လေယာဉ်တင်သင်္ဘောမလိုအပ်ပါ။၎င်းတို့ကိုအတူ နှစ်မြှုပ်ပစ်မည့် လက်နက်သာလိုအပ်ဟု ရုရှားပြော

အမေရိကန်နိုင်ငံသည် ရုရှားထက် စစ်ရေးအသုံးစရိတ် အဆမတန်များပြားသော်လည်း အကြာင်းမဟုတ်ကြောင်း၊ မိမိတို့သည် မည်သည့်နိုင်ငံကိုမျှ တိုက်ခိုက်မည်မဟုတ်ပဲ နိုင်ငံတော်ကို ကာကွယ်ရန်သက်သက်မျှသာ ရည်ရွယ်ထား၍ဖြစ်ကြောင်း ရုရှားကာကွယ်ရေးဝန်ကြီးက ပြောဆိုသည်ဟု Russia Today က ယမန်နေ့ ရေးသားသည်။

ရုရှားနိုင်ငံတွင် လက်နက်ပြန်လည်တပ်ဆင်ရေးအစီအစဉ်အရ လတ်တစ်လောနှစ်များ၌ ကာကွယ်ရေး ဘတ်ဂျက် ပိုမိုသုံးစွဲခဲ့သည်။ သို့သော် ၂၀၁၈ နှစ်တွင် ရုရှားနိုင်ငံသည် အမေရိကန်၊ တရုတ်၊ ဆော်ဒီအာရေးဗီးယား၊ အိန္ဒိယနှင့် ပြင်သစ်ပြီးလျှင် ကာကွယ်ရေးဘတ်ဂျက်သုံးစွဲရာတွင် အဆင့် ၆ အဖြစ်ရပ်တည်လျှက်ရှိကြောင်း စတော့ဟုမ်းအခြေစိုက် နိုင်ငံတကာငြိမ်းချမ်းရေးသုတေသနအင်စတီကျုဒ်က ဖော်ပြထားသည်။

ဒေါ်နယ်ထရမ့်အစိုးရလက်ထက်တွင် ပင်တာဂွန်က ငွေကို ရေလိုသုံးနေချိန်၌ ရုရှားအတွက် စိတ်ပူရန်မရှိကြောင်း၊ အခွန်ထမ်းပြည်သူများ၏ ရူဘယ်ငွေကို အကျိုးရှိစွာ သုံးစွဲလျှက်ရှိသည်ဆို၏။

အမေရိကန်သည် လေယာဉ်တင်သင်္ဘောအများအပြားတည်ဆောက်ရန် စစ်ဖက်ကန်ထရိုက်များသို့ ငွေကြေးအလုံးအရင်းဖြင့် ချမှတ်ပေးလျှက်ရှိသည်။ ရုရှားအတွက်မူ မည်သူ့ကိုမျှ တိုက်ခိုက်ရန်မရှိသည့်အတွက် တိုက်ခိုက်ရေးလေယာဉ်တင်သင်္ဘောအုပ်စု ၅-စုမှ ၁၀-စုခန့်ရှိလျှင် နိုင်ငံအား ကာကွယ်ရန် လုံလောက်သည်ဟု ယူဆကြောင်းသိရှိရသည်။ အမေရိကန်သည် ၄င်း၏ အကျိုးစီးပွားအတွက် ကမ္ဘာတစ်ဝှမ်း အခြားနိုင်ငံများအား ပစ်မှတ်ထားကာ စစ်အင်အားအသုံးပြုခြင်းဖြင့် အဆုံးအဖြတ်ရှာဖွေလေ့ရှိသည်။

ဆီးရီးယား၊ အာဖဂန်နစ္စတန်နှင့် အီရတ်ကဲ့သို့ နိုင်ငံများတွင် ဒီမိုကရေစီကို အမေရိကန်သွတ်သွင်းပေးမှသာ အစစ်အမှန်ရလိမ့်မည်ယူဆခဲ့ပုံရသည်။ အမေရိကန်ပါဝင်ပတ်သက်ပြီးနောက်ပိုင်းတွင် လွတ်လပ်ရေးနှင့် အချုပ်အခြာအာဏာပိုင်ခြင်းတို့ကို မေ့ပျောက်သွားနိုင်သည်။ အခြားတိုင်းတစ်ပါးအား စစ်ရေးဖြင့် ကျူးကျော်ခြင်း သို့မဟုတ် အခြားနည်းလမ်းဖြင့် စွက်ဖက်ရာ၌ အာသာပြေမည့်ပုံ မရချေ။

အနောက်မိတ်ဆွေများသည် ရုရှားအား “ မျိုးစပ်စစ် “ ခင်းလျှက်ရှိသည်ဟု စွပ်စွဲရာ၌ ၀ါသနာထုံကြသည်။ အမှန်မှာ နိုင်ငံရေးနည်းစစ်၊ သမားရိုးကျစစ်၊ မူမမှန်စစ်၊ ဆိုင်ဘာစစ် သာမက သတင်းတုသတင်းယောင်ဖြန့်ခြင်း၊ သံတမန်ရေး၊ ဥပဒေရေးရာ၊ ပြည်ပတိုင်းပြည်များ၏ ရွေးကောက်ပွဲတွင် ၀င်ရောက်စွက်ဖက်ခြင်းကဲ့သို့ သြဇာအရှိန်အ၀ါအမျိုးမျိုးသုံး၍ “ မျိုးစပ်စစ် “hybrid warfare ခင်းနေကြသည်မှာ အနောက်မိတ်ဆွေများ သာလျှင်ဖြစ်ကြောင်း၊ အာဖဂန်၌ တိုင်းပြည်တစ်ခြမ်း ယိုယွင်းပျက်စီးနေချိန်တွင် ဖုတ်ဖက်ခါထွက်သွားပြီး ဗင်နီဇွဲလားနိုင်ငံရေး၌ ၀င်ရောက်မွှေနှောက်နေသည်မှာ “ ထရမ့်ဒီမိုကရေစီ” ဖြစ်ကြောင်း ရုရှားကာကွယ်ရေးဝန်ကြီးက ပြောဆိုသည်။

လက်တင်အမေရိကနိုင်ငံဖြစ်သော ဗင်နီဇွဲလားတွင် လက်ရှိအစိုးရကို ဖယ်ရှား၍ ၄င်းတို့ထောက်ခံသော ကြားဖြတ်သမ္မတအဖြစ် မိမိကိုယ်မိမိကြေညာသူ အတိုက်အခံ ဟွမ်ဂွာဒိုးအား အာဏာရရှိစေရန် အမေရိကန်က လုပ်ဆောင်လျှက်ရှိသည်။ ကြီးမားသော လူထုအုံကြွနည်းလမ်းဖြင့် ၂-ကြိမ်တိုင်တိုင် ကြိုးစားခဲ့သော်လည်း သမ္မတနီကိုလပ်စ်မဒူရိုအစိုးရအား ဖြုတ်ချနိုင်ခြင်းမရှိချေ။ သို့သော် ဂွာဒိုးအား အာဏာလွှဲပြောင်းပေးခဲ့လျှင် စီးပွားရေးဒါဏ်ခတ်ပိတ်ဆို့မှုများ ရုတ်သိမ်းပေးမည်ဟု ဒေါ်နယ်ထရမ့်က ကတိပေးထားသည်။

( စက်တင်ဘာ- ၂၃၊ ၂၀၁၉ ) ((( Dhaka Tribune., 22 Sep, 2019, “‘We don’t need aircraft carriers, we need weapons to sink them with’ – Russian defense minister.” ကို #HtayOung, # OungMarine ဆီလျှော်အောင် ကောက်နှုတ်ဘာသာပြန်ဆိုသည်။ )))

3+

Leave a Reply

Your email address will not be published.