မေ့လျှော့ခံ ARSA တို့ ပြန်ပေါ်လာ။ ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါ ကျရောက်လျှက်ရှိစဉ်နှင့် မြန်မာက ICJ တွင် အစီရင်ခံစာ တင်သွင်းရမည့်အချိန်နှင့် တိုက်ဆိုင်နေ

မြန်မာနိုင်ငံတွင် AA အဖွဲ့နှင့်မြန်မာ့တပ်မတော်တို့အကြား လက်နက်ကိုင် ပဋိပက္ခများကြောင့် အရပ်သားများ သေဆုံးမှုဖြစ်ပေါ်လျှက်ရှိပြီး ရခိုင်နှင့်ချင်းပြည်နယ်တို့၌ လက်နက်ကြီးများဖြင့်ပစ်ခတ်ခြင်း-လေကြောင်းတိုက်ခိုက်မှုများကြောင့် လူထောင်ပေါင်းများစွာ အိုးအိမ်စွန့်ခွာ ထွက်ပြေးရလျှက်ရှိသည်။ ယခုအခါ အများမေ့လျှော့ထားခဲ့သည့် လက်နက်ကိုင်အုပ်စုတစ်စုသည် ဝိရောဓိဖြစ်ပွားရာသို့ ပြန်လည်ဝင်ရောက်လာကြောင်း တွေ့ရှိရသည်ဟု Dhaka Tribune က ယမန်နေ့ ရေးသားသည်။

၂၀၁၇-ခုနှစ် သြဂုတ်လတွင် မြန်မာနယ်စပ်တစ်လျှောက် နယ်ခြားစောင့် ရဲကင်းများအား ARSA အရိပ်အုပ်စုတို့က ကြောက်မက်ဖွယ် ဝင်ရောက်တိုက်ခိုက်ခဲ့ကြသည်။ မြန်မာ့တပ်မတော်၏ “area clearance “ နယ်မြေရှင်းလင်းရေး “ ခေါ် လက်တုန့်ပြန်မှုကို ဖြစ်ပေါ်စေခဲ့ပြီး ယခုအခါ ဒုက္ခသည်ဘင်္ဂါလီ ( မူရင်း ရိုဟင်ဂျာဟုဖော်ပြ ) တို့အပေါ် လူမျိုးသုဉ်းပြုခြင်းအဖြစ် ရှုတ်ချခံရသည်အထိ ကျယ်ပြန့်လာခဲ့သည်။ ၎င်းတို့အတွက် ရခိုင်ပြည်နယ် နယ်စပ်တစ်လျှောက် မောင်တောမြို့တစ်ဝှိုက် အပြောင်းအလဲများစွာ ဖြစ်လာခဲ့ပုံရသည်။

ARSA ၏ အနည်းဆုံးစစ်ရေးလှုပ်ရှားမှုသည်ပင် လူမြင်ကွင်း၌ လပေါင်းများစွာ ပျောက်ကွယ်နေခဲ့သည်။ ၎င်းတို့ ပြန်လည်ပေါ်ထွက်လာရာတွင် စုစည်းမှုမှာနယ်စပ်တွင် အဘယ်ကြောင့် တဖြည်းဖြည်းပိုမိုပြင်းထန်လာသည်ဆိုခြင်းနှင့်၊ မြန်မာလုံခြုံရေးတပ်ဖွဲ့များမည်သို့တုန့်ပြန်မည်ဆိုခြင်း၊ ဒုက္ခသည်ဘင်္ဂါလီတို့အပေါ်မည်သို့ အကျိုးသက်ရောက်မှုများရှိလာနိုင်သည်ဆိုခြင်းတို့မှာ စိတ်ဝင်စားဖွယ် မေးခွန်းများဖြစ်သည်။

မြန်မာ့တပ်မတော်၏ သတင်းမီဒီယာများဖြစ်သော Myawady Daily မြဝတီနေ့စဉ်က မေလ ၂ ရက်နေ့ ဖော်ပြရာတွင် မြန်မာ – ဘင်္ဂလားဒေ့ရှ်နယ်စပ်ရှိ နယ်ခြားမှတ်တိုင် အမှတ် ၄၁- အနီးတွင် “ ARSA အစွန်းရောက် ဘင်္ဂါလီအကြမ်းဖက်သမားများ” က နယ်ခြားစောင့်ရဲတပ်ဖွဲ့အား (BGP) အား ချုံခိုတိုက်ခိုက်ခဲ့ကြောင်း စွပ်စွဲထားပြီး ရဲတပ်ဖွဲ့ဝင် ၂-ဦး ဒဏ်ရာရရှိခဲ့သည်ဟု ရေးသားပါသည် ။

ဧပြီလ ၁၅ ရက်နေ့တွင် မောင်တောခရိုင်ခမောင်းဆိတ်ကျေးရွာတွင် ARSA နှင့်မြန်မာနယ်ခြားစောင့်ရဲတပ်ဖွဲ့ (BGP) တို့တိုက်ပွဲဖြစ်ပွားရာ ရဲတပ်ဖွဲ့ဝင်တစ်ဦး သေဆုံးခဲ့ကြောင်း သိရှိရသည်။

ထိုထက်စောသည့် ARSA ၏ ဧပြီလ ၉-ရက်စွဲဖြင့် ထုတ်ပြန်ခဲ့သောကြေညာချက်တွင်မူ လွန်ခဲ့သည့် ၄-ရက်က ကျီးကန်းပြင်ဋ္ဌာနချုပ်နှင့် ခပ်လှမ်းလှမ်း၌ နယ်ခြားစောင့် ၅ ဦး မှ ၇ ဦးအထိပါဝင်သော မြန်မာလုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် ၎င်းတို့၏ တိုက်ခိုက်ရေးသမားတို့ ရင်ဆိုင်တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း၊ ၎င်းတို့၏ တုန့်ပြန်မှုက မြန်မာအကြမ်းဖက်စစ်တပ်အားလုံးကို သေဆုံးသည်အထိ ချေမှုန်းပစ်ခဲ့ကြောင်း ဖော်ပြထားသည်။

၂၀၁၇ ခုနှစ် သြဂုတ်လနောက်ပိုင်း ARSA ၏ သတင်းထုတ်ပြန်ချက်တို့အရ ထိတွေ့မှုတို့တွင် မတ်လ ၃၀ ရက်နေ့ Laing Zero Wa လိန်ဇိုဝကျေးရွာအနီး မြန်မာ့တပ်မတော်နှင့် ARSA ၏ တို့၏ အပြင်းထန်ဆုံးတိုက်ပွဲကို တွေ့မြင်ရသည်။ မိမိကိုယ်မိမိ ခုခံကာကွယ်ရေးတိုက်ပွဲဝင်သူများက မြန်မာစစ်ဖက် အကြမ်းဖက်သမား (၁၃) ဦး အနက် (၁၁) ဦး ကို ချေမှုန်းပစ်ခဲ့ကြောင်း ဖော်ပြထား၍ ဖြစ်သည်။

ယခုကဲ့သို့ ARSA နှင့် ထိတွေ့မှု အကြိမ်ရေများပြားလာခြင်းမှာ လတ်တလောဖြစ်ပွားနေသော Covid-19 အကျပ်အတည်းနှင့် ဆက်နွှယ်မှုမရှိပေ။ သို့သော် ယခု မေလတွင် ကျရောက်သည့် မြန်မာအစိုးရ၏ အပြည်ပြည်ဆိုင်ရာတရားခုံရုံး (ICJ) သို့ အစီရင်ခံစာတင်သွင်းရမည့်အချိန်နှင့် များစွာတိုက်ဆိုင်နေပုံရသည်။ ၂၀၁၇-ခုနှစ် တွင် ဒုက္ခသည်ဘင်္ဂါလီတို့အပေါ် လူမျိုးသုဉ်း ကျူးလွန်ခြင်းဆိုင်ရာ စွပ်စွဲချက်များနှင့် ပတ်သက်သည့် အမှုဖြစ်သည်။ မြန်မာလုံခြုံရေးတပ်များအား ARSA ၏ တိုက်ခိုက်မှုသည် အကြမ်းဖက်မှုများ ပြည့်နှက်လာပြီး ဒုက္ခသည် ဘင်္ဂါလီ ၇၀၀,၀၀၀ ကို ဘင်္ဂလားဒက်ရှ်နိုင်ငံအတွင်းသို့ မောင်းထုတ်ရာ ရောက်စေခဲ့သည်။

လတ်တလော ARSA တိုက်ခိုက်မှု သတင်းများသည် ထိုသို့သော အဖြစ်အပျက်မျိုးတွင် ပါဝင်သည်ဆိုရန် ထူးဆန်းသည့် အချိန်ဖြစ်သည်။ AA နှင့်မြန်မာစစ်တပ်အကြားတိုက်ပွဲများသည် မျိုးဆက်တစ်ဆက်အတွင်း မြန်မာနိုင်ငံ၌ အဆိုးရွားဆုံးဖြစ်ခဲ့ပြီး ရခိုင်နှင့်ချင်းပြည်နယ်တို့တွင် ထောင်ပေါင်းများစွာတို့မှာ အိုးအိမ်များကိုစွန့်ခွာထွက်ပြေးခဲ့ရသည်။

မတ် ၂၃-ရက်နေ့တွင် မြန်မာအစိုးရသည် AA အား ၂၀၁၄ ခုနှစ် အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေအရ အကြမ်းဖက်အဖွဲ့အစည်းအဖြစ်တရားဝင်သတ်မှတ်လိုက်ပါသည်။ ARSA အား အကြမ်းဖက်အဖွဲ့အစည်းအဖြစ် ပထမဆုံး လူသိရှင်ကြား သတ်မှတ်ပြီးနောက် AA သည် ဒုတိယမြောက် ကြေညာခံရသော အဖွဲ့အစည်းဖြစ်လာသည်။

ARSA နှင့်နှိုင်းယှဉ်ပါက AA သည် တိုက်ခိုက်ရေးသမား ၁၀,၀၀၀ ကျော် စုစည်းထားပြီး ၂၀၁၉ ခုနှစ် ဇန်နဝါရီလမှစ၍ ပြင်းထန်သော တိုက်ပွဲများဖော်ဆောင်၍ မြန်မာ့တပ်မတော်အပေါ် ထိရောက်စွာ နှောက်ယှက်နေနိုင်သည်။ ARSA မူကား အနည်းငယ်တို့သာ လက်နက်ကိုင်ဆောင်သည့် ဒေါသအမျက် ထွက်နေသူများ ဖြစ်သည်။

၂၀၁၆ နှင့် ၂၀၁၇ တိုက်ခိုက်မှုများမှာ ဒုက္ခသည်ဘင်္ဂါလီအသိုင်းအဝိုင်းတို့အား ငရဲတွင်းသက်ဆင်းရသည့် အလားဖြစ်၍ ရာဇဝတ်ဂိုဏ်းများ၊ မူးယစ်ဆေးဝါး ရောင်းဝယ်သူများနှင့် ယခင်ရှိခဲ့ဖူးသည့် အစွန်းရောက်သမားများကဲ့သို့ အခြားလက်နက်ကိုင်အုပ်စုများနှင့် ရောမွှေကာ ARSA အပေါ် ယုံကြည်ကိုးစားမှုကို လျော့နည်းစေခဲ့သည်။

ထောက်ပံ့ရေးဆိုင်ရာ စိန်ခေါ်ချက်မှာ နယ်စပ်ကို ပေါ်ပေါ်ထင်ထင်ဖြတ်ကျော်၍ ကျူးကျော်စစ်ဆင်ရန်ဖြစ်ပြီး လက်နက်များနှင့်သင်တန်းပေးခြင်းတို့အား ပိတ်ပင်ထားသည့် ဘင်္ဂလားဒေ့ရ်ှလုံခြုံရေးတပ်ဖွဲ့များ၏ တားဆီးမှု များကို ကျော်လွှားရမည့် ကိန်းဆိုက်နေသည်။

ARSA သည် ၂၀၁၈-ခုနှစ် မေလတွင် ပုံမှန်သတင်းထုတ်ပြန်ချက်နှင့် ဘာသာရေးဆိုင်ရာနှုတ်ခွန်းဆက်မှုများ ပြန်လည်စတင်ခဲ့သည်။ ၂၀၁၉-ခုနှစ်စောစောပိုင်းတွင်မူ မြန်မာ့တပ်မတော်၊ International Crisis Group (ICG)၊ South China China Morning Post သတင်းစာအပါအဝင် Fortify Rights တို့က ၎င်းတို့နှင့်ပတ်သက် ၍ ရေးသားချက်များမှာ ရာဇဝတ်မှုများကို ဖျက်ဆီးရန် အခြေအမြစ်မရှိသော စွပ်စွဲချက်များသာဖြစ်ကြောင်း ARSA က သတင်းထုတ်ပြန်ခဲ့သည်။

လွန်ခဲ့သည့် မတ်လ ၂၅-ရက်နေ့တွင် ARSA ၏ အသံဖြင့် သတင်းထုတ်ပြန်ချက် စီးရီးများ၌ Covid-19 ရောဂါ ပြန့်ပွားမှုရပ်တန့်ရေးအတွက် ပြည်သူ့ကျန်းမာရေးဆိုင်ရာ အကြံပြုချက်များကိုလိုက်နာကြရန် ဒုက္ခသည်ဘင်္ဂါလီတို့အား တိုက်တွန်းကြောင်း ပါရှိသည်။

(( ဘင်္ဂလားဒက်ရှ် မီဒီယာတို့သည် ပူလစ်ဇာနှင့် မက်ဆေးဆေးဆု တန်းဝင်သူများ ဟုတ်ပုံမရချေ။ တဖက်နိုင်ငံရောက် ဒုက္ခသည်များတွင် ARSA တို့ ရောနှောနေကြောင်း အိန္ဒိယထောက်လှမ်းရေးအရင်းအမြစ်များကို ကိုးကား၍ နိုင်ငံတကာမီဒီယာတို့က ဖော်ပြကြသည့်တိုင် ဘင်္ဂလားဒက်ရှ်အစိုးရနှင့် ဘင်္ဂလားအခြေစိုက်မီဒီယာများက ၎င်းတို့နိုင်ငံအတွင်း ARSA မရှိကြောင်း၊ အကြိမ်ကြိမ် ငြင်းဆိုခဲ့ကြသည်။

ထိုသို့ဆို၍ တစ်ဖက်နိုင်ငံရောက် ဒုက္ခသည်များသည် ARSA များဖြစ်သည်ဟု လုံး၀ မဆိုလိုပါ။ ARSA သည် အတိဒုက္ခရောက်လျှက်ရှိသူများအား ဆက်ကြေးကောက်၊ စိတ်မထင်လျှင် ညှင်းဆဲ၊ သတ်ဖြတ်ခြင်းမှ စိတ်ကြွဆေးရောင်းဝယ်ရာတွင် အသုံးချခြင်း၊ လူကုန်ကူးခြင်းအထိ လုပ်ဆောင်နေကြောင်း သတင်းများစွာ ထွက်ပေါ်ခဲ့သည်။

သို့သော်ဒုက္ခသည်စခန်းအတွင်း လူသတ်-ပြန်ပေးဆွဲ-ညှင်းပမ်းနှိပ်စက်သတင်းမှန်သမျှ မြန်မာနိုင်ငံအတွင်းရှိစဉ် ရန်ငြိုးများ- လက်လုပ်သေနတ်ကိုင် ဒါးပြများ၏ ကျူးလွန်မှုအဖြစ်သာဖော်ပြသည်။ Dhaka Tribune ၏ ယခုသတင်းတွင်မူ ရခိုင်မြောက်ဖျား၌ လပေါင်းအတန်ကြာ ပျောက်ကွယ်နေခဲ့သော ARSA တို့က တိုက်ပွဲများ ခပ်စိတ်စိတ် ဖော်ဆောင်လာကြောင်း ရေးသားထားသဖြင့် နားမလည်နိုင်အောင်ဖြစ်ရသည်။

ပြီးခဲ့သည့် လကုန်ပိုင်းတွင် ARSA တို့လွှင့်တင်သည့် ဧပြီ ၁၅၊ ၂၀၂၀ ရက်စွဲပါ ရုပ်သံတွင် မော်တော်ဆိုင်ကယ်စီး မြန်မာနယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင်များဖြစ်ဟန်ရှိသူတို့ကို ARSA က ချုံခိုတိုက်ခိုက်ပုံ ပါရှိသည်။ ၎င်းတွင် ARSA တို့သည် စစ်ယူနီဖောင်းအပြည့်အစုံ ဝတ်ဆင်ထားပြီး ခေတ်မီ မောင်းပြန်သေနတ်များ ကိုင်ဆောင်ထားကြောင်း တွေ့ရှိရပါသည်။ ။ သတင်းဘာသာပြန်သူ ))

((( Dhaka Tribune., May 5th, 2020.” Curious revival of Myanmar’s disorganized Rohingya rebels.” ကို #HtayOung, #OungMarine ဆီလျော်အောင် ကောက်နှုတ်ဘာသာပြန်ဆိုသည်။ )))

https://www.dhakatribune.com/world/south-asia/2020/05/05/curious-revival-of-myanmar-s-disorganized-rohingya-rebels

#ကိုရိုနာဗိုင်းရပ်စ်ကာလနှင့်ICJအစီရင်ခံစာကာလARSAပြန်ပေါ်လာခြင်း

0

Leave a Reply

Your email address will not be published.