ပြင်သစ်က ဘာသာရေးအစွန်းရောက်အယူအဆကို အကြီးအကျယ်ထိုးစစ်ဆင်နေစဉ် သီးခြားနေထိုင်ရေးဝါဒကို ဖြန့်ဝေသည်ဟု သံသယရှိသည့် ဗလီ ၈၀ နီးပါးကို ပိတ်ပစ်မည်ဟုဆို။ သမ္မတမက်ခွန်၏ အစွန်းရောက်ဝါဒ ထိန်းချုပ်ရေး ပြင်သစ်မွတ်လင်ဘာသာရေးကောင်စီ (CFCM) သဘောတူ

နိုင်ငံအတွင်း ရန်လိုကြမ်းတမ်းသော အစ္စလာမ်အစွန်းရောက်ဝါဒဖယ်ရှားရေး လှုပ်ရှားမှု၏ တစ်စိတ်တစ်ပိုင်းအဖြစ် လုံခြုံရေးခြိမ်းခြောက်ဖွယ်အလားအလာရှိသည်ဟု သတ်မှတ်ခံထားရသော ဗလီအများအပြားကို ပိတ်ပစ်မည်ဖြစ်ကြောင်း ပြင်သစ်အစိုးရက ခြိမ်းခြောက်လိုက်သည်ဟု Russia Today က ယမန်နေ့ ရေးသားသည်။ 

အီမန်နျူရယ်မက်ခွန်အစိုးရက ဘာသာရေးအစွန်းရောက်အယူအဆကို အကြီးအကျယ်ထိုးစစ်ဆင်လျှက်ရှိစဉ် ပြင်သစ်နိုင်ငံအတွင်းရှိ ဗလီ ၇၆ ခုတို့မှာ “ သီးခြားနေထိုင်ရေးဝါဒ” ကို မြှင့်တင်ဖြန့်ဝေသည်ဟု သံသယရှိကြောင်း ပြည်ထဲရေးဝန်ကြီး ဂျီရယ်ဒါမန်နင်က ပြောဆိုသည်။ 
RTL ရေဒီယိုနှင့် တွေ့ဆုံရာ၌ ပြင်သစ်ပြည်ထဲရေးဝန်ကြီးက ပြောကြားရာ၌ အချို့သောနေရာဒေသများရှိ ဗလီများသည် ရှင်းလင်းသိသာသည့် ရီပတ်ဘလီကန်ဆန့်ကျင်ရေးတို့ စုဝေးသည့်နေရာအချို့၌ ပါဝင်ကြောင်း၊ ကျွနု်ပ်တို့ အလေးအနက်တန်ဖိုးထားသည်တို့ကို ဆန့်ကျင်ဟောပြောသည့် အီမန်များအား ပြင်သစ်ထောက်လှမ်းရေးက သတင်းအချက်အလက် စုဆောင်းခဲ့ကြောင်း၊ သို့သော် လုံခြုံရေးခြိမ်းခြောက်ဖွယ် အန္တရာယ် အလားအလာရှိသည်ဟု ဖော်ထုတ်သတ်မှတ်ခံရသော အဆိုပါ အစုအဝေးအသိုင်းအဝိုင်းများသည် နိုင်ငံအတွင်း မွတ်စလင်ဝတ်ပြုရာနေရာ ၂၆၀၀ ကျော်၏ အစိတ်အပိုင်းငယ် တစ်ခုမျှသာဖြစ်ကြောင်း၊ 

လာမည့်ရက်များ၌ ၎င်းဝတ်ပြုကိုးကွယ်ရာနေရာများကို စစ်ဆေးမှုများဆောင်ရွက်မည်ဖြစ်ပြီး အကယ်၍ ကျွနု်ပ်တို့သံသယရှိသည့်အတိုင်း မှန်ကန်သည်ဟု အတည်ပြုနိုင်ခဲ့လျှင် ပိတ်ပစ်ရန်တောင်းဆိုမည်ဖြစ်ကြောင်း၊ အစွန်းရောက်ဝါဒီများဟု သံသယရှိသည့် တရားမဝင် ရွှေ့ပြောင်းအလုပ်သမား ၆၆ ဦး ကို ပြည်နှင်ဒဏ်ပေးခဲ့ကြောင်း၊ ဖြိုခွဲနှိမ်နင်းမှုသည်တိုင်းပြည်အတွင်းရှိ ဘာသာရေးအစွန်းရောက်ဝါဒကို လျှော့ချတားဆီးရန် ပြင်သစ်အစိုးရ၏ ကြီးမားပြီး ယခင်မရှိခဲ့ဖူးသော အစီအမံများအနက် ကဏ္ဍတစ်ခုဖြစ်ကြောင်း အင်တာဗျူးနှင့်ပတ်သက်၍ ဝန်ကြီးက ၎င်း၏တွစ်တာစာမျက်နှာ၌ ရေးသားခဲ့သည်။ 

မကြာသေးမီက အစ္စလာမ်မစ်တိုက်ခိုက်မှုများဖြစ်ပွားခဲ့ပြီးနောက် မက်ခွန်အစိုးရ၏ပဏာမခြေလှမ်းမျာကိုး တွေ့မြင်လာရသည်။ အောက်တိုဘာလတွင် ကျောင်းဆရာဆမ်မြူရယ်ပက်တီ၏ခေါင်းဖြတ်အသတ်ခံရမှုမှစတင်ခဲ့သည်။ လွတ်လပ်စွာပြောဆိုခွင့်ဆိုင်ရာ သင်ခန်းစာ၏ တစိတ်တပိုင်းအဖြစ် တမန်တော်မိုဟာမက်၏ ပုံတူရုပ်ပြောင်များကိုပြသခဲ့ပြီးနောက် အစွန်းရောက် ချေချင်းညာဒုက္ခသည်တစ်ဦးက ပက်တီအား သတ်ဖြတ်ခဲ့သည်။ ထိုသို့ ဖြစ်ပွားပြီး ရက်သတ္တ ၂-ပတ်မပြည့်မီမှာပင် နိ့စ်မြို့၌ ဓားဖြင့်တိုက်ခိုက်မှုကြောင့်လူ ၃-ဦး သေဆုံးခဲ့ရပြီး သံသယရှိသူမှာ အစွန်းရောက်တစ်ဦးအဖြစ် သတင်းထွက်ခဲ့သော တူနီးရှားရွှေ့ပြောင်းနေထိုင်သူဖြစ်သည်။ 

ပက်တီ အသတ်ခံရမှုကို ဖြစ်ပွားစေသော အမုန်းတရားအား လှုံ့ဆော်သည့် စွပ်စွဲခံရသော ဗလီတစ်လုံးကို လည်း အောက်တိုဘာလကုန်၌ ပိတ်ပစ်ခဲ့သည်။ ပက်တီအသတ်ခံရမှုနှင့် နောက်ဆက်တွဲအဖြစ်အပျက်များမှာ ဘာသာရေးအစွန်းရောက်မှုကြောင့် ဟု ပြင်သစ်အစိုးရက မှတ်ယူပြီး တုန့်ပြန်မှုများပြုလုပ်လျှက်ရှိသည်။ သီးခြားနေထိုင်ရေး ဝါဒကိုရပ်တန့်ရန် ရည်ရွယ် သည့် ဥပဒေများ ကျယ်ပြန့်စွာ ပြဋ္ဌာန်းရန်စီစဉ်သည်။ သမ္မတမက်ခွန်တင်ပြသော ဥပဒေအရ ပြင်သစ်မှ ကလေးတိုင်းကို မလွဲမသွေ ကျောင်းအပ်နှံစေရန် မှတ်ပုံတင်များ နံပါတ်ပေးမည်ဖြစ်ပြီး ကလေးများကို အိမ်တွင်ထားရှိသော မိဘများအနေဖြင့် ငွေဒဏ်နှင့် ထောင်ဒဏ်များပင် ကျခံရနိုင်သည်။ သို့သော် ထိုအစီအမံသည် မွတ်စလင် အိမ်ထောင်စုများမှ ကလေးများသာမက နိုင်ငံတစ်ဝှမ်းလုံးရှိ ကလေးအားလုံးနှင့် သက်ဆိုင်ကြောင်း သိရှိရသည်။ 

အဆိုပြုထားသော ၎င်းဥပဒေကို လာမည့်ရက်သတ္တပတ်တွင် ပြင်သစ်ကက်ဘိနက်က ပြန်လည်သုံးသပ်ရန် စီစဉ်ထားသည်။ သမ္မတမက်ခွန်သည် အစွန်းရောက်ဝါဒကို ထိန်းချုပ်ရန် ခြေလှမ်း လှမ်းလျှက်ရှိပြီး၊ သမ္မတ၏ တိုက်တွန်းပြောကြားချက်အရ အီမာန်များအားအသိအမှတ်ပြုမည့် အဖွဲ့အစည်းတစ်ခုတည်ထောင်ရန် ပြင်သစ်မွတ်လင်ဘာသာရေးကောင်စီ (CFCM) က သဘောတူခဲ့သည်။ ဘာသာရေး ခေါင်းဆောင်များက အစွန်းရောက်အဖြစ် သုံးသပ်ဆုံးဖြတ်ခဲ့လျှင် တရားဝင်အသိအမှတ်ပြုခြင်းမှ ပယ်ဖျက်ရုပ်သိမ်းနိုင်သည်။ 

(( ကမ္ဘာအရပ်ရပ်ရှိ အစ္စလာမ်ဘာသာဝင်တို့သည် ၎င်းတို့ မွေးဖွားရာဇာတိနိုင်ငံ၏ ဘာသာစကားကို ပြောဆိုကြ၍ အခြားအများစုနိုင်ငံသားတို့နည်းတူ ဝတ်စားဆင်ယင် နေထိုင်ခဲ့ကြသည်။ ကိုးကွယ်ရာဘာသာကွဲပြားသော်လည်း ရေမြေတစ်ခုတည်းနေသူအချင်းချင်း စားသောက်နေထိုင်ပုံချင်း တူညီကြ၍ ယဉ်ကျေးမှု တစ်သားတည်း ရှိကြကာ နိုင်ငံရေး၊ စီးပွားရေးစသည်တို့တွင် ဆင်းရဲဒုက္ခ အတူခံစားရုန်းကန်ခဲ့ကြသည်။ လွန်ခဲ့သော ရာစုနှစ်ထက်ဝက်ခန့်ကာလတွင် ကမ္ဘာအရပ်ရပ်ရှိ မွတ်စလင်အချို့၌ အရှေ့အလယ်ပိုင်းသားတိ့ု၏ နေထိုင်ပုံနှင့် ဝတ်စားဆင်ယင်ပုံအတိုင်း အတုယူဝတ်ဆင်နေထိုင်မှုများ တစ်စစ များပြားလာရခြင်းမှာ Wahhabism “ ဝါဟာဘီဝါဒ “ ကြောင့် ဖြစ်ကြောင်း ပြောဆိုကြပါသည်။ 

ထိုမှ “Separatism.” ခေါ် “ သီးခြားနေထိုင်ရေးဝါဒ “ ဖြစ်လာပြီးလျှင် နိုင်ငံတစ်နိုင်ငံတည်း မွေးဖွားနေထိုင်သူ အချင်းချင်း ကိုးကွယ်ရာဘာသာကွဲပြားခြင်းအရ သီးခြားနေထိုင်မှု ပုံစံဖြစ်လာပါသည်။ ထိုစဉ်ကာလသည် အရှေ့အလယ်ပိုင်းတွင် ကမ္ဘာ့အင်အားကြီးနိုင်ငံအချင်းချင်း သြဇာခံနယ်မြေ ချဲ့ထွင်ရေး စားခွက်လုရာမှ ဒေသခံတို့ မြေဇာပင်ဖြစ်ရသည်ကို ဆန့်ကျင်တွန်းလှန်သည့် လှုပ်ရှားမှုများ ပေါ်ထွန်းလာသည်။ အိုစမာဘင်လာဒင်ကဲ့သို့ အချို့ခေါင်းဆောင်များမှာ ၎င်းတို့၏ တော်လှန်ရေးလုပ်ငန်းစဉ်တွင် ဘာသာရေးဖြင့် ရောမွှေခြင်းကြောင့် အလွန်အမင်း ရှုတ်ထွေးသွားပြီး ခွဲခြားရန်ပင် အလွန်ခဲယဉ်းသွားရသည်။ အတူနေသူအချင်းချင်း သီးခြားသဖွယ် ဖြစ်နေသူတို့နှင့်လည်း စိတ်ဝမ်းကွဲပြားမှု နက်ရှိုင်းလာသည်။ ထို့ကြောင့် ဗြိတိန်၊ ဥရောပနှင့် ကမ္ဘာ့နိုင်ငံအချို့တွင် သက်ဆိုင်ရာနိုင်ငံ၏ ဖွဲ့စည်းပုံနှင့်အညီ အစ္စလာမ်ဘာသာဝင်များ ဖြစ်ထွန်းလာရေး တွန်းအားပေးဆောင်ရွက်လျှက်ရှိကြောင်း တွေ့မြင်ရပါသည်။ 

လူမျိုး-ကိုးကွယ်ရာဘာသာတစ်ခုခုအပေါ် ရိုင်းပြစော်ကားသော မှတ်ချက်များ မရေးကြပါရန် အထူးမေတ္တာ ရပ်ခံပါသည်။ ။ သတင်းဘာသာပြန်သူ )) 

#အစ္စလာမ်အစွန်းရောက်သီးခြားနေထိုင်ရေးဝါဒပြင်သစ်၌ကာကွယ်တားဆီး 

((( Russia Today., 3 Dec, 2020,” Nearly 80 mosques suspected of ‘separatism’ face closure as French govt launches ‘massive’ offensive against religious extremism.” ကို #HtayOung, #OungMarine ဆီလျော်အောင် ကောက်နှုတ်ဘာသာပြန်ဆိုသည်။ ))) 

https://www.rt.com/news/508562-france-76-mosques-closure-darmanin-extremism/

https://www.pbs.org/wgbh/pages/frontline/shows/saudi/analyses/wahhabism.html

https://www.rt.com/news/504036-france-closes-mosque-teacher/

https://www.rt.com/news/503769-macron-beheaded-teacher-islamist-attack/

+1

Leave a Reply

Your email address will not be published.