လေယာဉ်တင် အင်အားကောင်း လေဆာရောင်ခြည်အသုံးပြု၍ ဒရုန်းများကို ပထမဆုံးအကြိမ် အောင်မြင်စွာ ပစ်ချနိုင်ဟု အစ္စရေးဆို။ ဆန်းသစ်နည်းပညာသုံး လေယာဉ်တင်လေဆာများကို ဂါဇာဒေသ၌ အသုံးပြု မည်ဟု ပြော


မြေထဲပင်လယ်ဝေဟင်၌ လေယာဉ်တွင် တပ်ဆင်ထားသော အင်အားကောင်း လေဆာရောင်ခြည်ကို အသုံးပြု ၍ဒရုန်းများစွာတို့ကို ပစ်ချနိုင်ကြောင်း စမ်းသပ်တွေ့ရှိရသည်ဟု အစ္စရေးကာကွယ်ရေးဝန်ကြီးဋ္ဌာနက သတင်းထုတ်ပြန်ခဲ့ရာ ၎င်းနိုင်ငံအတွက် ပထမဆုံးအကြိမ်ဖြစ်သည်ဟု Russia Today က ယမန်နေ့ရေးသားသည်။


လွန်ခဲ့သည့် ရက်သတ္တပတ်တွင် အရပ်ဘက်သုံး ဆက်စနာလေယာဉ်၌ လေဆာစံနစ်တပ်ဆင်၍ ဒရုန်းများကို အလိုအလျောက် ရှာဖွေ-ခြေရာခံပြီး နေရာအတည်ပြုခြင်းနှင့်  ကြားဖြတ်ဖျက်ဆီးရန် စမ်းသပ်မှုတစ်ရပ်ကို ပြု လုပ်ခဲ့ကြောင်း၊ အကွာအဝေး ကိုက် ၁,၁၀၀ ခန့်အတွင်း ဒရုန်းအမြောက်အများကို အောင်မြင်စွာ ကြားဖြတ်ဟန့်တားနိုင်ခဲ့ကြောင်း၊ ယခုကဲ့သို့ သမားရိုးကျမဟုတ်သော ဆန်းသစ်နည်းပညာသုံး တီထွင်အောင်မြင်မှုမှာ နိုင်ငံတော်အတွက် ပထမဆုံးအကြိမ်ဖြစ်ပြီး ဂါဇာဒေသတွင် အသုံးပြုရန် စီစဉ်ထားကြောင်း အစ္စရေးကာကွယ်ရေး တပ်မတော် သုတေသနနှင့် ဖွံ့ဖြိုးရေးအဖွဲ့က ပြောဆိုသည်။

 
အစ္စရေးကာကွယ်ရေးဝန်ကြီးဌာနမှထုတ်ပြန်သော ဗီဒီယိုဖိုင်များအရ လေဆာစနစ်ဖြင့် လောင်ကျွမ်းစေရန် ပြု လုပ်ခြင်းခံရသည့် ဒရုန်းများစွာတို့မှာ ပေါက်ကွဲပြီး ပင်လယ်ပြင်သို့ ပျက်ကျသွားသည်ကို တွေ့မြင်ကြရသည်။ သို့သော်စနစ်ကို ကိုင်တွယ်မောင်းနှင်သူများနှင့် အခြားစစ်မှုထမ်းများ၏ မျက်နှာများမူ မှုန်ဝါးထားသည်။


အဆိုပါစနစ်မှာ အစ္စရေးပိုင်နက်သို့ ချိန်ရွယ်ပစ်ခတ်သည့် ဒုံးကျည်များကို သတ်မှတ်နေရာတွင် ဖျက်ချခြင်းကဲ့သို့ ကာကွယ်ရေး၏ ကနဦးကဏ္ဍတွင်ပါဝင်ရန်ဖြစ်သည်။


မြေပြင်အခြေစိုက် လေဆာနည်းဗျူဟာ၏ အဓိက နည်းပညာ အားနည်းချက်မှာ တိမ်ထူုခြင်း သို့မ ဟုတ် ဆိုးရွားသော ရာသီဥတုဥတုအခြေအနေတွင် အသုံးပြုနိုင်မှု အထိုက်အလျောက် မရှိခြင်းဖြစ်သည်။ အဆိုပါ ကန့်သတ်ချက်ကို ကျော်ဖြတ်ရန် အထူးသဖြင့် ဖုံးလွှမ်းနေသော တိမ်တိုက်တို့၏ အထက်စီး၌ နေရာယူနိုင်မည့် လေယာဉ်သယ်ဆောင် ဆန်းသစ်နည်းပညာ အထူးဗားရှင်းစနစ်ကို တီထွင်ခြင်းဖြစ်ကြောင်း သိရှိရသည်။

   
၂၀၂၄ ခုနှစ်တွင် အစ္စရေးကာကွယ်ရေးတပ်ဖွဲ့ (IDF) က မြေပြင်အခြေစိုက် လေဆာနည်းဗျူဟာကို တပ်ဆင် အသုံးပြုနိုင်မည်ဟု မျှော်လင့်ရသည်။ ဝေဟင်တင် လေဆာနည်းဗျူဟာကိုမူ ဧရိယာကျယ်ပြန့်စွာ ဖြန့်ထားရန်၊ အကွာအဝေးနှင့် ထိရောက်မှု ပိုမိုတိုးမြှင့်ရန် စမ်းသပ်မှုများ ပြုလုပ်ရမည်ဖြစ်၍ တွင်ကျယ်စွာ အသုံးပြုသည်အထိ ဆယ်စုနှစ် တစ်ခုမျှ ကြာမြင့်နိုင်သည် ဆို၏။



#အစ္စရေး #လေယာဉ်တင်လေဆာရောင်ခြည်အသုံးပြု၍_ဒရုန်းများကို_ကြားဖြတ်ဟန့်တား

(((RT., 21 Jun, 2021,” Israel’s defense ministry claims success in downing drones using plane-mounted laser (VIDEO).” ကို #HtayOung, #OungMarine ဆီလျော်အောင် ကောက်နှုတ်ဘာသာပြန်ဆို သည်။)))

https://www.rt.com/news/527206-israel-military-laser-drone/ 

Leave a Reply

Your email address will not be published.