ရေခြားမြေခြားတွင် သောင်တင်နေသော မိမိတို့နိုင်ငံသား ရွှေ့ပြောင်းအလုပ်သမားများအား အစိုးရက ကယ်ဆယ်ရန် နီပေါတရားလွှတ်တော်ချုပ် အမိန့်ချမှတ်။

Covid-19 ကူးစက်ကပ်ရောဂါကျရောက်လျှက်ရှိစဉ် ၎င်းတို့နိုင်ငံသားများနေရပ်ပြန်လာခြင်းကို နီပေါအစိုးရက တားဆီးခဲ့သည်။ နိုင်ငံတော်အစိုးရအနေဖြင့် ရေခြားမြေခြားတွင် ညှိုးငယ်စွာသောင်တင်လျှက်ရှိသည့် ရွှေ့ ပြောင်းအလုပ်သမားများအား ပြန်လည်ခေါ်ယူရန် နီပေါတရားလွှတ်တော်ချုပ်က ဆုံးဖြတ်လိုက်သည်ဟု Russia Today ( Apr.17, 2020 ) က ရေးသားသည်။

ပင်လယ်ကွေ့ဒေသ၊ မလေးရှားနှင့်ကိုရီးယားနိုင်ငံတို့တွင် ဝမ်းစာရှာဖွေလျှက်ရှိသော နီပေါနိုင်ငံသားရွှေပြောင်း အလုပ်သမား ၂.၆ သန်းအထိရှိသည်။ သက်ဆိုင်ရာနိုင်ငံတို့တွင် ကိုရိုနာဗိုင်းရပ်စ်စွဲရောဂါကူးစက်ပျံ့နှံ့ခြင်းမှ ကာကွယ်ရန် ပိတ်ပင်တားဆီးမှု Lockdown များပြုလုပ်သည့်အခါ စက်ရုံ-အလုပ်ရုံများလည်း ပိတ်ကြရသဖြင့် အလုပ်ပြုတ်ကြရသည်။ များစွာသော နိုင်ငံသားရွှေ့ပြောင်းအလုပ်သမားများမှာ တိုင်းတစ်ပါးတွင် သိမ်ငယ်စွာနေထိုင်ကြရကြောင်း အလုပ်သမားအခွင့်အရေးတက်ကြွလှုပ်ရှားသူများက ထောက်ပြခဲ့ကြသည်ဆို၏။

လူဦးရေ ၂၈-သန်းခန့်နေထိုင်ရာ ကုန်းတွင်းပိတ်နိုင်ငံငယ်လေးဖြစ်သည့် နီပေါတွင် ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခြင်းခံရသူ ၃၁-ဦးရှိကြောင်း တွေ့ရှိထားသော်လည်း သေဆုံးသူ မရှိသေးချေ။ သို့သော် ဗိုင်းရပ်စ်ပျံ့နှံ့နိုင်သည်ကို စိုးရိမ်သဖြင့် နိုင်ငံသားများ နေရပ်ပြန်ခွင့်ကို နီပေါအစိုးရက ပိတ်ပင်ထားကြောင်း Reuters ကရေးသားသည်။

လူ့အခွင့်အရေးဆိုင်ရာ ပြည်သူ့ဖိုရမ်မှ ပရဟိတသမားတို့၏ ဦးတိုက်လျှောက်ထားမှုကို နီပေါနိုင်ငံ၏ တရားစီရင်ရေး အမြင့်ဆုံးအခွင့်အာဏာပိုင်ရာ တရားလွှတ်တော်ချုပ်က လွန်ခဲ့သည့် ကြသပတေးနေ့က စီရင်ဆုံးဖြတ်ပေးခဲ့သည်။ နိုင်ငံတော်အစိုးရအနေဖြင့် ရွှေ့ပြောင်းအလုပ်သမားများ၏ လုံခြုံရေးနှင့် ကျန်းမာရေးကောင်းမွန်စေရန်အတွက် အထူးတလည် ထိရောက်စွာ ဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း ဖော်ပြထားသည်။ ထို့ပြင် အာဏာပိုင်များအနေဖြင့် အဆိုပါအလုပ်သမားများနေရပ်ပြန်လာခွင့်ကို လိုက်လျောပြီး ပြန်လာရာ၌ ကူညီဆောင်ရွက်ပေးရမည် ဟု အမိန့်ချမှတ်ရာတွင် ပါရှိသည်။

နီပေါ အစိုးရအနေဖြင့် တရားလွှတ်တော်ချုပ်၏ အမိန့်အရ ရွှေ့ပြောင်းအလုပ်သမားများ၏အခြေအနေနှင့် ပတ်သက်၍ အချက်အလက်နှင့် သတင်းများကောက်ယူနေကြောင်း နိုင်ငံခြားရေးဝန်ကြီး ပရာဒက်ဂွာဝါလီက ပြောကြားသည်။

((( Russia Today. 17 Apr, 2020 , “Nepal’s top court orders govt to rescue migrant workers stranded abroad.” ကို #HtayOung, #OungMarine ဆီလျော်အောင် ကောက်နှုတ်ဘာသာပြန်ဆိုသည်။)))

#ကိုရိုနာဗိုင်းရပ်စပြည်ပသောင်တင်ရွှေ့ပြောင်းသမားများ #နီပေါတရားလွှတ်တော်ချုပ်နှင့်အစိုးရ

https://www.rt.com/newsline/486145-nepal-court-workers-abroad/

0

Leave a Reply

Your email address will not be published.