နေတန်ညာဟု ဆယ်စုနှစ်ကျော် အာဏာရရှိမှု အဆုံးသတ်။ နိုင်ငံရေးပါတီအများစုပါဝင်သည့် ညွန့်ပေါင်းအစိုးရသစ် တက်လာ။ လူမျိုးရေးအကြမ်းဖက်မှုများ ဖြစ်ပေါ်၍ ဟားမတ်စ်တို့နှင့် ၁၁-ရက် ကြာ စစ်ခင်းခဲ့ရပြီးနောက် အစ္စရေး၏ နိုင်ငံရေးဦးဆောင်မှုအပြောင်းအလဲဖြစ်


အစ္စရေးနိုင်ငံတွင် ဘင်ဂျမင်နေတန်ညာဟု၏ ဝန်ကြီးချုပ်အဖြစ် ၁၂-နှစ်ကြာ ဆက်တိုက်အာဏာရရှိမှုမှာ ပါလီမန်တွင် မဲခွဲခြင်းဖြင့် တနင်္ဂနွေနေ့၌ အဆုံးသတ်ခဲ့ပြီး နိုင်ငံရေးပါတီအများစုပါဝင်သည့် ညွန့်ပေါင်းအစိုးရသစ် ဖြစ်ပေါ်လာခဲ့သည်ဟု AFP က ယနေ့ရေးသားသည်။

…   
အစိုးရသစ်ကို နေတန်ညာဟု၏ ယခင်မဟာမိတ် လက်ယာ ဂျူးအမျိုးသားရေးဝါဒီ နာတာလီဘင်းနက်( ၄၉-နှစ်) က ၂-နှစ်ကြာဦးဆောင်မည်ဖြစ်ပြီး နောက်ပိုင်းတွင် ညွန့်ပေါင်းအစိုးရတည်ဆောက်သူ လစ်ဘရယ်ဝါဒီ ရာယစ်လာပစ်က ဝန်ကြီးချုပ်အဖြစ် အလှည့်ကျတာဝန်ယူကြရန် စီစဉ်ထားသည်။

…  
အစ္စရေးအထူးတိုက်ခိုက်ရေးတပ်မှူးဟောင်း နည်းပညာလုပ်ငန်းရှင် သန်းကြွယ်သူဋ္ဌေးဖြစ်သည့် နာတာလီဘင်းနက်သည် အသက် ၇၁-နှစ်အရွယ် နေတန်ညာဟု၏ အုပ်ချုပ်မှုပုံစံကို အထင်မကြီးသူ တစ်ဦးဖြစ်ပြီး သဘောထားကွဲလွဲလျှက်ရှိသော ၈-ပါတီ ညွန့်ပေါင်းအဖွဲ့ကို ပဲ့ကိုင်ရတော့မည်ဖြစ်သည်။

…   
အစ္စရေးအတွက် အမေရိကန်ထက် ကောင်းသည့် မိတ်ဆွေမရှိဟုဆိုသူ သမ္မတဂျိုးဘိုင်ဒင်က နာတာလီဘင်းနက်၏ ဝန်ကြီးချုပ်တာဝန်ထမ်းဆောင်ခြင်းကို အလျှင်အမြန် ချီးကျူးလိုက်ပြီး နှစ်နိုင်ငံအကြား ဆက်ဆံမှုကဏ္ဍအားလုံးကို ခိုင်မြဲစေလိမ့်မည်ဟု မျှော်လင့်ကြောင်း သတင်းထုတ်ပြန်သည်။

…  
နေတန်ညာဟု အရေးနိမ့်ခြင်းမှာ ဂျေရုဆလင် ကင်နက်ဆက် အစ္စရေးပါလီမန်တစ်ဝှိုက် တုန်လှုပ်စေခဲ့သော်လည်း တဲလ်အဗစ်မြို့လယ်ပိုင်းတွင် လက်ခုပ်လက်ဝါးတီးကာ အလံများဝှေ့ရမ်းလျှက် အောင်ပွဲခံသူများ ရှိခဲ့သည်။

…     
နာတာလီဘင်းနက်သည် နေတန်ညာဟု၏ ကာကွယ်ရေးဝန်ကြီးအဖြစ် ၃-နှစ်ကြာ တာဝန်ထမ်းဆောင်ခဲ့ဖူးသူဖြစ်ပြီး ပါတီအသီးသီးမှ မတူညီသော ခေါင်းဆောင်များအနေဖြင့် နိုင်ငံအတွင်း မုန်းတီးမှုများနှင့် တိုက်ခိုက်မှုအရှိန်မြင့်စေသည့် ရုးသွပ်မှုများကို အဆုံးသတ်ပေးရန် အချိန်ကောင်း ဖြစ်ကြောင်း မိန့်ခွန်းပြောကြားစဉ် ၎င်းအားဆန့်ကျင်သူ လက်ယာအတိုက်အခံများက “လူလိမ် “ “ ရာဇဝတ်ကောင် “ ဟု ဒေါသတကြီး အော်ဟစ်ရှုတ်ချကြသည်။

…  
အီရန်အား အဓိကရန်သူအဖြစ် ပြောဆိုပြီး တီဟီရန်တွင် နျူကလီယာလက်နက်ပိုင်ဆိုင်ခွင့် မရှိစေရန် ကတိပြုခဲ့သူ၊ လွန်ခဲ့သည့်နှစ်တွင် အာရပ်နိုင်ငံများနှင့် သမိုင်းဝင်အပေးအယူလုပ်ခဲ့သဖြင့် နာတာလီဘင်းနက် ထောက်ခံသူများကမူ ၎င်းအား အစ္စရေးကို ကာကွယ်သူအဖြစ် ချီးကျူးဂုဏ်ပြုကြသည်။

…   
အသက် ၅၇-နှစ်အရွယ် ရာယစ်လာပစ်သည် ရုပ်သံအစီအစဉ်တင်ဆက်သူဖြစ်ပြီး ၎င်းစည်းရုံးထားသော ညွန့်ပေါင်းအစိုးရအုပ်စုတွင် လက်ယာ ၃-ပါတီ၊ လစ်ဘရယ် ၂-ပါတီ၊ လက်ဝဲ ၂-ပါတီနှင့်အတူ အာရပ်အစ္စလာမ်မစ်ကွန်ဆာဗေးတစ်ပါတီလည်းပါဝင်သည်။ ဘင်းနက်ထံမှ ဝန်ကြီးချုပ်တာဝန်လွှဲပြောင်းရယူခြင်းမတိုင်မီ လာပစ်အနေဖြင့် နိုင်ငံခြားရေးဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်မည်ဖြစ်သည်။

…   
အာရပ်လူဦးရေများပြားသော အစ္စရေးမြို့ကြီးများ၌ လူမျိုးရေးအကြမ်းဖက်မှုများ ဖြစ်ပေါ်ပြီးနောက်  ဂါဇာကမ်းမြှောင်ကို အုပ်ချုပ်လျှက်ရှိသော ဟားမတ်စ်အစ္စလာာမ်မစ်အုပ်စုနှင့် အစ္စရေးတို့အကြား ၁၁-ရက် ကြာစစ်ပွဲဖြစ်ပွားခဲ့သည်။ 

ယခုကဲ့သို့ အစ္စရေး၏ နိုင်ငံရေးဦးဆောင်မှုအပြောင်းအလဲမှာ အဆိုပါအဖြစ် အပျက်များအပြီး ရက်သတ္တပတ်အနည်းငယ်အကြာ၌ ထွက်ပေါ်လာခြင်းဖြစ်သည်။

#နေတန်ညာဟု_၁၂-နှစ်ကြာအာဏာရရှိမှုအဆုံးသတ် #အစ္စရေးညွန့်ပေါင်းအစိုးရသစ်

(((AFP., June 14th, 2021,” Israel’s Netanyahu ousted as ‘change’ coalition forms new govt.” ကို #HtayOung, #OungMarine ဆီလျော်အောင် ကောက်နှုတ်ဘာသာပြန်ဆိုသည်။)))

https://www.dhakatribune.com/world/middle-east/2021/06/14/netanyahu-ousted-bennett-israel-s-new-prime-minister 

Leave a Reply

Your email address will not be published.