လော့ဒေါင်းတားဆီးပိတ်ဆို့မှု အံတုဖီဆန်ခြင်း မေဒေးနေ့ ချီတက်ပွဲ ဥရောပမြို့ကြီးများတွင် လုံခြုံရေးတပ်များနှင့် အဓိကရုန်းဖြစ်။ လူပေါင်း ရာချီဖမ်းဆီးခံရပြီး အများအပြား ဒဏ်ရာရရှိ။ ရဲတပ်ဖွဲ့ဝင်များက ခက်ထန်ကြမ်းတမ်းစွာ လူစုခွဲကြောင်း ရုပ်သံများ ထွက်ပေါ်၊ ဈေးဆိုင်နှင့် ဘဏ်ပြတင်းများ ရိုက်ခွဲခံရ


ကိုရိုနာဗိုင်းရပ်စ်ရောဂါတားဆီးကာကွယ်ရေး လော့ဒေါင်းပိတ်ဆို့ကန့်သတ်မှုများ ထပ်မံပြဋ္ဌာန်းခြင်းကို ဖီဆန်အံတုသည့်အနေဖြင့် မေဒေးနေ့ချီတက် ကန့်ကွက်ကြစဉ်အတွင်း တူရကီနိုင်ငံတစ်ဝှန်း၌ လူပေါင်း၂၀၀ ကျော် ဖမ်းဆီးခံခဲ့ရကြောင်း၊ အစ္စတန်ဘူလ်မြို့တွင် ရုန်းရင်းဆန်ဖြစ်ပွားရာ ရဲတပ်ဖွဲ့ဝင်များက ခက်ထန်ကြမ်းတမ်းစွာ လူစုခွဲခဲ့ကြောင်း ရုပ်သံမှတ်တမ်းများ ထွက်ပေါ်လျှက်ရှိသည်ဟု Russia Today က ယနေ့ရေးသားသည်။

အခင်းဖြစ်ပွားစဉ် မှတ်တမ်းတင် ရိုက်ကူးထားသော ရုပ်သံများ၌ ရဲတပ်ဖွဲ့ဝင်များက နည်းပေါင်းစုံ အသုံးပြုခဲ့ရာ ဆန္ဒပြသူများအား မြေပေါ်သို့ ကိုင်ပေါက်ခြင်း၊ ထိုးကြိတ်သတ်ပုတ်ခြင်း၊ ငရုတ်ကောင်း စပရေးနှင့် မျက်ရည်ယိုဗုံးများကို အကြိမ်ကြိမ် အသုံးပြု လူစုခွဲ၍ ရဲတပ်ဖွဲ့ဘတ်စ်ကားများဖြင့် ခေါ်ဆောင်သွားပုံကို တွေ့မြင်ကြရသည်။

 မေဒေးနေ့ကို အလုပ်ပိတ်ရက်အထိမ်းအမှတ်အခန်းအနား ကျင်းခွင့်ပြုခဲ့ပြီး ဖြစ်ကြောင်း၊ လူစုလူဝေးပြုလုပ်ခြင်းမှာ Covid-19 ရောဂါစည်ကမ်းများကို ဖောက်ဖျက်ရာရောက်သဖြင့် လူစုခွဲရန် တောင်းဆိုမှုများကို လစ်လျု့ရှု့ပြီး ရဲတပ်ဖွဲ့ဝင်များကို ပစ်မှတ်သဖွယ် သဘောထားခဲ့သည်ဟု အစ္စတန်ဘူလ်မြို့တော် အုပ်ချုပ်ရေးမှူးက ပြောဆိုသည်။

…   
တူရကီနိုင်ငံ အနောက်ပိုင်း အစ်ဇူမီယားဆိပ်ကမ်းမြို့၌လည်း ကန့်ကွက်ဆန္ဒပြပွဲငယ်များ ကြိုးကြားပေါ်ပေါက်ခဲ့ပြီး နိုင်ငံတစ်ဝှန်း ဖမ်းဆီးခံခဲ့ရသူ စုစုပေါင်း ၂၀၀ ကျော်ရှိကြောင်း သိရှိရသည်။

… 

ယခုနှစ် မေဒေးနေ့သည် တူရကီနိုင်ငံ၌ Stay at Home အပါအဝင် ကျောင်းများနှင့် စီးပွားရေး လုပ်ငန်းများကို ပိတ်ထားပြီး ၁၇ ရက်ကြာ Lockdown သတ်မှတ်ကြောင်း ပြဋ္ဌာန်းသည့် ကာလအတွင်း ကျရောက်သည်။ နိုင်ငံအတွင်း ဆန္ဒပြပွဲများ၌ ရဲတပ်ဖွဲ့၏ သွားလာလှုပ်ရှားမှုများကို ရုပ်သံရိုက်ကူးခြင်း သို့မဟုတ် မှတ်တမ်းတင်ခြင်းများပြုလုပ်သူ မည်သူမဆိုကို ဖမ်းဆီး၍ ဥပဒေအရအရေးယူရန်  မေဒေးနေ့ မတိုင်မီ တူရကီရဲချုပ်က ရဲစခန်းအသီးသီးသို့ ရုံးတွင်းအမိန့်စာ ကြိုတင်ထုတ်ပြန်ခဲ့သည်။ မီဒီယာများ၏ ပြန်လည်ဖော်ပြချက်အရ အဆိုပါ ညွှန် ကြားချက်တွင် ရဲတပ်ဖွဲ့ဝင်တို့၏ သဘောတူခွင့်ပြုချက်မရပဲ အသံဖမ်းယူခြင်းနှင့် ဗွီဒီယိုရိုက်ကူးမှုများသည် တပ်ဖွဲ့ဝင်တို့၏ ပုဂ္ဂလိကအခွင့်အရေးကို ချိုးဖောက်ခြင်းဖြစ်ကြောင်း စွပ်စွဲထားသည်။

… 

၎င်း ရုံးတွင်းအမိန့်စာမှာ နိုင်ငံသားများ၏ အခွင့်အရေးကို ခြိမ်းခြောက်ရာရောက်ပြီး တရားဥပဒေနှင့် ညီညွတ်ခြင်း မရှိကြောင်း လူ့အခွင့်ရေးလှုပ်ရှားသူများက ပြောဆိုသော်လည်း အမိန့်စာ အစစ်အမှန် ဟုတ်-မဟုတ် အတည်ပြုနိုင်ခြင်း မရှိသေးပဲ ရဲတပ်ဖွဲ့ကလည်း နှုတ်ဆိပ်လျှက်ရှိသည်။

စနေနေ့ ပြင်သစ်နိုင်ငံ မေဒေးနေ့မှာမူ ပါရီမြို့လမ်းများပေါ်တွင် လက်ဝဲယိမ်း ကန့်ကွက်ဆန္ဒပြသူများက ပြတင်းပေါက်များ ရိုက်ခွဲခြင်း အဓိကရုဏ်းနှိမ်နင်းရေးရဲတပ်ဖွဲ့အား ကျောက်ခဲ၊ မီးရှူးမီးပန်းများဖြင့် ပစ်ခတ်ခဲ့ကြပြီး ရဲတပ်ဖွဲ့ဝင်များကလည်း ဆူပူသူများအား ဒိုင်းများဖြင့် တွန်းခြင်း နံပါတ်ဒုတ်ဖြင့် ရိုက်နှက် လူစုခွဲခြင်းစသည့် ဥပဒေမဲ့ဖြစ်ရပ်များ ပြည့်နှက်သွားခဲ့သည်။

ပြင်သစ်နိုင်ငံတစ်ဝှန်း မြို့ကြီးများ၌ ဖြစ်ပွားခဲ့သော မေဒေးနေ့ ကန့်ကွက်ဆန္ဒပြပွဲများမှာ မွန်းလွဲပိုင်းအရောက် ပါရီမြို့တော်သည် ငြိမ်မသက်မှု၏ ဗဟိုချက်ဖြစ်ခဲ့လာသည်။ #အမည်းရောင်အုပ်စု_မင်းမဲ့ဝါဒီများသည် Traditional trade unionists အလုပ်သမားများနှင့်အတူ ချီတက်လာရာမှ ဈေးဆိုင်နှင့်ဘဏ်ပြတင်းများကို စတင်ရိုက်ခွဲကြသည်။

ကျည်ကာဝတ်စုံပြည့် ဝတ်ဆင်ထားသော အဓိကရုဏ်းရဲများသည် အနီးအနားတွင် ရှိနေပြီး အင်အားသုံးနှိမ်နင်းခဲ့သည်။ ဘဏ်များရှေ့တွင် လုယက်ရန်ကြိုးစားနေသူများအား ရဲတပ်ဖွဲ့ဝင်တစ်စုက ဒိုင်းများဖြင့် ခေတ္တမျှ တွန်းထုတ်နေစဉ် ရရာပစ္စည်းများဖြင့် ပစ်ခတ်ခံနေရသော အနီးရှိ အခြားရဲတပ်ဖွဲ့ဝင်များကို အချင်းချင်း ပူးကပ်လျှက် တွေ့မြင်ရသည်။

…     
ရဲတပ်ဖွဲ့က မျက်ရည်ယိုဓာတ်ငွေ့ကို အသုံးပြုခဲ့သော်လည်း ဆူပူသူများက အသက်ရှူကိရိယာနှင့် မျက်နှာဖုံးများ ဝတ်ဆင်လာကြသည်။ ရဲတပ်ဖွဲ့နှင့် အလွန်နီးကပ်စွာ ချဉ်းကပ်လာသော ဆန္ဒပြသူများမှာ နံပတ်ဒုတ်များ၊ ငရုတ်ကောင်း စပရေးများဖြင့် ဖြိုခွင်းခြင်းခံခဲ့သည်။ လူ ၃၄-ဦးကို ဖမ်းဆီးထားကြောင်း ပြည်ထဲရေးဝန်ကြီးက သတင်းထုတ်ပြန်ပြီး ဗီဒီယိုများအရ ရဲတပ်ဖွဲ့သည် မဆင်မခြင် အင်အားသုံးကြောင်း အကြိမ်ကြိမ် စွပ်စွဲချက်များ ထွက်ပေါ်သည်။

… 

အလားတူ မေဒေးနေ့၌ ဂျာမနီနိုင်ငံ ဘာလင်မြို့၊ ဘယ်လ်ဂျီယန်နိုင်ငံ ဘရပ်ဆဲလ်၊ အီတလီနိုင်ငံ တူးရင်းမြိုတို့တွင် ကန့်ကွက်ဆန္ဒပြရာမှ အဓိကရုန်းများ ဖြစ်ပွားသည်။

… 

#မေဒေး ခေါ် #အပြည်ပြည်ဆိုင်ရာ_အလုပ်သမားနေ့တွင် အစဉ်အလာအားဖြင့် ဥရောပတစ်ခွင်၌ ကန့်ကွက်ဆန္ဒပြပွဲများ ဖြစ်ပွားလေ့ရှိသည်။ ယခုနှစ်တွင် လုပ်ခလစာ၊ ရာသီဥတုပြောင်းလဲခြင်းအပေါ် အစိုးရက အရေးယူမှု မရှိခြင်း၊ Covid-19 ရောဂါတားဆီးကာကွယ်ရေး ကန့်သတ်တားမြစ်ချက်များနှင့် ပတ်သက်၍ ကန့်ကွက်ခြင်းများ ပါဝင်သည်။

(((Russia Today., 1 May, 2021 ,” 200+ detained as May Day protesters defy coronavirus lockdown in Turkey (VIDEO)” ကို #HtayOung, #OungMarine ဆီလျော်အောင် ကောက်နှုတ်ဘာ သာပြန်ဆိုသည်။)))

#ဥရောပမေဒေးနေ့_အဓိကရုန်း  


https://www.rt.com/news/522697-turkey-mayday-coronavirus-protest/
https://www.rt.com/news/522698-paris-protests-may-day/
https://www.rt.com/news/522710-berlin-protests-fire-may-day/
https://www.rt.com/news/522706-brussels-protest-water-cannon/
https://www.rt.com/news/522686-turin-police-clashes-guillotine/

0

Leave a Reply

Your email address will not be published.