တောင်ကိုရီးယားအလုပ်သမားတို့ လူထောင်ချီ ဆန္ဒပြ။အခွင့်အရေးနှင့် လွတ်လပ်စွာ စုဝေးခွင့်များသည် မည်မျှပင်အရေးကြီးစေကာမူ အခြားသူများ၏ အသက်နှင့်အန္တရာယ်ကင်းရေးကို မခြိမ်းခြောက်သင့်ဟု ဝန်ကြီးချုပ်က သတိပေးခဲ့ခြင်းကို ပယ်ချ


စနေနေ့၌ တောင်ကိုရီးယာနိုင်ငံ ဆိုးလ်မြို့တွင် ကိုရီးယားအလုပ်သမားကွန်ဖက်ဒရေးရှင်းယူနီယံ KCTU အဖွဲ့ဝင် ၈,၀၀၀ ခန့်တို့က စုဝေးချီတက်၍ အကြီးအကျယ် ဆန္ဒပြခဲ့ကြရာ လူစုလူဝေးပြုလုပ်ခြင်းမှာ COVID-19 ကူးစက် ရောဂါကို ပိုမိုဆိုးရွားစေလိမ့်မည်ဖြစ်ကြောင်း ဝန်ကြီးချုပ်၏ သတိပေးချက် ထွက်ပေါ်လာပြီးနောက်ပိုင်း၌ ဖြစ်သည်ဟု Russia Today က ယနေ့ရေးသားသည်။

…  
မူလက ဆိုးလ်မြို့ အနောက်ပိုင်းတွင် ဆန္ဒပြရန် စီစဉ်ခဲ့ကြသော ယူနီယံအဖွဲ့ဝင်များသည် အဆိုပါနေရာသို့သွားရန် ရဲတပ်ဖွဲ့၏ တားဆီးပိတ်ဆို့မှုကို ရင်ဆိုင်ခဲ့ရပြီးနောက် နေရာသစ်တစ်ခု၌ စုဝေးရန် ဆုံးဖြတ်လိုက်ကြသည်။

…   
အလုပ်သမားများ၏ ဘဝနှင့် လုံခြုံစိတ်ချရသော အလုပ်အကိုင်များကို ကာကွယ်ရန် ဤနေရာသို့ စုရုံးရောက်ရှိလာရခြင်းဖြစ်သည်ဟု ဆန္ဒပြစဉ်အတွင်း KCTU ယူနီယံ ဥက္ကဋ္ဌဖြစ်သူက ရှင်းပြသည်။

…  
အလုပ်အကိုင်လျှော့ချမှုကို ရပ်တန့်ရန်၊ အနိမ့်ဆုံးလုပ်အားခတိုးမြှင့်ပေးရန်နှင့် Lockdown တားဆီးကန့်သတ် ခြင်းများကြောင့် ထိခိုက်နစ်နာရသော အလုပ်သမားများအတွက် အထောက်အပံ့များကို အစိုးရက တိုးမြှင့်ပေးရန် ယူနီယံအဖွဲ့ဝင်တို့က တောင်းဆိုကြသည်။

…  
တောင်ကိုရီးယားနိုင်ငံသည် စက်မှုနိုင်ငံကြီးများပါဝင်သည့် ဖွံံ့ဖြိုးရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ OECD ၌ အသားတင် ကုန်ထုတ်လုပ်မှု  အများဆုံး ၉-ခုမြောက်နိုင်ငံဖြစ်သော်လည်း ပြည်တွင်း လုပ်ခလစာမှာ အနိမ့်ဆုံး ဖြစ်နေကြောင်း၊ အစိုးရသည် အသေးစားစီးပွားရေးလုပ်ငန်းများနှင့် အလုပ်သမားတို့၏ အသွေးအသားကို စုပ်ယူလျှက် ကော်ပိုရေးရှင်းကြီးများကို ထောက်ပံ့နေကြောင်း KCTU ယူနီယံ ဒုတိယဥက္ကဋ္ဌက ဟောပြောသည်။

…   
ဆန္ဒပြပွဲမှ ပြန်လာသည့် လူတစ်ဦးမှာ ဖမ်းဆီးခြင်း ခံခဲ့ရကြောင်း KCTU တို့ထံမှ သိရှိရသည်။

…    
ရောဂါကူးစက်မှုဆက်လက်မြင့်တက်နေခြင်းကြောင့် မြို့တော်အတွင်း၌ ဆန္ဒပြမှုများအပေါ် ကန့်သတ်ချက်အချို့ကို ရုပ်သိမ်းပေးမည့် အစီအစဉ်အား ကြာသပတေးနေ့တွင် တောင်ကိုရီးယားအစိုးရက အနည်းဆုံးရက်သတ္တတစ်ပတ်ကြာ ရွှေ့ဆိုင်းခဲ့သည်။

…  
ကူးစက်ရောဂါတားဆီးရေးကန့်သတ်ချက်များကြောင့် ဆန္ဒပြပွဲကိုရွှေ့ဆိုင်းရန် ၀ န်ကြီးချုပ် ကင်ဘိုကျန်းက အလုပ်သမား သမဂ္ဂများအား တိုက်တွန်းခဲ့ပြီး လူ့အခွင့်အရေးနှင့် လွတ်လပ်စွာ စုဝေးဟောပြောခွင့်များသည် မည်မျှပင်အရေးကြီးစေကာမူ အခြားသူများ၏ အသက်နှင့် ရောဂါအန္တရာယ်ကင်းရေးကို မခြိမ်းခြောက်သင့်ကြောင်း၊ မြို့တော်အတွင်း လူသူအမြောက်အများ စုရုံးဆန္ဒပြခြင်းမှာ ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါမီးကို ပိုမိုတောက်လောင်စေလိမ့်မည် ဖြစ်ကြောင်း ဆန္ဒပြပွဲ မတိုင်မီတစ်ရက်အလို၌ လူမှုကွန်ရက်တွင် ဝန်ကြီးချုပ်က ရေးသားသည်။

…  
ကမ္ဘာကြီးတွင် မညီမျှမှုနှင့် ခွဲခြားဆက်ဆံမှုများ ပြည့်နှက်နေပြီး ရောဂါကူးစက်ခံရခြင်းထက် အလုပ်ခွင်၌ သေဆုံးနေကြရခြင်းနှင့် အလုပ်ဖြုတ်ခံရခြင်းတို့က ပိုမိုဆိုးရွားသဖြင့် ဝန်ကြီးချုပ်၏ မေတ္တာရပ်ခံချက်ကို ပယ်ချလိုက်ကြောင်း KCTU ၏ မီဒီယာများသို့ ထုတ်ပြန်ချက်၌ ဖော်ပြသည်။

…  
လွန်ခဲ့သည့် သောကြာနေ့တွင် တောင်ကိုရီးယား၌ တစ်ရက်အတွင်း ဗိုင်းရပ်စ်ပိုးကူးစက်ခံရသူ ၈၀၀ ခန့် ရှိနေပြီး ကပ်ရောဂါ၏ လက်ရှိလှိုင်းကာလ ခြောက်လနီးပါးအတွင်း အမြင့်ဆုံးပမာဏဖြစ်ကြောင်း ရိုက်တာသတင်းဌာနက ရေးသားသည်။

…   
စနေနေ့တွင် တောင်ကိုရီးယားရောဂါထိန်းချုပ်ရေးနှင့် ကာကွယ်ရေးအေဂျင်စီ၏ စာရင်းဇယားများအရ ပြည်တွင်းကူးစက်မှု ၇၄၈ ခုနှင့် ပြည်ပမှ ဝင်ရောက်လာသူများတွင် ကိုရိုနာဗိုင်းရပ်စ်ရောဂါပိုးတွေ့ရှိမှု ၄၆ ခုရှိခဲ့ပြီး ထိုအချိန်ထိ ကူးစက်ခံရသူာ စုစုပေါင်းအရေအတွက်မှာ ၁-သိန်း ၆-သောင်းနီးပါး (၁၅၉,၃၄၂-ဦး) ဖြစ်ကြောင်း သိရှိရသည်။

_ဝန်ကြီးချုပ်မေတ္တာရပ်ခံချက်ကို_တောင်ကိုရီးယားအလုပ်သမားသမဂ္ဂပယ်ချ #တောင်ကိုရီးယားကိုရိုနာဗိုင်းရပ်စ်ရောဂါကူးစက်မှု

(((Russia Today., ‘Workplace deaths & dismissals scarier than Covid’: Labor unions hold massive rally in Seoul despite PM’s warning (PHOTOS)” ကို #HtayOung, #OungMarine ဆီလျော်အောင် အကျဉ်းချုံး၍ ဘာသာပြန်ဆိုသည်။)))

https://www.rt.com/news/528308-seoul-labor-unions-rally/ 

Leave a Reply

Your email address will not be published.