ဟေတီနိုင်ငံတွင် သမ္မတနှုတ်ထွက်ပေးရန် ဆန္ဒပြနေသူများက အဆောက်အအုံများအား မီးတင်ရှို့၊ ရဲစခန်းအား လုယက်

ဟေတီနိုင်ငံတွင် အကျင့်ပျက်ခြစားမှုစွပ်စွဲချက်ဖြင့် သမ္မတခိုဗင်နဲလ်မွိုက်စ်နှုတ်ထွက်ပေးရန် တောင်းဆိုလျှက်ရှိသည်။ ထောင်နှင့်ချီသော လူစုလူဝေးတို့သည် လမ်းမများပေါ်သို့ ထွက်လာကြပြီးလျှင် စီးပွားရေးလုပ်ငန်းများ၊ အစိုးရအဆောက်အအုံများကို မီးတင်ရှို့ကြခြင်းဖြင့် ပရမ်းပတာဖြစ်လျှက်ရှိသည်ဟု Russia Today က ယနေ့ ရေးသားသည်။ 

သောကြာနေ့တွင် မြို့တော်ပို့အော့ဖ်ပရင်စ်၌ ဆန္ဒပြသူများက ရဲစခန်းအားဝင်ရောက်စီးနင်းကြပြီး၊ ခဲယမ်းများ၊ ကျည်ကာအင်္ကျီများကို ယူဆောင်သွားကြယုံမက ရဲတပ်ဖွဲ့ဝင်နေအိမ်မှ ပရိဘောဂများကို လုယက်ကြသည်။ ဂျက်မဲလ်မြို့တွင်လည်း တရားရုံးတစ်ရုံး မီးရှို့ခံရကြောင်း သိရှိရသည်။ 

ရဲတပ်ဖွဲ့ဝင်များက လူစုလူဝေးအား မျက်ရည်ယိုဗုံးများအသုံးပြု၍ လူစုခွဲရာတွင် ဆန္ဒပြသူများက အုတ်ခဲကျိုး၊ ကျောက်ခဲများဖြင့် ပြန်လှန်ပစ်ပေါက်ကြသည်ဆို၏။ 

သမ္မတမွိုက်စ်သည် ၎င်း၏အပေါင်းအသင်းဖြစ်သူ ယခင်အစိုးရအဖွဲ့ဝင်ဟောင်းများက နိုင်ငံဘဏ္ဍာငွေများအလွဲ သုံးစားမှု စွပ်စွဲချက်အပေါ် ထိရောက်လုံလောက်သော စုံစမ်းစစ်ဆေးမှုမပြုလုပ်ကြောင်း ပြင်းထန်စွာဝေဖန်ခြင်း ခံနေရသည်။ အတိုက်အခံခေါင်းဆောင်တို့က မွိုက်စ်အား ရာထူးမှ နှုတ်ထွက်ပေးရန် တောင်းဆိုခဲ့သည်မှာ လချီကြာမြင့်ခဲ့ပြီဖြစ်သည်။ 

စားနပ်ရိက္ခာရှားပါးခြင်း၊ လောင်စာဆီလျှော့နည်းခြင်းနှင့် ငွေကြေးဖောင်းပွခြင်းတို့ကြောင့် ကန့်ကွက် ဆန္ဒပြပွဲများ ဖြစ်ပွားလာရပြီး၊ အကြမ်းဖက်မှုအဖြစ် မကြာခဏပြောင်းလဲသွားလေ့ရှိရာ စက်တင်ဘာတစ်လတည်းမှာပင် ရဲတပ်ဖွဲ့ဝင်များနှင့် ပဋိပက္ခဖြစ်ရာ၌ လူ ၄-ဦး သေဆုံးခဲ့ရသည်။ 


အစိုးအဖွဲ့နှုတ်ထွက်ပေးရန် ဟေတီလူထုကြီးက အုံကြွတောင်းဆိုလျှက်ရှိသော်လည်း သမ္မတမွိုက်က တစ်စုံတစ်ရာလိုက်လျှောခြင်းမရှိသည့်အပြင် ဆန္ဒပြသူများအား သတ်ဖြတ်လျှက်ရှိကြောင်း အတိုက်အခံခေါင်းဆောင်တို့က ပြစ်တင်ရှုတ်ချခဲ့သည်။ 

လွန်ခဲ့သော ရက်သတ္တ ၃-ပတ်အတွင်း ကန့်ကွက်ဆန္ဒပြမှုများ အပြင်းထန်ဆုံးဖြစ်သည်ကို တွေ့ရှိရသည်။ လမ်းမများပေါ်တွင် စုရုံးရောက်ရှိလာသည့် အတိုက်အခံထောက်ခံသူများသည် အစိုးရအားဖိအားပေးရန် မျှော်လင့်ချက်ဖြင့် စီးပွားရေးလုပ်ငန်းများ၊ လူထုဝန်ဆောင်မှုဋ္ဌာနများ ပိတ်သိမ်းကြရန် အတင်း အကြပ်ကိုင်လျှက်ရှိနေသည်။ 

  
ယခုကဲ့သို့ ထိခိုက်ပျက်စီးမှုများဖြစ်ပွားနေရခြင်းမှာ သမ္မတမွိုက်နှုတ်ထွက်ပေးခြင်းမရှိသောကြောင့်သာဖြစ်ပြီး ယနေ့နိုင်ငံတစ်ဝှမ်းဖြစ်ပျက်သမျှအားလုံးအတွက် သမ္မတအပေါ်၌သာ တာဝန်ရှိကြောင်း အတိုက်အခံတို့က ပြောကြားသည်။ 

ဟေတီနိုင်ငံတွင် မငြိမ်မသက်မှုများ ဖြစ်ပွားလျှက်ရှိကြောင်း သမ္မတခိုဗင်နဲလ်မွိုက်စ်က ကျင်းပဆဲဖြစ်သော ကုလသမဂ္ဂအထွေထွေညီလာခံ၌ မိန့်ခွန်းတွင် ထည့်သွင်းပြောကြားခဲ့ပြီး စည်းလုံးညီညွတ်ကြပါရန် ဟေတီပြည်သူလူအား တိုက်တွန်းလိုက်သည်။ ကြာသပတေးနေ့ ရုပ်သံအင်တာဗျူးတွင် ဖြေကြားရာ၌ လုံခြုံရေးတာဝန်ရှိသူများအား ရာထူးမှ ဖယ်ရှားခဲ့ကြောင်း ပြောကြားသည်။ 

ဒေသတွင်းအိမ်နီးချင်းဖြစ်သူ အမေရိကန်က လတ်တလောဖြစ်ပွားနေမှုများနှင့် ပတ်သက်၍ တစ်စုံတစ်ရာပြောဆိုခြင်းမရှိပဲ ဟေတီသို့ ခရီးသွားလာခြင်းမှ ရှောင်ကျဉ်ကြပါရန် အမေရိကန်နိုင်ငံသားများအား တိုက်တွန်းထား သည်။ 

ခိုဗင်နဲလ်မွိုက်စ်မှာ ဒီမိုကရေစီနည်းလမ်းတကျ ရွေးကောက်တင်မြှောက်ခြင်းခံရသူဖြစ်ပြီး၊ တရားရုံးစီရင်ချက်တွင် အကျင့်ပျက်ခြစားသည်ဟု မထင်ရှားသောကြောင့် လက်ရှိဟေတီအပေါ် အမေရိကန်၏ သဘောထားပြောင်းလဲရန်မရှိကြောင်း ဟေတီဆိုင်ရာ အမေရိကန်သံအမတ်ကြီးက ပြောဆိုသည် 

ဒေါ်နယ်ထရမ့်အစိုးရအနေဖြင့် ဟေတီလူထု၏ဒုက္ခသုက္ခတို့ကို သိသိကြီးနှင့် သမ္မတမွိုက်စ်ဖက်မှ ဘက်လိုက်ရပ်တည်နေသည်ဟု အတိုက်အခံတို့က ဒေါသတကြီး ဝေဖန်လိုက်သည်ဆို၏။

(( ကာရစ်ဘီယန်ဒေသဖြစ်သော ဟေတီ၏ အရှေ့ဖက် ဒိုမီနီကန်သမ္မတနိုင်ငံတွင် အမေရိကန်စစ်ဖက်အရံ တပ်ဖွဲ့ဝင်များရှိနေပြီး၊ အနီးဆုံးဖြစ်သော ပျူတိုရီကိုနိုင်ငံတွင် အမေရိကန် ကမ်းခြေစောင့်တပ်နှင့် စစ်ဖက် အရံတပ်များ ယခင်တည်းက တပ်စွဲထားကြောင်း တွေ့ရှိရသည်။  ။ သတင်းဘာသာပြန်သူ )) 
( စက်တင်ဘာ – ၂၈၊ ၂၀၁၉ ) ((( Russia Today., 27 Sep, 2019, “Protesters in Haiti burn buildings, loot police station in drive to remove president (PHOTOS).” ကို #HtayOung, #OungMarine ဆီလျှော်အောင် ကောက်နှုတ် ဘာသာပြန်ဆိုသည်။ ))) 
https://www.rt.com/news/469797-haiti-protesters-burn-loot/
 

+2

Leave a Reply

Your email address will not be published.