ရောဂါဖော် စံသတ်မှတ်ချက် ပြောင်းလဲပြီးနောက် တရုတ်နိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ်ဖြင့် လူသေဆုံးနှုန်း ၂-ဆကျော်ခုန်တက်။ ကူးစက်ခံရကြောင်း အတည်ပြုခံရသူ ၁၀-ဆကျော် ထိုးတက်သွား။

WHO က Covid – 19 ဟု အမည်ပေးလိုက်သည့် ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခြင်းခံရကြောင်း ရောဂါဖော်ထုတ်ရာတွင် စံသတ်မှတ်ချက်များကို ပြောင်းလဲပြီးနောက် တရုတ်နိုင်ငံ ဟူဘေးပြည်နယ်၏ ၂၄-နာရီအတွင်း လူသေဆုံး- ကူးစက်နှုန်းမှာ အကြီးအကျယ် မြင့်တက်ပြောင်းလဲသွားသည်ကိုတွေ့ရှိသည်။ ဆိုလိုသည်မှာ ဆေးဝါးကုသသူတို့အနေဖြင့် ဝေဒနာခံစားနေရသည့်လူနာ၏ ရောဂါအမျိုးအမည်ဖော်ထုတ်ရာတွင် ကျယ်ပြန့်စွာထည့်သွင်းဆုံးဖြတ်ရမည်ကို ညွှန်ပြလျှက်ရှိကြောင်း South China Morning Post က ယနေ့ရေးသားသည်။

ယနေ့နံနက်ပိုင်းအထိ တရုတ်နိုင်ငံ ဟူဘေးပြည်နယ်တွင် ကိုရိုနာဗိုင်းရပ်စ်ဖြင့် သေဆုံး ၂၄၂- ဦး၊ ကူးစက်ခံရသူ ၁၄,၈၄၀- ဦး ဖြစ်ကြောင်းတွေ့ရှိရသည်။ ယမန်နေ့ထက်စာလျှင် လူပေါင်း ၂-ဆကျော်သေဆုံး၍ ကူးစက်ခံရကြောင်း အတည်ပြုခံရသူဦးရေ ၁၀-ဆကျော်သို့ ထိုးတက်သွားခြင်းဖြစ်သည်။

ဝေဒနာရှင်တို့၏ ရောဂါအမျိုးအမည်ကို ဖော်ထုတ်၍ အချိန်မီဆေးဝါးကုသမှုပေးနိုင်ရန် ယခင်နှင့်မတူသော အသေးစိတ် စံသတ်မှတ်ချက်များကို ပြောင်းလဲပြီးနောက် ယခု ဗိုင်းရပ်စ်ကူးစက်ခံရသူ အရေအတွက်ကို တွေ့ရှိရခြင်းဖြစ်ကြောင်း တရုတ်ကျန်းမာရေးအာဏာပိုင်များ၏ သတင်းထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

တရုတ်ကျန်းမာရေးကော်မရှင်၏ နေ့စဉ်သတင်းထုတ်ပြန်ချက်အရ ယနေ့နံနက်အထိ နိုင်ငံတစ်ဝှမ်းလုံးတွင် ဗိုင်းရပ်စ်ကူးစက်ခံရသူ စုစုပေါင်း ၄၈,၂၀၆ – ဦး၊ သေဆုံး ၁,၃၁၀-ဦးဖြစ်ကြောင်း၊ ဟူဘေးပြည်နယ်တစ်ခုတည်း၌ပင် ၂၄-နာရီအတွင်း ဗိုင်းရပ်စ်ဖြင့် သေဆုံး ၉၄-ဦး၊ ကူးစက် ၁,၆၃၉- ရှိကြောင်း ဖော်ပြပါရှိသည်။

(( အစဉ်လေးစားအပ်သော မိတ်ဆွေများခင်ဗျား … ဝူဟန်ကိုရိုနာဗိုင်းရပ်ဟု ကျွန်တော်များ သိရှိနေကြသည့် 2019 n-CoV ဗိုင်းရပ်စ်နှင့် ပတ်သက်၍ WHO ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးက ယမန်နေ့နံနက်မှ စတင်ကာ Covid – 19 အမည်ပေးခဲ့ပါသည်။ “၂၀၁၉-ခုနှစ် ဒီဇင်ဘာ ၃၁-ရက်နေ့တွင် ပထမဆုံးတွေ့ရှိရသော ကိုရိုနာ ဗိုင်းရပ်စ်စွဲ ကပ်ရောဂါ ” ဟု အဓိပ္ပါယ်ရရှိသည်။

ယခုကဲ့သို့ ကူးစက်ရောဂါ ကပ်အသွင်ပျံ့နှံ့သည့်အခါ WHO အနေဖြင့် မြန်မာနိုင်ငံအပါအဝင် ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံအားလုံးကို အပြည့်အဝကူညီပါသည်။ တရုတ်နိုင်ငံအနေဖြင့်လည်း အမေရိကန်ကဲ့သို့ ပြည်ပအကူအညီကို လက်မခံသော်လည်း WHO ကိုမူ ကောင်းမွန်စွာ ပူးပေါင်းဆောင်ရွက်ကြောင်း တွေ့ရှိရပါသည်။

ကျွန်တော်များသိရှိပြီးဖြစ်သည့်အတိုင်း ဝေဒနာခံစားနေရသည့်လူနာ၏ ရောဂါအမျိုးအမည်ဖော်ထုတ်ရာ၌ ၎င်းလူနာ၏ အပြင်ပန်း မြင်တွေ့နေရသည့် လက္ခဏာများအပြင် ဓါတ်ခွဲခန်းရလာဒ်များကိုလည်း အခြေခံကာ သတ်မှတ်ရပါသည်။

ယခု သတင်းအရဆိုလျှင် ချောင်းဆိုး၊ ကိုယ်အပူချိန်မြင့်တက်၊ အသက်ရှူရန်ခက်ခဲ စသည့် အပြင်ပန်းလက္ခဏာတို့သည် ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခြင်းဖြစ်သည်ဟု ရောဂါအမည်တပ်ခြင်းမှ ပိုမိုကျယ်ပြန့်သည့် အချက်အလက်များထည့်သွင်းလာသည်ဟု ဆိုလိုရာရောက်ပါသည်။

ထိုအပိုင်းမှာ ကျွမ်းကျင်ဆေးပညာရှင်များ၏ ကဏ္ဍသာဖြစ်ပါ၍ ဆေးမြီးတိုနှင့် အခြေအမြစ်ဖော်ပြနိုင်ခြင်းမရှိသည့် ပါးစပ်သတင်းများကို လက်မခံပဲ ကျွန်တော်များ သက်ဆိုင်ရာကျန်းမာရေးဦးစီးဋ္ဌာနနှင့် ဆရာဝန်တို့၏ ညွှန်ကြားချက်များအတိုင်း လိုက်နာခြင်းဖြင့်သာ ခြောက်လှန့်လျှက်ရှိသော ကိုရိုနာဗိုင်းရပ်စ်စွဲရောဂါကို အချိန်တိုအတွင်း ထိရောက်စွာ ကာကွယ်- တွန်းလှန်နိုင်မည်ဖြစ်ပါသည်။ ။ သတင်းဘာသာပြန်သူ ))

((( South China Morning Post., 13 Feb, 2020, “Coronavirus: Hubei province reports spike in new confirmed cases and deaths after change in diagnostic criteria.” ကို #HtayOung, #OungMarine ဆီလျော်အောင် ကောက်နှုတ်ဘာသာပြန်ဆိုသည်။ )))

#၂၀၁၉-ခုနှစ်ဒီဇင်ဘာ၃၁-ရက်နေ့တွင်ပထမဆုံးတွေ့ရှိရသောကိုရိုနာဗိုင်းရပ်စ်စွဲကပ်ရောဂါ #Covid-19 #ကိုရိုနာဗိုင်းရပ်စ်

https://www.scmp.com/news/china/society/article/3050354/coronavirus-hubei-province-reports-sharp-spike-new-confirmed

https://gisanddata.maps.arcgis.com/apps/opsdashboard/index.html?fbclid=IwAR0tOhUl59T4ql89uyu8fgwqjI3F4AOGGL5U8M_s5RQurA0mqtzgoGJlcVE#/bda7594740fd40299423467b48e9ecf6

1+

One Reply to “ရောဂါဖော် စံသတ်မှတ်ချက် ပြောင်းလဲပြီးနောက် တရုတ်နိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ်ဖြင့် လူသေဆုံးနှုန်း ၂-ဆကျော်ခုန်တက်။ ကူးစက်ခံရကြောင်း အတည်ပြုခံရသူ ၁၀-ဆကျော် ထိုးတက်သွား။”

  1. ပိုပြီး အသေးစိတ်ရရင်…၂၀၁၉ ဒီဇင်ဘာ ၃၁ မှာ ဗိုင်းရပ်စ်ကြောင့် ရောဂါဖြစ်တာ စတွေ့တယ်- ရောဂါလက္ခဏာတွေသတ်မှတ်တယ်- သီတင်း ၈- ပါတ်ကြာပြီးနောက် ရောဂါလက္ခဏာ သတ်မှတ်တာကို ပြောင်းလဲလိုက်တယ်။ ရောဂါသက်သာတယ်ဆိုပြီး ဆေးရုံက ဆင်းပေးလိုက်သူ။ သေသာသေတယ် ကိုရိုနာဗိုင်းရပ်စ်ကြောင့် မဟုတ်ဖူးလို့ ဆုံးဖြတ်ပေးခဲ့သူတွေဟာ မမှန်သေးဘူးလို့ ပြောတာနဲ့ အတူတူပါပဲ။ #HtayOung, #OungMarine

    0

Leave a Reply

Your email address will not be published.