“ ငြိမ်းချမ်းရေးနွေဦးစစ်ဆင်ရေး “ ဖြင့် Safe Zone တည်ဆောက်ရန် ဆီးရီးယားအရှေ့မြောက်ပိုင်းနေ ကာ့ဒ်တို့ကို တူရကီထိုးစစ်ဆင်စတင်

ဆီးရီးယားအရှေ့မြောက်ပိုင်းရှိ ကာ့ဒ်ဦးဆောင်ပြည်သူ့စစ်များကို တူရကီက ဗုံးကြဲခြင်း၊ အမြောက်ကြီးများ ပြင်းထန်စွာပစ်ခတ်ခြင်းဖြင့်ထိုးစစ်စတင်ခဲ့ရာ စစ်တလင်းအဖြစ်ပြောင်းလဲသွားရာနယ်မြေမှ အရပ်သားအမြောက်အများ အိုးအိမ်စွန့်ခွာထွက်ပြေးခဲ့ရသည်ဟု Russia Today က ယနေ့ရေးသားသည်။ 

  
ဗုဒ္ဓဟူးနေ့တွင် တူရကီသမ္မတရီဆက်တေရစ်အာဒိုဂန်က “ ငြိမ်းချမ်းရေးနွေဦးစစ်ဆင်ရေး “‘Operation Peace Spring’ ဆင်နွှဲရန် ကြေညာပြီးနောက် လေကြောင်းမှ ဗုံးကြဲခြင်း၊ အမြောက်ကြီးများဖြင့် ပြင်းထန်စွာတိုက်ခိုက်ခြင်း စတင်ခဲ့သည်။ ထိုနောက် တူရကီစစ်ဖက်နှင့် ဆီးရီးယားအတိုက်အခံများခေါ် စစ်သွေးကြွအုပ်စုတို့က မြေပြင်တွင် ကျူးကျော်စစ်ဆင်လျှက်ရှိသည်ဆို၏။ 


ကာ့ဒ်ဦးဆောင် ဆီးရီးယားဒီမိုကရက်တစ်တပ် Syrian Democratic Forces (SDF) တို့၏ စစ်ရေးဆန့်ကျင်မှု နှင့် အခြေခံအဆောက်အအုံများကိုသာလျှင် ဦးတည်ပစ်မှတ်ထားကြောင်း တူရကီကပြောဆိုသည်။ သို့ရာတွင် လေကြောင်းတိုက်ခိုက်မှုကြောင့် ထိခိုက်သေဆုံးသူများ၌ အရပ်သားများပါဝင်ကြောင်း မြင်တွေ့ရသော်လည်း အတည်ပြုနိုင်ခြင်းမရှိချေ။ 

  
မိန်းမနှင့် ကလေးအများဆုံးပါဝင်သော အရပ်သားများမှာ ဆီးရီးယားနယ်စပ်မှ ကာ့ဒ်တို့အခိုင်အမာထိန်းချုပ်ရာမြို့များသို့ ထွက်ပြေးလျှက်ရှိပုံကို မှတ်တမ်းရုပ်သံများတွင် တွေ့မြင်ကြရသည်။ 

  
နယ်မြေအတွင်း ပစ်ခတ်မှု့အမျိုးမျိုးဖြစ်ပေါ်လျှက်ရှိပြီး မီးခိုးလုံးကြီးများ လှိမ့်တက်နေသည်ကို တွေ့ကြရသော်လည်း လေကြောင်း တိုက်ခိုက်မှုကြောင့် ထိခိုက်ခြင်း သို့မဟုတ် လေကြောင်းမြင်ကွင်း ဖုံးကွယ်စေရန် တမင်ရည်ရွယ်မီးရှို့ခြင်း ဟုတ်-မဟုတ် မသိရ ဆိုသည်။ 


တူရကီက ဆီးရီးယားစစ်ပြေးများပြန်လည်ဝင်ရောက်ရာလမ်းကြောင်းပေါ်တွင် “ Safe Zone “ တည်ဆောက်လိုခြင်း၏ ရည်ရွယ်ချက်အမှန်ကို သံသယရှိကြောင်းနှင့် စစ်ရေးအသွင်ဆောင်သည့် ဆောင်ရွက်မှုမှန်သမျှ အမြန်ဆုံးရပ်စဲရန် ဥရောပ ၂၈ နိုင်ငံအုပ်စုက တောင်းဆိုလိုက်သည်။ 

  
တူရကီ၏ ငြိမ်းချမ်းရေးနွေဦးစစ်ဆင်ရေးကို နိုင်ငံတကာ ဝိုင်းဝန်းကန့်ကွက်လျှက်ရှိစဉ် ဆီးရီးယားအရှေ့မြောက်ပိုင်း၌ စစ်မက်တိုက်ခိုက်ရန်ဆိုသည်မှာ အလွန်ဆိုးရွားသော စိတ်ကူးမျိုးဖြစ်ကြောင်း ဒေါ်နယ်ထရမ့်က ရှုတ်ချလိုက်သည်။ 


တူရကီသည် အမေရိကန်ဖမ်းဆီးထားသော အိုင်စစ် ( ISIS,IS ) အကျဉ်းသားများအတွက် တာဝန်ရှိလာပြီး၊ ဆက်လက်ဖမ်းဆီးပေးရန်နှင့် အစ္စလာမ်မစ်နိုင်ငံတော်ထူထောင်လိုသူများ မည်သည့်အသွင် ပုံသဏ္ဍာန်မျိုးနှင့်မျှ ထပ်မံပေါ်ထွက်မလာစေရန် တာဝန်ယူရမည်ဖြစ်ကြောင်း ပြောဆိုသည်။ 


(( မျက်မှောက်ကမ္ဘာကြီးအား အစ္စလာမ်မစ်နိုင်ငံတော်ကြီးအသွင် ပြောင်းလဲထူထောင်လိုသည့် ခလီဖိတ်ဝါဒကို အစ္စလာမ်ဘာသာဝင်အများစုပင် လက်မခံနိုင်ကြပါ။ တယူသန် တစ်ဖက်သပ်အမြင်ဖြင့် အလွယ်တကူလူသတ်ခြင်း၊ ဘာသာဝင်မဟုတ်သူများအား ညှင်းပန်းနှိပ်စက်ခြင်း လိင်ကျွန်ပြုခြင်း၊ အစုအပုံလိုက် စံနစ်တကျ မုဒိန်းကျင့်ခြင်းမျိုးကိုလည်း နိုင်ငံတကာက မနှစ်သက်ကြပါ။ 

  
တစ်ဖန် ၎င်းတို့သည် အယ်လ်ကိုင်ဒါများကဲ့သို့ သေလျှင် အာဇာနည်ဖြစ်သည်ဟု မိမိကိုယ်မိမိ သေလူအဖြစ် ခံယူပြီး စစ်တိုက်နေရင်း တွေ့မြင်သမျှ သေမင်းဆီသို့ အတူခေါ်သွားလိုသူများဖြစ်ရကား စစ်ပွဲ၏ ပကတိမူလနှင့် ပြောင်းပြန်ဖြစ်နေသည်။ ပထဝီအနေအထားအရ ခေတ်မီပြောက်ကြားဗျူဟာဖြင့် ခံစစ်ဆင်လျှင် ရုရှား-အမေရိကန်ကဲ့သို့ နိုင်ငံကြီးများပင်လျှင် အခက်တွေ့ရပါသည်။ 


၂၀၁၄ -ခုနှစ်၌ အကြမ်းဖက်စစ်သွေးကြွများပေါ်ထွန်းလာပြီး အီရတ်နှင့် ဆီးရီးယားတွင် နယ်မြေအများအပြားကို လျှပ်တစ်ပြက်အတွင်း သိမ်းယူကာ အစ္စလာမ်မစ်နိုင်ငံတော် ( ISIS ) ထူထောင်ကြောင်း ကြေလာသည်။
 

  
ထိုစဉ်က အိုင်စစ်တို့ကို ဖြိုခွင်းရာတွင် တူရကီလေတပ်အခြေစိုက် ဗြိတိန်စစ်အကြံပေးတို့ကွပ်ကဲသော ဆော်ဒီအာရေးဗီးယားဘုရင့်လေတပ်မတော်လည်း ပါဝင်သည်။ ဆော်ဒီတိုက်လေယာဉ်မှူးအချို့သည် အိုင်စစ်တို့ကို တိုက်ခိုက်ရန် ပေးအပ်သည့်အမိန့်ကို ဖီဆန်လျှက် တော်ရာနေရာ၌ ဗုံးများကို ဖြုတ်ချပြီး၊ စက်သေနတ် ကျည်များကို ဖြုန်းတီးပစ်ခဲ့သည်။ ထိုအတွက် စစ်ခုံရုံးတင်ခံရသူ အများအပြားရှိခဲ့သည်။ ထို့ကြောင့် တူရကီက ၎င်း၏ အမျိုးသားလုံခြုံရေးဆောင်ရွက်မှုကို မဝေဖန်လိုသော်လည်း တစ်ကမ္ဘာလုံးမုန်းတီးခံ အိုင်စစ်တို့ကို အမြစ်မကျန် ချေမှုန်းမည်ဆိုခြင်းကို သံသယရှိပါသည်။ ။ သတင်းဘာသာပြန်သူ )) 

((( အောကျတိုဘာ – ၁၀၊ ၂၀၁၉ Russia Today., 9 Oct, 2019, “IMAGES from northeastern Syria show civilians fleeing Turkish ‘Operation Peace Spring’.” ကို #HtayOung, #OungMarine ဆီ လြောျအောငျ ကောကျနှုတျဘာသာပွနျဆိုသညျ။ )))

https://www.rt.com/news/470564-turkey-syria-kurds-refugees/ 
https://www.rt.com/news/470575-turkey-invasion-worldwide-condemnation/ 
https://www.rt.com/news/470532-erdogan-syria-operation-start/ 

+1

Leave a Reply

Your email address will not be published.