ဒေါ်နယ်ထရမ့်က ဝါရှင်တန်ဒီစီမြို့အား အရေးပေါ်အခြေအနေကြေညာ။ ဖယ်ဒရယ်အရေးပေါ်စီမံအုပ်ချုပ်မှုဆိုင်ရာအေဂျင်စီကို အခွင့်အာဏာအပ်နှင်း၊ ပြည်မ ၅၀-ပြည်နယ်အားလုံးတို့နှင့် အစိုးရရုံးစိုက်ရာမြို့တော်တို့၌ လက်နက်ကိုင်ဆန္ဒပြပွဲများ ပေါ်ပေါက်နိုင်ကြောင်း FBI သတိပေး


အချိန်ကုန်လွန်လာသည်နှင့်အမျှ ရွေးကောက်ခံသမ္မတဂျိုးဘိုင်ဒန်၏ ကျမ်းသစ္စာကျိန်ဆိုပွဲနှင့် ပတ်သက်၍ စိုးရိမ်ထိတ်လန့်မှု များပြားလာလျှက်သည်။ အသစ်ရွေးကောက်တင်မြှောက်ခြင်းခံထားရသော အမေရိကန်သမ္မတအား ရာထူးအပ်နှင်းသည့်ပွဲ မတိုင်မီ မည်ကဲ့သို့ ဖြစ်လာနိုင်သည်ကို မည်သူမျှ မသိနိုင်ပဲ ရှိကြသည်။ ထိုစဉ်အတွင်း လက်ရှိရာထူးမှ ထွက်ခွာရတော့မည့် ဒေါ်နယ်ထရမ့်က ရွေးကောက်ခံသမ္မတ ဂျိုးဘိုင်ဒင်နှင့် ဒုတိယသမ္မတ ကမ်မီလာဟဲရစ်စ်တို့၏ ရာထူးအပ်နှင်းပွဲတွင် မလိုလားအပ်သော အဖျက်လုပ်ရပ်များ မပေါ်ပေါက်စေရန် မြို့တော်ဝါရှင်တန်ဒီစီကို အရေးပေါ်အခြေအနေကြေညာလိုက်သည်ဟု အမေရိကန်မီဒီယာများက ရေးသားကြကြောင်း Dhaka Tribune က ယနေ့ဖော်ပြသည်။ 

..  
ကက်ပီတိုလ်ဟေးလ်တောင်ကုန်းရှိ အမေရိကန်လွှတ်တော်နှစ်ရပ်လုံးကျင်းပရာ အဆောက်အအုံတွင် ဒေါ်နယ်ထရမ့်ထောက်ခံသူတို့၏ အကြမ်းဖက်မှုများ မကြုံစဖူးဖြစ်ပေါ်ခဲ့ပြီးနောက် နိုင်ငံတစ်ဝှန်းလုံးတွင် သတိပေးချက်များ ထုတ်ပြန်ခဲ့ရသည်။ လာမည့် ဇန်နဝါရီ ၂၀ ရက်နေ့တွင် ဘိုင်ဒင်နှင့် ကမ်မီလာဟဲရစ်တို့က ကျမ်းသစ္စာကျိန်ဆို၍ ရာထူးလက်ခံရန် ရှိနေသည်။ ထိုသို့သော အခြေအနေတွင် လက်ရှိသမ္မတထရမ့်က အစိုးရရုံးစိုက်ရာမြို့တော်အတွက် ယခု ကဲ့သို့ ကြေညာလိုက်ခြင်းဖြစ်သည်။ 

..
တနင်္လာနေ့တွင် ထုတ်ပြန်သည့် ဒေါ်နယ်ထရမ့်၏ ညွှန်ကြားချက်၌ ဇန်နဝါရီလ ၂၄-ရက်နေ့အထိ ဝါရှင်တန်ဒီစီ၌ အရေးပေါ်အခြေအနေ ပြဋ္ဌာန်းကြောင်း၊ ပြည်တွင်းလုံခြုံရေးဋ္ဌာနနှင့် ဖက်ဒရယ်စီမံအုပ်ချုပ်မှုဆိုင်ရာအေဂျင်စီတို့အနေဖြင့် ဒေသဆိုင်ရာ အာဏာပိုင်တို့နှင့် ပူးပေါင်းဆောင်ရွက်ကြရန် ဖော်ပြထားသည်ဆို၏။ 

..
အထူးသဖြင့် အရေးပေါ်ကာလ သက်ရောက်မှုများကို ဖြေလျော့ရန်အတွက် လိုအပ်သော ပစ္စည်းကိရိယာနှင့် အရင်းအမြစ်များအား ဖယ်ဒရယ်အရေးပေါ်စီမံအုပ်ချုပ်မှုဆိုင်ရာအေဂျင်စီက အသုံးပြု၍ ဖော်ထုတ်၊ ဆော်သြ၊ ဆုံးဖြတ်ရန်ကိုလည်း ခွင့်ပြုပေးလိုက်သည်။

..   
အမေရိကန်သမ္မတရွေးကောက်ပွဲတွင် မဲခိုးခံရသည်ဟူသော ဒေါ်နယ်ထရမ့်၏ အခိုင်အမာပြောဆိုချက်ကို ထောက်ခံသည့်အနေဖြင့် ထရမ့်လိုလားသည့် ဆူပူသူတို့က ဇန်နဝါရီလ ၆-ရက်နေ့တွင် အမေရိကန်ပါလီမန်အဆောက်အအုံအတွင်း ဝင်ရောက်စီးနင်းခဲ့သည်။ အကြမ်းဖက်မှုများဖြစ်ပွားရာတွင် လူ ၅-ဦး သေဆုံးခဲ့ရသည်။ 

..
တနင်္လာနေ့စောစောပိုင်း၌ ဖက်ဒရယ်စုံစမ်းစစ်ဆေးရေးဗျူရို (FBI) က ပြည်တွင်းသတင်းလွှာထုတ်ပြန်ခဲ့ရာ ဘိုင်ဒင်ရာထူးလက်ခံပွဲကျင်းပရက်ဖြစ်သည့် ဇန်နဝါရီ ၂၀-ရက် မတိုင်မီ ပြည်မ ၅၀-ပြည်နယ်အားလုံးတို့နှင့် မြို့တော်ဝါရှင်တန်ဒီစီတို့၌ လက်နက်ကိုင် ကန့်ကွက်ဆန္ဒပြပွဲများ ပေါ်ပေါက်နိုင်ကြောင်း သတိပေးခဲ့သည်။ 

..  
ဝါရှင်တန်ဒီစီမြို့တော်ဝန်ဖြစ်သူ မူရီရယ်ဘိုဆာကလည်း ဇန်နဝါရီ ၆ ရက် ပါလီမန်အဆောက်အအုံတွင် ရုန့်ရင်းဆန်ခတ်၊ ဒဏ်ရာရ လူသေဆုံးခဲ့ရခြင်းတို့ကြောင့် သမ္မတရာထူးအပ်နှင်းပွဲမတိုင်မီ ပိုမိုတင်းကျပ်သော လုံခြုံရေး စီစဉ်ပေးရန်၊ ကျမ်းသစ္စာကျိန်ဆိုပွဲအား ပိုမိုကောင်းမွန်စွာ ပြင်ဆင်နိုင်ရန်အတွက် ပြည်တွင်းလုံခြုံရေးဋ္ဌာနအနေဖြင့် ဖက်ဒရယ်နှင့် ဒေသဆိုင်ရာအေဂျင်စီများအား ခန့်ခွဲစီမံပိုင်ခွင့် တိုးချဲ့ပေးအပ်ရန်၊ ဇန်နဝါရီလ ၁၁-ရက်နေ့မှ ၂၄-ရက်နေ့အထိ ထောက်လှမ်းရေးသတင်းနှင့် FBI အစီရင်ခံစာတို့အား ပေးပို့ပါရန် တောင်းခံခဲ့သည်။

..  
တချိန်တည်းမှာပင် ပါလီမန်လွှတ်တော်အဆောက်အအုံ အဓိကရုန်းဖြစ်ပျက်ပုံနှင့် ပတ်သက်၍ အပြည့်အစုံ သိရှိလိုပါကြောင်း ခရစ်စ်မာဖီဦးဆောင်သည့် အမေရိကန်အထက်လွှတ်တော်အမတ် ၃-ဦးတို့က ခေတ္တကာကွယ်ရေးဝန်ကြီးအဖြစ်ဆောင်ရွက်သူ ခရစ်စတိုဖာမီလာထံ စာရေးသားပေးပို့ခဲ့ကြောင်း သိရှိရသည်။ 

..
(( သေနတ်အလွန်ပေါပြီး အငြိုးအတေးများလှသည့် လူဖြူလူမျိုးကြီးဝါဒီတို့ ခြေကုပ်ရရှိနေသော အမေရိကန်ကဲ့ သို့ တိုင်းပြည်တွင် သည်ကိစ္စ သည်လောက်နှင့် ပြီးစီးလိမ့်မည် မထင်ပါ။

..

မြတ်စွာဘုရားရှင်ကိုယ်တော်တိုင် သက်တော်ထင်ရှားရှိပါလျှက် ဒေဝဒတ်သည်ပင်လျှင် နောက်လိုက်နောက်ပါ ရရှိနိုင်ပါသေးသည်။

သို့သော်လည်း နောက်ဆုံးတော့ ပီတူပီတားများသာ ပဲလှော်ကြား ဆားညပ်ပါလိမ့်မည်။ ။ သတင်းဘာသာပြန်သူ )) 

..
#ဝါရှင်တန်ဒီစီအားအရေးပေါ်အခြေအနေဒေါ်နယ်ထရမ့်ကြေညာ

..
..
((( Dhaka Tribune ., January 12 2021, “ Trump declares state of emergency in US capital” ကို #HtayOung, #OungMarine ဆီလျော်အောင် ကောက်နှုတ်ဘာသာပြန်ဆိုသည်။ ))) 
..
https://www.dhakatribune.com/world/north-america/2021/01/12/trump-declares-state-of-emergency-in-us-capital 
https://www.aljazeera.com/news/2021/1/12/trump-approves-state-of-emergency-declaration-in-us-capital 
https://www.nytimes.com/live/2021/01/12/us/capitol-riot-trump 
https://www.nbcnews.com/news/crime-courts/fbi-nypd-told-capitol-police-about-possibility-violence-riot-senior-n1253646 

Leave a Reply

Your email address will not be published.