း၊ တပ်ဖြန့်ချထားရန် စီစဉ်နေဆဲဖြစ်သော်လည်း တပ်ဖွဲ့ဝင်အင်အား ထောင်ချီချထားရန်မရှိကြောင်း၊ ဒေသတွင်း စစ်ရေးအခြေခံများအတွက် ပေးပို့ခဲ့ပြီးဖြစ်ရာ အီရန်အပေါ် အမြင့်ဆုံးဒါဏ်ခတ်ပိတ်ဆို့မှု မြှင့်တင်မည်ဖြစ်ကြောင်း သိရှိရသည်။

အီရန်ကမူ ယီမင်စစ်ပွဲတွင် အပြစ်မဲ့အရပ်သားများ နေ့စဉ်သေကြေပျက်စီးနေရသဖြင့် ဟူသီတို့က လက်တုန့် ပြန်ခြင်းဖြစ်ကြောင်းပြောဆို၍ ၄င်းနိုင်ငံပါဝင်ပတ်သက်သည့် စွပ်စွဲချက်များကို ပယ်ချခဲ့သည်။ မိမိတို့အား တိုက်ခိုက်လာခဲ့လျှင် ဒေသတွင်း အမေရိကန်စစ်ဖက်ပစ်မှတ်များအား လက်တုန့်ပြန် ချေမှုန်းမည်ဖြစ်ပြီး၊ ဒေသအတွင်း ၀မ်းနည်းဖွယ် အလုံးစုံစစ်ပွဲဖြစ်ပွားနိုင်ကြောင်း သတိပေးလိုက်သည်။

အီရန်ကိုယ်တိုင်က ၄င်း၏နိုင်ငံအတွင်းမှ ဒုံးကျည်များဖြင့် ပစ်ခတ်ခဲ့ကြောင်း အမေရိကန်စစ်ဖက်အရာရှိအချို့က ပြောဆိုသော်လည်း အမေရိကန် ကာကွယ်ရေးဝန်ကြီးနှင့် ပင်တာဂွန်က မှတ်ချက်ပေးခြင်း မရှိချေ။။ အီရန်လက်နက်များဖြင့် ယီမင်မှနေ၍ တိုက်ခိုက်သည်ဟု အမေရိကန် ပူးတွဲစစ်ဦးစီးချုပ်က ပြောဆိုသော်လည်း တိုက်ခိုက်ခံရမည့် အားနည်းချက်များ ရှိနေဆဲဖြစ်သဖြင့် အသေးစိတ်ထပ်မံပြောဆိုရန် ငြင်းဆိုသည်။

ဒရုန်း-မစ်ဆိုင်းလ်များဖြင့် တိုက်ခိုက်ခံရမှုကြောင့် ခူရီးစ်ရှိ ဆော်ဒီရေနံစက်ရုံမှာ လူအသေအပျောက် မရှိသော်လည်း ထုတ်လုပ်မှုယာယီရပ်ဆိုင်းသွားပြီး ယခုလကုန်တွင် ပြန်လည်စတင်နိုင်မည်ဟု မျှော်မှန်းထားသည်။ ယီမင်တွင် ဆော်ဒီဦးဆောင်ညွန့်ပေါင်းတို့က လေကြောင်းမှ ဗုံးကြဲနေခြင်းကို ရုတ်သိမ်းမည်ဆိုပါက မိမိတို့က ဆက်လက်တိုက်ခိုက်မည်မဟုတ်ကြောင်း ဟူသီတို့က ကြေညာသော်လည်း ဆော်ဒီက တရားဝင် တုန့်ပြန်ခြင်းမရှိချေ။

ဒုံးကျည်များအား မည်သည့်နေရာက ပစ်လွှတ်သည်ဆိုခြင်းမှာ ဆော်ဒီသာမက အမေရိကန်အတွက်ပါ အရှက်ရ အကြပ်ဆိုက်စေသည့် မေးခွန်းဖြစ်သည်။ ဆေယ်ဒီသို့ မကြာသေးမီက သွားရောက်ခဲ့သော အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မိုက်ပွန်ပေယိုကိုယ်တိုင်ပင်လျှင် အတိအကျဖြေဆိုခြင်းမရှိပဲ၊ အဆင့်မြင့် သိမ်မွေ့သည့်လက်နက်အချို့ကို အမြဲတန်းရရှိရန်ခဲယဉ်းကြောင်းလောက်သာ ပြောကြားသည်ကို တွေ့ရှိရသည်။

ဟူသီတို့က တိုက်ခိုက်သည်ဆိုသော်လည်း ယီမင်မှာ ဆော်ဒီတောင်ပိုင်း၌ရှိနေပြီး ယခုတိုက်ခိုက်ခံရသည်မှာ ဆော်ဒီအရှေ့ပိုင်း ကာတာနယ်စပ်အနီးဖြစ်၍ အလှမ်းကွာလွန်းနေသည်။ ထို့ပြင် ကာတာတွင် အမေရိကန်လေတပ်အခြေစိုက်စခန်းနှင့် တူရကီတိုက်လေယာဉ်အုပ်ရှိနေသည်။

အကယ်၍ ဟော်မုဇ်ရေလက်ကြားတစ်ခုလုံးကို ဖြတ်ကျော်၍ အီရတ်သို့မဟုတ် အီရန်ဖက်မှ ဒရုန်း- ဒုံးကျည်ပစ်လွှတ်ခဲ့လျှင် ၄င်းတို့က စောစီးစွာ သိရှိနိုင်ကောင်းသည်။ ထိုအတွက် အမေရိကန်ထောက်ပံ့ထားသည်ဆိုသော ပက်ထရီယော့ခ်ဒုံးကျည်နှင့် အခြားသော လေကြောင်းကာကွယ်ရေးစံနစ်များမှာ ဟာကွက်ရှိကြောင်း ပြသသလိုဖြစ်နေရာ ရုရှားစစ်ဖက်က ထိုအချက်ကို အမိအရ ဆုပ်ကိုင်ထိုးနှက်လျှက်ရှိသည်။

ရုရှားသမ္မတ ဗလာဒီမာပူတင်ဆိုလျှင် ဆော်ဒီအနေဖြင့် အီရန်-တူရကီတို့နည်းတူ ရုရှားဒုံးကျည်များဝယ်ယူရန် စဉ်းစားသင့်ပြီဖြစ်ကြောင်း ပြက်လုံးထုတ်သည်အထိ ဖြစ်ခဲ့သည်။

( စက်တင်ဘာ – ၂၁၊ ၂၀၁၉ )((( Russia Today., 21 Sep, 2019, “US sending more troops & air defenses to ‘protect’ Saudi Arabia & UAE – Pentagon.” ကို # HtayOung, #OungMarine ဆီလျှော်အောင် ကောက်နှုတ် ဘာသာ ပြန်ဆိုသည်။ )))

https://www.rt.com/news/469277-troops-air-defenses-saudi-uae/.
https://www.rt.com/news/469174-saudi-patriots-unfit-combat/
https://www.rt.com/news/469174-saudi-patriots-unfit-combat/
https://www.rt.com/news/469159-zarif-all-out-war-iran-attack/
https://www.france24.com/en/20190917-russia-saudi-arabia-putin-weapons-troll-trump-turkey
0

Leave a Reply

Your email address will not be published.