ရေတပ်သားများ ကိုရိုနာဗိုင်းရပ်စ်ရောဂါကျရောက်လျှက်ရှိကြောင်း မီဒီယာများသို့ အသိပေးသူ လေယာဉ်တင်သင်္ဘောမှ စစ်ရေယာဉ်မှူး၏လုပ်ရပ်မှာ မသင့်လျှော်ဟု အမေရိကန်သမ္မတမှတ်ချက်ပေး။ မသင့်လျှော်သောနည်းလမ်းဖြင့် သတင်းပေါက်ကြားဟု စစ်ရေယာဉ်မှူး ရာထူးမှဖယ်ရှားခံရ

အမေရိကန်လေယာဉ်တင်သင်္ဘော ယူအက်စ်အက်စ် သီအိုဒိုရူးစ်ဗဲ့အား ကိုရိုနာဗိုင်းရပ်စ်ကူးစ်ပျံ့ပွားခြင်းမှ ကယ်တင်ရန် အရေးယူဆောင်ရွက်မှုလိုအပ်ကြောင်း စစ်ရေယာဉ်မှူးက သတိပေးစာပေးပို့သည့်လုပ်ရပ်မှာ မသင့်လျှော်ကြောင်း၊ သမ္မတဒေါ်နယ်ထရမ့်က စနေနေ့တွင် မှတ်ချက်ပြုပြောကြားသည်ဟု CNN က ယနေ့ ရေးသားသည်။

ယာယီရေတပ်ဝန်ကြီး သောမတ်စ်မိုလ်ဒီကမူ နူကလီယာစွမ်းအင်သုံးသင်္ဘောကြီး၏ စစ်ရေယာဉ်မှူးတစ်ဦးဖြစ်သူက စည်းကမ်းမလိုက်နာ၊ လုံခြုံမှုမရှိသောနည်းလမ်းဖြင့် သတင်းပျံ့နှံ့စေခဲ့သဖြင့် ညံ့ဖျင်းသော ဆုံးဖြတ်ချက် ချမှတ်ရာရောက်ကြောင်း လေယာဉ်တင်သင်္ဘောမှ ဗိုလ်မှူးကြီး ဘရက်တ်ခရိုဇာအား ရာထူးမှ ဖယ်ရှားခဲ့ရခြင်းနှင့်ပတ်သက်၍ အကျယ်တဝံံ့ ဝေဖန်ပြောကြားသည်။

“ အတော်ကြောက်စရာကောင်းတယ်လို့ ကျွန်တော်ထင်တယ်၊ ရိုးသားမှုရှိဖို့တော့လိုတယ် “ ဟု မှတ်ချက်ပြု ခဲ့သော ဒေါ်နယ်ထရမ့်က ရာထူးမှ ဖယ်ရှားခံရသော စစ်ရေယာဉ်မှူးအား ဗီယက်နမ်သို့ ပို့ရန် အကြံပြုပုံရသည်။ သို့သော် ဗိုလ်မှူးကြီး ဘရက်တ်ခရိုဇာအား ရာထူးမှဖယ်ရှားခဲ့ခြင်းမှာ သမ္မတ၏ သဘောဆန္ဒမဟုတ်သည့်တိုင် နောက်ပိုင်း၌ ဆုံးဖြတ်ချက်အား ရာနှုန်းပြည့်သဘောတူခဲ့ကြောင်း သိရှိရသည်။

CNN သည် လွန်ခဲ့သည့်စနေနေ့က သီအိုဒိုရူးစဗဲ့တွင် တာဝန်ထမ်းဆောင်လျှက်ရှိသူ ရေတပ်သားများအနက် ၁၅၅- ဦးတို့၌ ဗိုင်းရပ်စ်ပိုးကူးစက်ခံထားရသည်ကို တွေ့ရှိကြောင်း အမေရိကန်ရေတပ်မတော်အား ကိုးကားဖော်ပြခဲ့သည်။

ဗိုလ်မှူးကြီး ဘရက်တ်ခရိုဇာသည် သီဒိုအိုရူးစဗဲ့ လေယာဉ်တင်သင်္ဘောတွင် တာဝန်ထမ်းဆောင်နေစဉ် ရေယာဉ်ပေါ်တွင် ကိုဗစ်-နိုင်တင်းရောဂါပျံ့ပွားလျှက်ရှိခြင်းနှင့် ပတ်သက်၍ ရေတပ်မတော်ခေါင်းဆောင်များထံ စာရေးသားခဲ့သည်။ “ ကျွန်ုပ်တို့ စစ်တိုက်နေခြင်းမရှိပါ၊ ကျွန်ုပ်၏ သင်္ဘောသားများလည်း သေရန်မလိုပါ။ သင်္ဘောသားများအနက် ၁၁၄-ဦးမှာ ကိုရိုနာဗိုင်းရပ်စ်စွဲကပ်လျှက်ရှိကြောင်း တွေ့ရှိရပါသည်။ ယခုအချိန် အရေးယူဆောင်ရွက်ခြင်းမရှိလျှင် ကောင်းမွန်စွာဂရုမစိုက်နိုင်ဟု ကျွန်ုပ်တို့အပေါ်ထားရှိသော ၎င်းတို့၏ ယုံကြည်မှု ပျောက်ဆုံးသွားနိုင်ပါသည် “ ဟု ၄-မျက်နှာခန့်ရှိသည့်စာတွင် ရေးသားဖော်ပြထားသည်။ သင်္ဘောသား ၄,၀၀၀ ခန့်အား သင်္ဘောမှ ဆင်းခွင့်ပြု၍ ၂-ပတ်ကြာ ရောဂါခြေချုပ်ဖြင့် စောင့်ကြည့်သင့်ကြောင်း ဧပြီလ ၂-ရက်နေ့ပေးပို့သည့် ခရိုဇာ၏စာမှာ San Francisco Chronicle သတင်းစာတွင် ၎င်းနေ့၌ပင် ဖော်ပြပါရှိခဲ့သည်။

နောက်ပိုင်းတွင် Foreign Policy – FP မဂ္ဂဇင်းကြီးက ထပ်မံဖော်ပြရာ၌ ခရိုဇာ၏ မေတ္တာရပ်ခံတောင်းပန်ခြင်းကို ရေတပ်မတော် ထိပ်တန်းအရာရှိကြီးများက ဆောင်ရွက်ပေးမည်ဟု ၂-ကြိမ်ဖုန်းဆက်သည်ဆိုခြင်းမှာ မှန်ကန်ခြင်းမရှိပဲ မသိကျိုးကျွံပြုခဲ့ကြောင်း ရေးသားထားသည်။

ဗိုလ်မှူးကြီး ဘရက်တ်ခရိုဇာ၏ အကြောင်းကြားစာမှာ အပြုသဘောဆောင် မှန်ကန်ပြီး ၎င်းအား ရာထူးမှ ဖယ်ရှားရသည်မှာ ကျွန်ုပ်တို့ထံ ပေးပို့သည့် စာကြောင့်မဟုတ်ကြောင်း ယာယီရေတပ်ဝန်ကြီး သောမတ်စ်မိုလ်ဒီက ပြောကြားသည်။ ရေတပ်ဝန်ကြီး၏ လက်ထောက် ရေတပ်စစ်ဦးစီးချုပ်နှင့် ဗိုလ်မှူးကြီးခရိုဇာတို့ ကြိမ်ဖန်များစွာ ဖုန်းဆက်ကြကြောင်း၊ လေယာဉ်တင်သင်္ဘောကြီး ဆိုက်ကပ်ထားရာ ဂူအမ်ကျွန်းရှိ ဟိုတယ်များတွင် သင်္ဘောသားများအား ရောဂါခြေချုပ်ဖြင့် စောင့်ကြည့်ရန် ရေတပ်အာဏာပိုင်တို့က စီစဉ်ခဲ့ကြောင်း သတင်းရင်းမြစ်အချို့ က ဖော်ပြသည်။

ဗိုလ်မှူးကြီး ခရိုဇာ ရာထူးမှ ဖယ်ရှားခံရခြင်းအတွက် လေယာဉ်တင်သင်္ဘောမှ အရာရှိ-စစ်သည် ၅,၀၀၀ ကျော်နှင့် ၎င်းတို့၏ မိသားစုဝင်များ ဒေါသထွက်လျှက်ရှိကြသည်။ သတင်းမီဒီယာနှင့် လူမှုကွန်ရက်တို့၌လည်း ပြင်းထန်စွာ ရှုတ်ချရေးသားနေကြဆဲဖြစ်သည်။ ရာထူး၌ ပြန်လည်ခန့်ထားရန် အွန်လိုင်း၌ လက်မှတ်ရေးထိုး တောင်းဆိုသူ ၉၀,၀၀၀ နီးပါးရှိခဲ့သည်။

ရာထူးမှ ဖယ်ရှားခံရပြီးနောက် ယူအက်စ်အက်စ်သီအိုဒိုရူးစဗဲ့အား စွန့်ခွာ၍ နောက်ဆုံးအနေနှင့် ထိုးတံတား မင်းလမ်းမှ ထွက်ခွာသွားသော ဘရက်တ်ခရိုဇာအား ရာပေါင်းများစွာသော ရေတပ်စစ်သည်တို့က သူရဲကောင်း တစ်ဦးအဖြစ် ကောင်းချီးပေးဟစ်ကြွေး နှုတ်ဆက်ကြသည်။

(( အီရတ်ထိပ်တန်းလျှို့ဝှက်အဆင့် သတင်းများအား အများသိဖွင့်ချသဖြင့် ထောင် ၁၇၅-ကျခံရတော့မည့် ဝီကီလိခ်တည်ထောင်သူ ဂျူလီယန်အက်ဆေန့် အပါအဝင် ယခု ဗိုလ်မှူးကြီး ဘရက်တ်ခရိုဇာဖြစ်ရပ်မှာ အမေရိကန်နိုင်ငံ၏ သတင်းတိုင်း သိခွင့်ရှိသည်ဆိုခြင်းကို မည်သို့သဘောထားကြောင်း သက်သေပြလျှက်ရှိသည်။ ဂျူလီယန်အက်ဆေန့်ကို အီကွာဒိုက နိုင်ငံရေးခိုလှုံခွင့် ရုတ်သိမ်းပြီး ရက်မကူးမီ လန်ဒန်ရဲတို့က အီကွာဒိုသံရုံးအတွင်း ဝင်ရောက်ဖမ်းဆီးခဲ့သည်။ အာမခံဖောက်ဖျက်မှုဖြင့် ထောင်ဒါဏ် ၅၄-ပတ် ကျခံပြီး အက်ဆေန့်ကို အမေရိကန်သို့ လွှဲပြောင်းသင့်-မသင့် ကြားနာရာ၌ လုံခြုံရေးစိုးရိမ်ရသည်ဟုဆိုကာ လန်ဒန်အကျဉ်းထောင်တွင် ယခုထိ ချုပ်နှောင်ထားဆဲဖြစ်သည်။

ဝီကီလိခ်အား စာရွက်စာတန်းများ ပေးပို့ခဲ့သူမှာ အယ်လိဇဘက်ချယ်ဆီးမန်းနင်းဖြစ်သည်။ စစ်ခုံရုံးက ထောင်ဒါဏ် ၃၅-နှစ် အပြစ်ပေးခဲ့ပြီး ပြည်တွင်းနှင့် နိုင်ငံတကာဖိအားများကြောင့် ထောင်ကျသက် ၇-နှစ်တွင် သမ္မတ အိုဘားမားက လွတ်ငြိမ်းခွင့်ပြုခဲ့သည်။ သို့သော် ယခု သမ္မတဒေါ်နယ်ထရမ့်လက်ထက်တွင် ဝီကီလိခ်သို့ လွှဲ ပြောင်းပေးခဲ့သော စာရွက်စာတန်းများကို သိလိုသည်ဟုဆိုကာ ထပ်မံတရားစွဲခံရသည်။ ချယ်ဆီးမန်းနင်းလည်း ရုံးတော်မေးမြန်းသည်ကို ငြင်းဆန်မှုဖြင့် အချုပ်ခံရပြန်သည်။ ထောင်ထဲတွင် သေကြောင်းကြံသဖြင့် ထောင်မှ လွှတ်ပေးသော်လည်း ဒါဏ်ငွေ ဒေါ်လာ ၂၅၆,၀၀၀ တပ်ရိုက်သည်။ အမှု့မှာလည်း တန်းလန်းကြီးပင်။

သတင်းမီဒီယာတို့သည် လူ့အဖွဲ့အစည်းအတွင်း မတော်မတရားမှု့များကို လူအများသိစေရန် မှန်ကန်မြန်ဆန်စွာ အသိပေးနိုင်သော လေးစားဖွယ် စည်းကြပ်ဒိုင်လူကြီး “ Whistle-Blower “ ဖြစ်ကြပါသည်။ မရှိမဖြစ်သူများဟု ဆိုနိုင်ပါ၏။

တစ်ဖက်တွင်လည်း လူအများ၏ အုပ်ချုပ်ရေး- လုံခြုံရေး- ကာကွယ်ရေးနှင့် ပတ်သက်၍ သက်ဆိုင်ရာအစိုးရတို့တွင် လျှို့ဝှက်ကန့်သတ်ကြရမြဲဖြစ်ပါသည်။ နိုင်ငံတော်လျှို့ဝှက်ချက် အက်ဥပဒေဆိုသည်မှာ နိုင်ငံတိုင်းနီးပါးရှိသည်။ လူတိုင်းသည် ပညာရှိများမဟုတ်၊ Common Sense ကို “သာမန်အသိ” ဟု ဆိုသည့်တိုင် အခါခပ်သိမ်း ဆင်ခြင်နေကြခြင်းမရှိနိုင်ပါ။ ဤတွင် သတင်းမှန်လျှင် သိခွင့်ရှိသည်ဟုဆိုရာ၌ “ သတင်း “ ၏ အဓိပ္ပါယ်ကို ပြားလချပ်အဓိပ္ပါယ်ဖွင့်လျှင် မီဒီယာနှင့် အာဏာပိုင်တို့ ထိပ်တိုက်တိုးမိတတ်ကြသည်။

လူထဲက လူပင်ဖြစ်သော မီဒီယာသမားတိုင်းလည်း အမှားမကင်းနိုင်ချေ။ လူချင်းအတူတူဖြစ်ပါလျှက် ဒီအလုပ် လုပ်သူဖြစ်၍ ဥပဒေအရ အရေးမယူရဆိုသည်ကို ကျွန်တော်ဘယ်လိုမှ နားမလည်ပါ။ အထူးသဖြင့် ဗိုလ်မှူးကြီး ဘရက်တ်ခရိုဇာ၊ ဂျူလီယန်အက်ဆေ့န်နှင့် ချယ်ဆီးမန်းနင်းတို့ကို မည်သို့မည်ပုံ ကိုင်တွယ်အရေးယူကြောင်း ကမ္ဘာသိဖြစ်ရပ်တွင် ပါဝင်နေသော နိုင်ငံကြီးများက ထိုအကြောင်း ကျယ်လောင်စွာပြောဆိုနေကြခြင်းကို ပို၍ နားမလည်ပါခင်ဗျား။ ။ သတင်းဘာသာပြန်သူ )

((( CNN., April 4, 2020,” Trump says it was ‘inappropriate’ of ex-USS Theodore Roosevelt commander to write memo. By Veronica Stracqualursi ” ကို #HtayOung, #OungMarine ဆီ လျော်အောင် ကောက်နှုတ်ဘာသာပြန်ဆိုသည်။ အကြောင်းအရာတူ ဖော်ပြချက်များမှာ ပေးထားပါ Links များအတိုင်းဖြစ်သည်။ )))

https://edition.cnn.com/2020/04/04/politics/trump-uss-roosevelt-commander-coronavirus/index.html

https://www.dailymail.co.uk/news/article-8186861/Captain-USS-Theodore-Roosevelt-reassigned-face-disciplinary-action.html

https://www.washingtonpost.com/opinions/2020/04/04/trump-wants-him-fired-inside-ouster-capt-brett-crozier/

https://www.cnet.com/news/julian-assange-arrested-at-ecuadorian-embassy-in-london-after-nearly-seven-years/

https://www.bbc.com/news/world-us-canada-47501763

https://www.nbcnews.com/news/us-news/army-must-refer-chelsea-manning-woman-not-man-court-n318286

#ကိုရိုနာဗိုင်းရပ်စ်စွဲရောဂါလေယာဉ်တင်စစ်သင်္ဘောနှင့်မီဒီယာပေါက်ကြားမှု

0

One Reply to “ရေတပ်သားများ ကိုရိုနာဗိုင်းရပ်စ်ရောဂါကျရောက်လျှက်ရှိကြောင်း မီဒီယာများသို့ အသိပေးသူ လေယာဉ်တင်သင်္ဘောမှ စစ်ရေယာဉ်မှူး၏လုပ်ရပ်မှာ မသင့်လျှော်ဟု အမေရိကန်သမ္မတမှတ်ချက်ပေး။ မသင့်လျှော်သောနည်းလမ်းဖြင့် သတင်းပေါက်ကြားဟု စစ်ရေယာဉ်မှူး ရာထူးမှဖယ်ရှားခံရ”

Leave a Reply

Your email address will not be published.