သေဆုံးဦးရေ ၉၀၀ ကျော်လာစဉ် ကိုရိုနာဗိုင်းရပ်စ် ဇီဝလက်နက်ကောလဟလဆိုသည်ကို ရူးကြောင်ကြောင်သက်သက် ဟု အမေရိကန်နိုင်ငံဆိုင်ရာ တရုတ်သံအမတ် ပယ်ချ

အသစ်တွေ့ရှိရသော ကိုရိုနာဗိုင်းရပ်စ်ဖြင့် နိုင်ငံတကာတွင် သေဆုံးဦးရေ ၉၀၀ ကျော်လာစဉ် ဇီဝလက်နက်ဆိုသည်မှာ ရူးကြောင်ကြောင်သက်သက်သာဖြစ်ကြောင်း။ စိုးရိမ်ကြောက်လန့်မှုကို မီးထိုးမပေးကြရန်နှင့် မည်သို့ အစပြုသည်ကို မသိရသေးသော ဗိုင်းရပ်စ်နှင့် ပတ်သက်၍ အန္တရာယ်များသော ကောလဟလများကို ရပ်တန်းက ရပ်ကြပါရန် အမေရိကန်နိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီးက သတိပေးလိုက်သည်ဟု Russia Toay က ယနေ့ရေးသားသည်။ 

ကြောက်မက်ဖွယ် ဗိုင်းရပ်စ်ကူးစက်ပြန့်ပွားမှုဖြစ်ပွားရာ တရုတ်နိုင်ငံ ဟူဘေးပြည်နယ်တွင် ၂၄-နာရီအတွင်း နောက်ထပ်သေဆုံးသူ ၉၁-ဦးနှင့် လူပေါင်း ၂၆၁၈-ဦးခန့်တွင် ဗိုင်းရပ်စ်ကူးစက်ကြောင်း ထပ်မံတွေ့ရှိခဲ့သည်။ စတင်ကူးစက်ချိန်မှစ၍ နိုင်ငံတကာတွင် အသက်ဆုံးရှုံးရသူ ၉၀၄-ဦး၊ ကူးစက်ခံရကြောင်း အတည်ပြုနိုင်သူ ၄၀,၀၀၀ – ဦးခန့် ရှိခဲ့ပြီဖြစ်သည်။ 

2019 n-CoV ဗိုင်းရပ်စ်၏ အခြေအနေနှင့် လိုရာဆွဲသတင်းများ ပြန့်နှံ့လျှက်ရှိသည်။ ဗိုင်းရပ်အစပြုရာ ရင်းမြစ်နှင့်ပတ်သက်၍ ကမ္ဘာတစ်ဝှမ်းလုံးရှိသိပ္ပံပညာရှင်အသိုင်းအဝိုင်းတို့က နေ့ညမအားရှာဖွေလျှက်ရှိပြီး အဖြေထွက်ပေါ်လာခြင်း မရှိသေးကြောင်း၊ အွန်လိုင်းတွင် ပျံ့နှံ့လျှက်ရှိသည့် အခြေအမြစ်မရှိ ဟောလဟလတို့မှာ ရူးကြောင်ကြောင်သက်သက်သာဖြစ်သည်ဟု တရုတ်သံအမတ်ကြီး ချွီတန်ကိုင်က CBS သတင်းဋ္ဌာနအား ပြောဆိုသည်။ 

အပြည့်အစုံ စူးစမ်းမှု ပြီးဆုံးခြင်းမတိုင်မီ ဇီဝလက်နက်ဖြစ်သည်ဟု ပြောဆိုခြင်းမှာ ဇီဝလက်နက်တွင် ဓါတ်ခွဲခန်း၌ ဖန်တီးယူသည့် ဗိုင်းရပ်စ်တို့သာ အဓိကပါဝင်လေ့ရှိသည်ကို မျက်ကွယ်ပြုလျှက် လိုရာဆွဲ ကောလဟလများ သာဖြစ်ကြောင်း သံအမတ်ကြီးက ရှင်းပြသည်။ 
ဗိုင်းရပ်စ်စတင်ကူးစက်ပျံ့ပွားခြင်းသည် တရုတ်နိုင်ငံ ဝူဟန်မြို့ သားရိုင်းတိရစ္ဆာန်များရောင်းချရာ ဈေးတန်းမှ စတင်သည်ဟု ယုံကြည်ရသည်။ ဗြိတိန်နိုင်ငံ The Lancet ဆေးပညာဂျာနယ်က ယခု ဗိုင်းရပ်စ်မှာ လင်းနို့တို့တွင် တွေ့ရှိရသော ကိုရိုနာဗိုင်းရပ်စ် ၂-မျိုးနှင့် အလွန်ဆင်တူကြောင်း ရေးသားခဲ့သည်။ ထိုစဉ်အတောအတွင်း တရုတ်သုတေသနပညာရှင်များက ယခုဗိုင်းရပ်စ်၏ အဓိက အရင်းအမြစ်မှာ သင်းခွေချပ်မှဖြစ်ကြောင်း ညွှန်ပြပြောဆိုသည်။ သားရိုင်းတိရစ္ဆာန် ၁,၀၀၀ ကျော်တို့နှင့် စမ်းသပ်ခဲ့ပြီး၊ သင်းခွေချပ်မှရရှိသည့် မျိုးရိုးဗီဇ ကုဒ်ပါဝင်သော ကိုရိုနာဗီဇနမူနာများမှာ ယခုလူသားတို့အား ကူးစက်လျှက်ရှိသည့် ဗိုင်းရပ်စ်နမူနာများနှင့် ၉၉ ရာခိုင်နှုန်း ထပ်တူညီကြောင်း တွေ့ရှိရသည်ဆို၏။ 

သို့သော်လည်း လွန်ခဲ့သည့် ဒီဇင်ဘာလတွင် တွေ့ရှိရသည့် ဗိုင်းရပ်စ်မှာ ပထမဆုံးအကြိမ်ဖြစ်ပြီး ယတိပြတ်ဆုံး ဖြတ်နိုင်ခြင်းမရှိသေးပဲ အရည်အချင်းရှိရှိအမြင်ဖြင့် အဓိပ္ပါယ်ရှိသော နည်းလမ်းပေါင်းစုံမှ စေ့စပ်သေချာစွာ စစ်ဆေးရန် လိုအပ်မည်ဖြစ်သည်။ 

လောလောဆယ်တွင် ပုံနှိပ်ထုတ်ဝေခြင်းမပြုရသေးသည့် လေ့လာမှုတစ်ခုမှာ ကျယ်ပြန့်စွာ အဓိပ္ပါယ်ကောက်လွဲလျှက် ထွက်ပေါ်လာပြန်သည်။ ယခုဗိုင်းရပ်စ်အား HIV ဗိုင်းရပ်စ်အတွင်း မျိုးရိုးဗီဇအင်ဂျင်နီယာပညာဖြင့် ထည့်သွင်းထားခြင်းဖြစ်ရမည်ဟု ကောက်ချက်ချခြင်းဖြင့် ကောလဟလများကို မီးလောင်ရာ လေပင့်ထားသည်။ အဆိုပါအယူအဆကို စတင်သူတို့က ၎င်းတို့၏ သုတေသနဆိုသည်ကို ကမန်းကတန်း ပြန်လည်ဖယ်ရှားသွားသော်လည်း ၎င်းတို့ရည်ရွယ်ခဲ့သည့်အတိုင်း ဖျင်ပိတ်ငြင်းသည့် ပါးစပ်သီအိုရီများမှာ ပျောက်ဆုံးသွားခြင်း မရှိတော့ချေ။ 

တရုတ်နိုင်ငံတွင် သီးခြားတင်းကြပ်စွာ နေရာခွဲထားခြင်း၊ ရောဂါခြေချုပ်ချခြင်း၊ နယ်စပ်တို့တွင် နေရာအနှံ့ Screening ပြုလုပ်ခြင်းအတိုင်းအတာမှာ အလွန်ထိရောက်အကျိုးရှိကြောင်း ဗြိတိန်နိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး လျူရှောင်မင်းကလည်း BBC သို့ ပြောဆိုသည်။ 

ရောဂါကူးစက်ပြန့်နှံ့မှု့မှာ အထွဋ်အထိပ်ရောက်နေချိန်တွင် ကြိုတင်ခန့်မှန်းချက်ပေးရန် အလွန်ခက်ခဲကြောင်း သံအမတ်ကြီးက ဝန်ခံသည်။ သို့သော်ငြားလည်း ပြည်စုံလုံလောက်သော ကြိုတင်သတိပေးမှုဖြင့် ကြိုးစားတုန့်ပြန်ခြင်းဖြင့် လူသားတို့ရန်သူ ဗိုင်းရပ်စ်အား ထိန်းချုပ်-ကာကွယ်-ကုသနိုင်မည်ဖြစ်ကြောင်း ဆက်လက် ပြောဆိုသည်။ 

(( လွန်ခဲ့သောရက်သတ္တပတ်၌ ယခုကိုရိုနာဗိုင်းရပ်စ်မှာ တရုတ်အပေါ် အမေရိကန်က ဇီဝလက်နက်သုံးခြင်းဖြစ်ကြောင်း ရုရှားမီဒီယာနှင့် နိုင်ငံရေးသမားအချို့က ခန့်မှန်းပြောဆိုချက်ထွက်ပေါ်လာခဲ့သည်။ ရုရှားအစိုးရပိုင် ရုပ်သံ၏ ဆွေးနွေးပွဲ စကားဝိုင်းများတွင် ပြောဆိုကြခြင်းဖြစ်ပြီး၊ ရုရှားအစိုးရအာဘော်/အမြင်/ဆုံးဖြတ်ချက် မဟုတ်၊ တရားဝင်ပြောဆိုသည်ဟုလည်း ယခုထိ မတွေ့ရပါ။ 

တစ်ဖန် တရုတ်တို့က ဇီဝလက်နက်စမ်းသပ်သုတေသနပြုသော ဗိုင်းရပ်စ်များ လွတ်ထွက်၍ ဝူဟန်အသားဈေး သို့ ကူးစက်သည်ဟု ပြောဆိုကြပြန်သည်။ တရုတ်တို့သည် အမေရိကန်ထံမှ ကိုရိုနာဗိုင်းရပ်စ်ကို ခိုးယူသွားသည်ဟု ဆိုကြသည်။ ဟားဘတ်တက္ကသိုလ်မှ ဇီဝဓါတုပါမောက္ခ ချာလီလိုင်ဘာကို ဝူဟန်တက္ကသိုလ်ထံမှ ဒေါ် လာ ၂-သန်းလက်ခံမှု၊ အခြားတရုတ်လူမျိုးနှစ်ဦးကို ဗီဇာလိမ်လည်မှုဖြင့် ဇန်နဝါရီ ၂၈-ရက်နေ့တွင် ဖမ်းဆီးမိန့်ထုတ်သောအခါ အဆိုပါပြောဆိုချက်မှာ ပိုမိုကျယ်လောင်လာသည်။ 

သို့သော် အမေရိကန်အစိုးရ၏ တရားဝင်ပြောဆိုချက် ထွက်ပေါ်လာသည်ကို မတွေ့ရပဲ 2019 n-CoV မှာလည်း ဓါတ်ခွဲခန်းတွင် ဖန်တီးသော ဗိုင်းရပ်စ်အသစ်ဖြစ်သည်ဟု သေချာစွာပြောနိုင်ခြင်းမရှိသေးချေ။ ။ သတင်းဘာသာပြန်သူ )) 

(( Russia Today., Feb. 10 2020, “Coronavirus death toll tops 900 as China’s envoy to US dismisses ‘absolutely crazy’ bioweapon rumors.” ကို # HtayOung, #OungMarine ဆီလျော်အောင် ကောက်နှုတ်ဘာသာပြန်ဆိုသည်။ ))) 

#ကိုရိုနာဗိုင်းရပ်စ်ဇီဝလက်နက် #အမေရိကန်ဗိုင်းရပ်စ်တရုတ်ခိုးယူဟုစွပ်စွဲ 

https://www.rt.com/news/480459-china-coronavirus-deaths-rumors/ 
https://www.bbc.com/news/world-europe-51413870 
https://www.rt.com/news/480327-pangolin-missing-link-coronavirus/ 

1+

One Reply to “သေဆုံးဦးရေ ၉၀၀ ကျော်လာစဉ် ကိုရိုနာဗိုင်းရပ်စ် ဇီဝလက်နက်ကောလဟလဆိုသည်ကို ရူးကြောင်ကြောင်သက်သက် ဟု အမေရိကန်နိုင်ငံဆိုင်ရာ တရုတ်သံအမတ် ပယ်ချ”

  1. ဓါတုအဆိပ်ငွေ့များ၊ ဇီ၀ရုပ်ဗိုင်းရပ်စ်တို့ကို လက်နက်အဖြစ်အသုံးပြုခဲ့ဖူးသည်မှာ ဆယ်စုနှစ်ပေါင်းများစွာ ကြာခဲ့ပြီဖြစ်သည်။ အမြောက်ကျည်ထိပ်ဖူး- ဗုံးအသွင်လေယာဉ်ပေါ်မှ ကြဲချခြင်း၊ မိုင်းသဖွယ် လိုရာနေရာ ထွက်ပေါ်စေခြင်းဖြင့် သုံးခဲ့ကြခြင်းဖြစ်သည်။ ဓါတုအဆိပ်ငွေ့များသည် ပြင်းထန်စွာ ထိရောက်သော်လည်း လူအရေအတွက် များများအပေါ် အကျိုးသက်ရောက်မှုမရှိ၊ ထိရောက်သော နေရာဧရိယာ အကန့်အသတ် ရှိသည်။ လေပြင်းပြင်းတိုက်လျှင် ပျောက်ကွယ်သွားနိုင်သည်။
    လူသေစေ-ရောဂါရစေသော ဗိုင်းရပ်စ်-ဘက်တီးရီးယားတို့ကို သုံးရန် အကြံကြီးကြံနေသူများတွင် အကြမ်းဖက် အဖွဲ့အစည်းတို့က ရှေ့ဆုံးမှ ပြေးလျှက်ရှိသည်။ သို့သော် သဘာ၀အလျှောက်ရရှိသော ဗိုင်းရပ်စ်-ဘက်တီးရီးယားတို့ ထိရောက်မှုမှာ အကန့်အသတ်ရှိနေသည်။ စာအိတ်ဗုံးအသွင်သုံးနိုင်သော်လည်း လူများများ မထိရောက်နိုင်ချေ။ သေဆုံးပျက်စီးနိုင်သူ လူအမြောက်အများဟု ဆိုရာ၌ ဘယ်နေရာ ဘယ်အချိန်ဟု ချိန်ဆရန်ရှိနေသည်။ အမြောက်ကျည်-လေယာဉ်ပေါ်မှ ဗုံးအသွင်ကြဲချလျှင်လည်း မြေပေါ်ရောက်သည်နှင့် ဗိုင်းရပ်စ်-ဘက်တီးရီးယားတို့ကိုယ်တိုင် သေဆုံးပြီးဖြစ်နေတတ်သည်။ ထို့ကြောင့် ဇီ၀လက်နက်အဖြစ် သုံးလိုလျှင် အဆိုပါကန့်သတ်ချက်များကို ကျော်လွန်နိုင်မည့် ဗိုင်းရပ်စ်-ဘက်တီးရီးယားတို့ကို ဓါတ်ခွဲခန်းတွင် ဖန်တီးယုံသာ ရှိတော့သည်။
    2019 n-CoV ဟု အမည်ပေးထားသော ကိုရိုနာဗိုင်းရပ်သည် ကမ္ဘာပေါ်တွင် ယခုမှ အသစ်တွေ့ရခြင်းဖြစ်ပြီး ဓါတ်ခွဲခန်းတွင် ဖန်တီးထားသည်ဟု သေချာတိကျ သက်သေပြနိုင်ခြင်းမရှိသေးပါ။
    အကယ်၍ အမေရိကန်ဖြစ်စေ၊ တရုတ်ဖြစ်စေ လူအမြောက်အများ သေကြေပျက်စီးစေသော ဗိုင်းရပ်စ် သို့မဟုတ် ဘက်တီးရီးယားကို ဇီ၀လက်နက်အဖြစ်သုံးရန် ရည်ရွယ်ဖန်တီးပင်လျှင် အကြီးစားစစ်ရာဇ၀တ်မှု ကျူးလွန်ရာရောက်နေပါမည်။

    0

Leave a Reply

Your email address will not be published.