
ဗုဒ္ဓဟူးနေ့တွင် ဘင်္ဂလားဒက်ရှ် နယ်ခြားစောင့်တပ် ( BGB ) နှင့် ရဲတပ်ဖွဲ့ဝင်တို့သည် ပျောက်ဆုံးနေသော ဘင်္ဂလားဒက်ရှ်နိုင်ငံသားကို သေနတ်ထိမှန်ထားသော ရုပ်အလောင်းအဖြစ် ဂျက်ဆိုးပြည်နယ် ရှားရှာမြို့နယ် အီချီဟာမတီမြစ်အနီး အိန္ဒိယနယ်စပ်တစ်နေရာ၌ ရှာဖွေတွေ့ရှိခဲ့ကြောင်း၊ အလောင်းကို ဂျက်ဆိုး အထွေထွေဆေးရုံကြီးသို့ ပို့ဆောင်လိုက်သည်ဟု ဘင်္ဂလားအခြေစိုက် Dhaka Tribune က ယနေ့ရေးသားသည်။
သေဆုံးသူမှာ အက်ဂရာဘူလော့ရွာနေ အစ္စဟတ်အလီ၏သား ရှရီဖူလ် ( ၃၀-နှစ် ) ဖြစ်သည်ကို ဖော်ထုတ်သိရှိရကြောင်း၊ ၎င်းမှာ လွန်ခဲ့သည့် တနင်္ဂနွေနေ့တည်းက ပျောက်ဆုံးနေခြင်းဖြစ်ကြောင်း၊ ယနေ့နံနက်တွင် အိန္ဒိယနယ်စပ် မြစ်ကမ်းပါး၌ အလောင်းတစ်လောင်းတွေ့ရှိရကြောင်း ဒေသခံများ၏ သတင်းပေးချက်အရ BGB တပ်ဖွဲ့ဝင်များနှင့်အတူ သွားရောက်ရှာဖွေရာ နံနက် ၁၀ နာရီခန့်တွင် ယခုကဲ့သို့ ပြန်လည်သယ်ယူနိုင်ခြင်းဖြစ်ကြောင်း ရှားရှာမြို့နယ် ရဲတပ်ဖွဲ့မှူးက ပြောဆိုသည်။
ရှရီဖူလ်သည် အိန္ဒိယဘက်မှ နွားများကို သယ်ဆောင်လေ့ရှိသူဖြစ်ပြီး အိန္ဒိယနယ်စပ်အား ကျူးကျော်မှုကြောင့် သေနတ်ဖြင့် ပစ်သတ်ခံရခြင်းဖြစ်သည်ဟု ကနဦး သံသယရှိကြောင်း၊ ဖြစ်စဉ်အား နောက်ထပ် အသေးစိတ် စုံစမ်းလျှက်ရှိပြီး ရှရီဖူလ်၏ အလောင်းကို ရင်ခွဲစစ်ဆေးနိုင်ရန် ဂျက်ဆိုးအထွေထွေဆေးရုံကြီးသို့ ပို့ဆောင်လိုက်ပြီ ဖြစ်ကြောင်း ရဲတပ်ဖွဲ့က ဆက်လက်ပြောဆိုသည်ဟု သတင်း၌ ဖော်ပြသည်။
((( Dhaka Tribune., June 10, 2020, “Bullet-hit body of missing man recovered near Jessore border.By: Tauhid-Uz-Zaman.” ကို ဆီလျော်အောင် ကောက်နှုတ်ဘာသာပြန်ဆိုသည်။ )))
#သေနတ်ထိမှန်ပျောက်ဆုံးနေသောဘင်္ဂလားဒက်ရှ်နိုင်ငံသား၏ ရုပ်အလောင်းကိုအိန္ဒိယနယ်စပ်၌ ပြန်လည်တွေ့ရှိ။
#အိန္ဒိယနယ်စပ်အားကျူးကျော်သည်ဟုသေနတ်ဖြင့်ပစ်သတ်ခံရခြင်းဖြစ်ဟု