မြေထဲပင်လယ်တွင် လှေကွဲအက်၍ မျောပါနေသော ဘင်္ဂလားဒေ့ရှ်ရွှေ့ပြောင်းလုပ်သား ၂၆၄-ဦး ကို တူနီရှား အရေးပေါ် ကယ်ဆယ်။ ဥရောပသို့ ဦးတည်၍ လစ်ဗျားမှ ထွက်ခွာလာပြီး တူနီရှားတွင် ခရီးဆုံး ရသူ ရွှေ့ပြောင်းအလုပ်သမား ၆-လအတွင်း ၁-ထောင်ကျော်ရှိ။ အာရပ်နွေဦး ရလဒ်


ကြာသပတေးနေ့တွင် တူနီရှားအာဏာပိုင်များက ဘင်္ဂလားဒေ့ရှ် ၂၆၄ ဦး အပါအဝင် ရွှေ့ပြောင်းလုပ်သား ၂၆၇ ဦးကို ကယ်တင်နိုင်ခဲ့ရာ ၎င်းတို့မှာ အိမ်နီးချင်းလစ်ဗျားမှ မြေထဲပင်လယ်ကို ဖြတ်၍ ဥရောပသို့ ထွက်ခွာရန်ကြိုးစားခဲ့သူများဖြစ်ကြောင်း ကမ္ဘာ့ကုလသမဂ္ဂ နိုင်ငံတကာ ရွှေ့ပြောင်းသွားလာသူများဆိုင်ရာအဖွဲ့ (IOM) က သတင်းထုတ်ပြန်သည်ဟု AFP က ယမန်နေ့ ရေးသားသည်။

တူနီးရှားကမ်းခြေစောင့်တပ်ဖွဲ့က ပြောကြားရာတွင် အီဂျစ်လူမျိုး ၃-ဦးနှင့် ဘင်္ဂလားဒေ့ရှ် ရွှေ့ပြောင်း အလုပ်သမားများမှာ ၎င်းတို့လိုက်ပါလာသည့် လှေကွဲအက်ပြီးနောက် မြေထဲပင်လယ်တွင် မျောပါနေခဲ့ကြောင်း၊ ရေတပ်မတော်၏ အကူအညီဖြင့် လစ်ဗျားနယ်စပ် တူနီရှားတောင်ပိုင်းရှိ အီယားဒိန်း ဆိပ်ကမ်းသို့ ပို့ဆောင်၍ (IOM) နှင့် အပြည်ပြည်ဆိုင်ရာ လခြမ်းနီအသင်းတို့ထံ လွှဲပြောင်းပေးခဲ့ကြောင်း ရှင်းလင်းသည်။

ရွှေ့ပြောင်းအလုပ်သမားများကို တူနီးရှားနိုင်ငံ ဂျာဘာကျွန်းရှိ ဟိုတယ်တစ်ခုတွင် ကွာရန်တင်း ထားရှိကြောင်း၊ ဥရောပသို့ ဦးတည်မျှော်မှန်း၍ လစ်ဗျားမှ ထွက်ခွာလာပြီး တူနီရှားတွင် ခရီးဆုံးရသူ ရွှေ့ပြောင်းအလုပ်သမားများမှာ ဇန်နဝါရီလမှစ၍ ဦးရေ ၁,၀၀၀ ကျော်ရှိပြီး လစ်ဗျားမှ ထွက်ခွာလာသူ အရေအတွက်မှာ မြင့်တက်လျှက်ရှိကြောင်း IOM က ပြောဆိုသည်။

ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာအေဂျင်စီတစ်ခုဖြစ်သော UNHCR ၏ အဆိုအရ ၂၀၂၁-ခုနှစ် ဇန်နဝါရီမှ ဧပြီလ အထိ လစ်ဗျားမှ ထွက်ခွာလာသူ ၁၁,၀၀၀-ဦး ရှိခဲ့ပြီး လွန်ခဲ့သည့်နှစ် အလားတူကာလထက် ၇၀ ရာခိုင်နှုန်းကျော် ပိုမိုများပြားကြောင်း၊ လစ်ဗျားနှင့် တူနီးရှားနိုင်ငံများတွင် ရွှေ့ပြောင်းအလုပ်သမားများအတွက် အခြေ အနေ ဆိုးရွားလျှက်ရှိခြင်းကြောင့် အာဖရိက မြောက်ဘက်ကမ်းရိုးတန်းမှ ဥရောပသို့ ဦးတည်၍ အန္တရာယ်ကြီးမားစွာ ဖြတ်သန်းရန် တွန်းအားပေးလျှက်ရှိကြောင်း သိရှိရသည်။

အပြည်ပြည်ဆိုင်ရာ လခြမ်းနီအဖွဲ့မှတာဝန်ရှိသူတစ်ဦးကမူ ရွှေ့ပြောင်းအလုပ်သမားများ အတွက် တည်ဆောက်ထားသည့် တူနီးရှားရှိ စင်တာများမှာ လူအပြည့်ဖြစ်နေကြောင်း၊ လွန်ခဲ့သည့်နှစ်တွင် မြေထဲပင်လယ်အား ဖြတ်ကူးစဉ် သေဆုံးရသူ ၁,၄၀၀-ဦး ထက်မနည်း ရှိခဲ့ပြီး၊ ၎င်းမတိုင်မီနှစ်၌ ၇၆၀-ဦးနှင့် နှိုင်းယှဉ်၍ ကုသမဂ္ဂ၏ စာရင်းဇယားများတွင် တွေ့ရှိရကြောင်း ပြောဆိုသည်။

(( တူနီရှားနိုင်ငံအား Arab Spring ခေါ် အာရပ်နွေဦး အုံကြွမှု ပထမဆုံး စတင်သည့်နိုင်ငံအဖြစ် လူသိများ ပါသည်။ အာဏာရှင်ဖယ်ရှားရေး အာရပ်ပြည်သူလူထု၏ အုံကြွမှုအံတုမှုသည် တူနီရှားနိုင်ငံမှ တစ်ဆင့် လစ်ဗျား၊ အီဂျစ်၊ ယီမင်၊ ဆီးရီးယားနှင့် ဘာရိန်းနိုင်ငံများသို့ ကူးစက်ခဲ့သည်။

= အကျင့်ပျက်ခြစားမှု ထူပြောခြင်း၊ အလုပ်လက်မဲ့ပြဿနာကြီးထွားခြင်း၊ လွတ်လပ်စွာပြောဆိုခွင့် မရှိ နိုင်ငံရေး လှုပ်ရှားမှုများ ပိတ်ပင်ခံရခြင်းတို့ကြောင့် တူနီးရှားပြည်သူများ၏ ဒီမိုကရေစီအရေး ဖီဆန်အုံကြွမှုမှာ ၁၉၈၇-ခု နှစ်မှ စတင်၍ အာဏာဆုပ်ကိုင်ခဲ့သူ သမ္မတဘင်အလီကို ရာထူးမှနှုတ်ထွက်သွားစေခဲ့သော်လည်း နောက်ပေါ် အဖွဲ့အစည်းများအတွင်း အာဏာခွဲဝေမှု ပြဿနာက အင်အားချိနဲ့သော အစိုးရများအဖြစ် ပေါ်ထွန်းစေသည်။

မျှော်လင့်ထားသည့် အိပ်မက်တို့ အကောင်အထည်ပေါ်မလာခြင်းကြောင့် လမ်းပိတ်ဆို့ဆန္ဒပြခြင်းများ ဆက်လက်ဖြစ်ပေါ်နေသည်။ ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါကျရောက်လျှက်ရှိသော နိုင်ငံ၏ အမျိုးသားလုံခြုံရေးနှင့် စီးပွားရေးမှာလည်း စိုးရိမ်ဖွယ် ယိုယွင်းကျဆင်းလျှက်ရှိသည်။

= လစ်ဗျားတွင် အာဏာရှင် မွမ်မာကဒါဖီ ပြုတ်ကျခြင်းနှင့်အတူ နိုင်ငံ၏ အုပ်ချုပ်ရေးနှင့် ကာကွယ်ရေး ယန္တယားမှာ ပျက်ပြားသွားပြီး ဒေသန္တရစစ်ဘုရင်များ အသီးသီးတို့မင်းမူရာအဖြစ် နိုင်ငံတစ်ခုလုံး ပြိုကွဲသွားခဲ့သည်။

= အီဂျစ်တွင် ဟော့ဇနီမူဘာရက်အစိုးရပြုတ်ကျသွားသော်လည်း မွတ်စလင်ဘရားသား ဟုဒ်တို့သောင်းကျန်းမှုနှင့် ဆူပူအုံကြွမှုများကြောင့် စစ်ဘက်က အာဏာသိမ်းယူခဲ့သည်။

= ယီမင်နှင့် ဆီးရီးယားတို့တွင်လည်း အုပ်ချုပ်ရေးပျက်ပြားကာ ယနေ့တိုင် မငြိမ်းနိုင်သည့် ပြည်တွင်းစစ်မီး တောက်လောင်လျှက် ထိခိုက်သေဆုံးသူ၊ ဒုက္ခိတ- အိုးအိမ်စွန့်ခွာထွက်ပြေးရသူများဖြင့် အများပြည်သူတို့မှာ ကြီးစွာသောဆင်းရဲဒုက္ခ နွံအတွင်း နစ်မွန်းနေကြရဆဲဖြစ်သည်။

ငတ်မွတ်ခေါင်းပါးလျှက် ခိုကိုးရာမဲ့ ပြည်သူလူထုမှာ အစ္စလာမ်မစ် ဂျီဟဒ် အယ်လ်ကိုင်ဒါ အကြမ်းဖက်အဖွဲ့ သာမက ပိုမိုအစွန်းရောက် ရက်စက်သည့် အိုင်အက်စ် (IS, ယခင် ISIS) တို့၏ စိတ်တိုင်းကျ နှိပ်စက်ခံ သားကောင်များ ဖြစ်လျှက်ရှိသည်။ ။ သတင်းဘာသာပြန်သူ))

#မြေထဲပင်လယ်တွင်မျောပါနေသာ_ဘင်္ဂလားဒေ့ရှ်ရွှေ့ပြောင်းအလုပ်သမား
#အာရပ်နွေဦးနှင့်တူနီရှား_လစ်ဗျား_အီဂျစ်_ဆီးရီးယား_ယီမင်

(((AFP., June 25th, 2021,” Tunisia rescues 264 Bangladeshi migrants adrift in Mediterranean Sea.” ကို #HtayOung, #OungMarine ဆီလျော်အောင် ကောက်နှုတ်ဘာသာပြန်ဆိုသည်။)))

https://www.dhakatribune.com/world/africa/2021/06/25/tunisia-rescues-264-bangladeshi-migrants-adrift-in-mediterranean-sea
https://www.dw.com/en/tunisians-are-disappointed-10-years-after-the-arab-spring/a-55991504

Leave a Reply

Your email address will not be published.