ရွေးကောက်ပွဲအကြိုကာလ အာဖရိကအနောက်ပိုင်း နိုင်ငံတွင် သံသယဖြစ်ဖွယ်ပြုမူသော အမေရိကန်နိုင်ငံသားအား လုံခြုံရေးတပ်များက ပစ်သတ်။ ဂျီဟဒ်ဝါဒီအကြမ်းဖက်မှုများကြောင့် ယခုတစ်နှစ်တည်း လူ ၂,၀၀၀ ကျော် အသက်ဆုံးရှုံး၊ အမေရိကန်ကွန်မန်ဒိုများ၏ အရှေ့အလယ်ပိုင်းပြီးလျှင် ဒုတိယအများဆုံး လှုပ်ရှားမှုရာ အာဖရိက


ဘူကီနာဖက်ဆိုနိုင်ငံ အွာဂါဒူဂူမြို့၌ သတိပေးသည့်အနေဖြင့် ပစ်ခတ်ခဲ့မှုတွင် လမ်းလျှောက်နေသော အမေရိကန်နိုင်ငံသားတစ်ဦးသေဆုံးသည်။ အဆိုပါဖြစ်ရပ်မှာ အာဖရိကအနောက်ပိုင်းရှိ ယင်းနိုင်ငံ သမ္မတရွေးကောက်ပွဲမတိုင်မီ ၁-ရက်အလို၌ဖြစ်သည်ဟု Russia Today က ယနေ့ရေးသားသည်။ 

သတင်းများအရ အွာဂါဒူဂူမြို့ တောင်ဘက်ဆင်ခြေဖုံးရှိ စစ်စခန်းရှေ့တွင် လမ်းလျှောက်နေသည်ဆိုသော အမေရိကန်နိုင်ငံသား၏ အပြုအမူမှာ သံသယဖြစ်ဖွယ်ရှိသည်။ ၎င်းသည် ရပ်တန့်ရန် အမိန့်ပေးခံရပြီးနောက် ထွက်ပြေးရန် ကြိုးစားခဲ့ကြောင်းလည်း သိရှိရသည်။ စခန်းအား စောင့်ကြပ်နေသော စစ်သားများ၏ သေနတ်ကျည်ဆန်များမှာ ၎င်းအား အသီးသီးထိမှန်ခဲ့သည်။ ၎င်းအား အနီးရှိ ဆေးဘက်ဆိုင်ရာဋ္ဌာနသို့ ပြောင်းရွှေ့စဉ် ရရှိထားသော ဒါဏ်ရာများကြောင့် သေဆုံးသွားခဲ့သည်ဆို၏။ 

ပစ်ခတ်မှုဖြစ်ခြင်းမှာ အလွန်ဝမ်းနည်းဖွယ်ကောင်းကြောင်း ဘူကီနာဖက်ဆိုနိုင်ငံ အဆင့်မြင့်လုံခြုံရေးအရာရှိတစ်ဦးက AFP အား ပြောကြားသည်။ ဘူကီနာဖက်ဆိုနိုင်ငံဆိုင်ရာ အမေရိကန်သံရုံး၏ သတင်းထုတ်ပြန်ချက်တွင် သေဆုံးကြောင်း အတည်ပြုသည့် ရင်းမြစ်ကို တွေ့ရှိရသော်လည်း အသေးစိတ် ဆက်လက်ဖော်ပြချက် မပါရှိချေ။ 

အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဋ္ဌာနက သတင်းထုတ်ပြန်ရာတွင် ဘူကီနာဖက်ဆို၌ Covid-19 ကူးစက်ရောဂါပျံ့နှံ့လျှက်ရှိခြင်း၊ အကြမ်းဖက်မှု၊ ရာဇဝတ်မှုနှင့် ပြန်ပေးဆွဲမှုများ ဖြစ်ပွားလျှက်ရှိသဖြင့် နိုင်ငံသားများအနေဖြင့် ခရီးသွားလာခြင်း မပြုကြရန် တိုက်တွန်းထားသည်။ 

ယခုဖြစ်စဉ်သည် ယခုတစ်နှစ်တည်းမှာပင် ဂျီဟတ်ဝါဒီအကြမ်းဖက်မှုများကြောင့် လူ ၂,၀၀၀ ကျော် သေဆုံးခဲ့ရသည့် အာဖရိကအနောက်ပိုင်း ကုန်းတွင်းပိတ်နိုင်ငံ ဘူကီနာဖက်ဆို၌ တနင်္ဂနွေနေ့ သမ္မတရွေးကောက်ပွဲများ စတင်ခြင်း မတိုင်မီ နာရီပိုင်းအလို၌ ဖြစ်သည်။ တိုင်းပြည်အတွင်းမတည်ငြိမ်မှုများကြောင့် ရာနှင့်ချီသောကျေးရွာများ၌ ရွေးကောက်ပွဲ ကျင်းပခြင်း မပြုနိုင်လောက်အောင် ကာဆီးထားလိမ့်မည်မျှော်လင့်ရသည်။ 

အာဖရိကနိုင်ငံများ၏ ထက်ဝက်နီးပါးတွင် အမေရိကန်အထူးတပ်ဖွဲ့ဝင်များ လျှို့ဝှက်စွာ လှုပ်ရှားလျှက်ရှိကြောင်း Russia Today ( 13 Aug, 2020 ) က ရေးသားသည်ကို တွေ့ရှိရသည်။ 
အမေရိကန်ကွန်မန်ဒိုများသည် အာဖရိကနိုင်ငံ ၂၂ ခုတွင် လှုပ်ရှားလျှက်ရှိပြီး ကမ္ဘာ့တိုက်ကြီးများအနက် အရှေ့အလယ်ပိုင်းပြီးလျှင် ဒုတိယအကြီးဆုံး စစ်ရေးခြေရာတွေ့ရှိရကြောင်း၊ အထူးတပ်များရောက်ရှိနေခြင်းကို ဒေသခံများသာမက အမေရိကန်ပြည်သူများပင်လျှင် ကျယ်ကျယ်ပြန့်ပြန့် မသိရှိကြကြောင်း၊ အစီရင်ခံစာသစ်တစ်စောင်၌ ဖော်ပြသည်။ 

၂၀၁၇ ခုနှစ်တွင် နိုင်ဂျီးရီးယား၌ အမေရိကန်စစ်မှုထမ်း ၄-ဦး ကျဆုံခဲ့ရသည့်အချိန်ရောက်မှသာ အာဖရိကတွင် အမေရိကန်တပ်များရောက်ရှိနေသည်ကို ပထမဆုံး စတင်သိရှိခဲ့ကြပြီး ဆီးနိတ်စစ်ဘက်ဆိုင်ရာကော်မတီဝင်များ အပါအဝင် များစွာသောသူများအတွက် အံ့အားသင့်စရာဖြစ်ခဲ့ရသည်ဆို၏။ 

တောင်အာဖရိကနိုင်ငံထုတ် South Africa’s Mail & Guardian ၏ အဆိုအရ အမေရိကန်အထူးတပ်များ၏ စစ်ရေးလှုပ်ရှားမှုဟု သတ်မှတ်ကြသည့် ထိတွေမှုဖြစ်စဉ်တို့ကို လွန်ခဲ့သည့်နှစ်တွင် အာဖရိက ၂၂-နိုင်ငံတို့၌ မြင်တွေ့ရသည်ဟု ရေးသားသည်။ 

ပြီးခဲ့သည့်နှစ်တွင် ပင်တဂွန်စစ်ဌာနချုပ်၏ အသေအပျောက်အများဆုံး စစ်ဆင်ရေး အချို့မှာ အယ်လ်ဂျီးရီးယား၊ ဘော့ဆွာနာ၊ ဘူကီနာဖက်ဆို၊ ကင်မရွန်း၊ ကိပ်ဗာဒီ၊ ချတ်၊ အိုင်ဗရီကို့စ်၊ နိုင်ဂျီးရီးယား၊ နိုင်ဂျီးရီးယား၊ ဆီနီဂေါ၊ ဆိုမာလီယာ၊ တန်ဇန်းနီးယားနှင့ ်တူနီးရှားတို့၌ ဖြစ်ပွားခဲ့သည်။ ၅၄-ခုရှိသော အာဖရိနိုင်ငံများ၏ ထက်ဝက်နီးပါးတွင် တပ်ဖြန့်ထားသည့် ပင်တာဂွန်စစ်အင်အားမှာ အမေရိကန်ပင်လယ်ရပ်ခြား အထူးတိုက်ခိုက်ရေးတပ်ဖွဲ့ဝင်တို့၏ ၁၄ ရာခိုင်နှုန်း ရှိလိမ့်မည်ဖြစ်ကြောင်းနှင့် အချို့မှာ ဒေသန္တရအစိုးရတပ်များအား လေ့ကျင့်ပေးရန် ဖြစ် ကြောင်း သိရှိရသည်။ 

(( အယ်လ်ကိုင်ဒါအကြမ်းဖက်အဖွဲ့ကို ၁၉၈၈-ခုနှစ်တွင် ပါကစ္စတန်နိုင်ငံ၌ စတင်ဖွဲ့စည်းသည်။ ထိုစဉ်ကာလတစ်ဝှိုက်တွင် ဆိုဗီယက်အပါအဝင် နိုင်ငံတကာ ဆိုရှယ်လစ်နိုင်ငံများ ပြိုကွဲခြင်း ဒီမိုကရေစီရေးလှုပ်ရှားခြင်းဖြင့် ဘာသာရေးအစွန်းရောက် အကြမ်းဖက်အဖွဲ့၏ လှုပ်ရှားမှုများကို ကမ္ဘာက အာရုံမစိုက်မိကြချေ။၂၀၀၁-ခုနှစ်တွင် အမေရိကန်၌ 9/11 ဖြစ်ပွားမှသာ အကြမ်းဖက်အဖွဲ့ကြီးအား နိုင်ငံတကာပူးပေါင်းချမှုန်းကြရန် ဇောင်းပေးလာခဲ့သည်။ 

၂၀၀၁-ခုနှစ် အောက်တိုဘာ ၇-ရက်နေ့တွင် အမေရိကန်နှင့် နိုင်ငံတကာညွန့်ပေါင်းတပ်များက အာဖဂန်နစ္စတန်ရှိ အယ်လ်ကိုင်ဒါနှင့် အပေါင်းပါများအား ထိုးစစ်ဆင်တိုက်ခိုက်သည့်အခါ အကြမ်းဖက်တပ်မှူးများစွာ သေဆုံးပြီး အိုစမာဘင်လာဒင် ပျောက်ဆုံးသွားသည်။ ၂၀၁၁-ခုနှစ်တွင် အမေရိကန် နေဗီဆီးလ်တို့က အိုစမာဘင်လာဒင်အား ပါကစ္စတန် အဘော့တဘက်မြို့အနီးတွင် သွားရောက်သတ်ဖြတ်ခဲ့သည်။ ထိုစဉ်မှစ၍ အယ်လ်ကိုင်ဒါ၏ ခေါင်းဆောင်မှာ အေမန်အယ်လ်ဇာဝါဟီရီဖြစ်လာသော်လည်း ၎င်း ဘယ်နေရာတွင် ရှိနေမှန်း မည်သူမျှ မသိကြချေ။ 

အယ်လ်ကိုင်ဒါသည် အမေရိကန် CIA, ဗြိတိသျှ MI6 ကဲ့သို့ ကမ္ဘာကျော်ထောက်လှမ်းရေးအဖွဲ့ကြီးများ၏ ထိုးဖောက်မွှေနှောက်ခြင်းကို ကောင်းစွာခံနိုင်သည်။ ခေတ်မီသော ဘဏ္ဍာရေးစံနစ်ရှိနေပြီး အလွန်သိပ်သည်းသော ဖွဲ့စည်းပုံရှိသည်။ အယ်လ်ကိုင်ဒါသည် နိုင်ငံတကာအကြမ်းဖက်ကွန်ယက် ( Global Network of Terror ) ဖြစ်ပြီး အယ်လ်ကိုင်ဒါအင်တာနေရှင်နယ် ( Al Qaeda International ) ဟုလည်းခေါ်ကြသည်။ 

၎င်း၏ ဒေသန္တရအဖွဲ့ခွဲများကို ကမ္ဘာ့အရှေ့ပိုင်း အင်ဒိုနီးရှား၊ မလေးရှားနှင့် ဖိလစ်ပိုင်ပင်လယ်တစ်ဝှိုက်မှစ၍ အာဖရိအနောက်ပိုင်းအထိ ပြန့်နှံ့လျှက်ရှိသည်။ ပါကစ္စတန်၊ အိန္ဒိယ ( ကက်ရှ်မီးယား )၊ အီရတ်၊ ဆီးရီးယား၊ အာဖဂန်၊ ယီမင်၊ လစ်ဗျား၊ ဆိုမာလီ၊ နိုင်ဂျီးရီးယားတို့ရှိ ဂျီဟဒ်ဝါဒီစစ်သွေးကြွတို့မှာ အယ်လ်ကိုင်ဒါများဖြစ်သည်။ ။ သတင်းဘာ သာပြန်သူ )) 

#ဘူကီနာဖက်ဆိုဂျီဟဒ်ဝါဒီစစ်သွေးကြွ #အမေရိကန်အထူးတိုက်ခိုက်ရေးတပ်များနှင်အာဖရိက 

((( Russia Today., 22 Nov, 2020 ,” ‘Suspiciously behaving’ US citizen killed by security forces in Burkina Faso on eve of West African nation’s election.” ကို #HtayOung, #OungMarine ဆီလျော်အောင် ကောက်နှုတ် ဘာသာပြန်ဆိုသည်။ ))) 

https://www.rt.com/news/507449-burkina-faso-election-us-citizen-killed/ 
https://www.wearethemighty.com/mighty-trending/ambush-during-routine-africa-patrol-kills-3-special-forces-soldiers/ 
https://pulitzercenter.org/reporting/exclusive-inside-secret-world-us-commandos-africa#:~:text=In%202019%2C%20US%20Special%20Operations,%2C%20Somalia%2C%20Tanzania%20and%20Tunisia. 
http://news.bbc.co.uk/2/hi/middle_east/1670089.stm 
https://web.archive.org/web/20120307084609/http://www.spiegel.de/international/0%2C1518%2C369448%2C00.html 
https://web.archive.org/web/20120112142751/http://my.telegraph.co.uk/riteman/riteway/16309030/al-qaeda-seeks-global-dominance/ 
https://foreignpolicy.com/2019/09/04/al-qaeda-is-ready-to-attack-you-again/

0

Leave a Reply

Your email address will not be published.