ပြင်သစ်သံတမန်အား နှင်ထုတ်ရန်ကိစ္စကို ပါလီမန်၌ မဲခွဲရန် အစိုးရက ခွင့်ပြုပြီးနောက် ပါကစ္စတန်အစ္စလာမ်မစ်ဝါဒီများက ဆန္ဒပြမှုများကို ရပ်တန့်မည်။ ပြင်သစ်သံကို နှင်ထုတ်ခဲ့လျှင် ဥရောပနိုင်ငံများနှင့် ကုန်သွယ်ရေးထိခိုက်နိုင်ဟု ဝန်ကြီးချုပ်သတိပေး၊ ရဲ ၄-ဦး အသတ်ခံရပြီး ၁၁-ဦးဓါးစာခံဖမ်းဆီးခံရ


ပါကစ္စတန်နိုင်ငံတွင် ပြင်သစ်သံအမတ်အား မောင်းထုတ်ရန်ကိစ္စကို ပါလီမန်၌ မဲခွဲဆုံးဖြတ်ရန်နှင့် ဆန္ဒပြသူများအပေါ် ရာဇဝတ်ကြောင်း စွဲဆိုထားမှုများကို ရပ်တန့်ပေးမည်ဖြစ်ကြောင်း အင်မရန်ခန်းအစိုးရက ပြောဆိုခဲ့ပြီးနောက် နိုင်ငံအဝှန်း ပြင်သစ်ဆန့်ကျင်ရေး အကြမ်းဖက်မှုများကို အဆုံးသတ်ကြရန် တားမြစ်ခြင်းခံထားရသော အစ္စလာမ်မစ်အုပ်စုက ဆော်သြလိုက်သည်ဟု Reuters က ယနေ့ ရေးသားသည်။

…  
ပါကစ္စတန်၌ တရားမဝင်အဖွဲ့အစည်းဖြစ်သည့် #တာရစ်_အီး_လက်ဘိုက်_ (ပါကစ္စတန်) #TLP အုပ်စုဝင်တို့က လွန်ခဲ့သည့်ရက်သတ္တပတ်တွင် အဝေးပြေးလမ်းမကြီးများ၊ မီးရထားလမ်းများနှင့် မြို့ကြီးများ၏ အဓိက ဝင်ထွက်လမ်းများကို ပိတ်ဆို့ခြင်းပြီးနောက် ရဲတပ်ဖွဲ့ဝင်များ အားတိုက်ခိုက်ခြင်းနှင့် အများပြည်သူပိုင်ပစ္စည်းများကို မီးတင်ရှို့ခြင်းခြင်းများ ပြုလုပ်လျှက်ရှိသည်။

…    
ပြင်သစ်နိုင်ငံက #တမန်တော်မိုဟာမက်အား ကာတွန်းရုပ်ပြောင်အဖြစ် ဖော်ပြမှုကို လက်တုံ့ပြန်သည့်အနေဖြင့် ပါကစ္စတန်အစိုးရက ပြင်သစ်သံအမတ်အား မောင်းထုတ်ရန် အဆိုပါအုပ်စုက တောင်းဆိုခဲ့သည်။

…  
ရက်သတ္တပတ်ချီ ကြာမြင့်သည့် အဓိကရုန်းများအတွင်း ရဲတပ်ဖွဲ့ဝင် ၄-ဦး အသတ်ခံရပြီး ၁၁-ဦးကို အစ္စလာမ်မစ်ဝါဒီများက ဒါးစာခံအဖြစ်ဖမ်းဆီးခဲ့သည်။ ဒဏ်ရာရရှိသူ စုစုပေါင်း ၈၀၀ ကျော်ရှိခဲ့ရာ စိုးရိမ်ရသော အခြေအနေရှိသူ အများအပြားပါဝင်သည်။ အစ္စလာမ်ဝါဒီများက ၎င်းတို့၏ အဖွဲ့ဝင် ၃-ဦး သေဆုံးကြောင်း ပြောဆိုသည်။

…  
ပြင်သစ်သံတမန်ကိ နှင်ထုတ်ခဲ့လျှင် ပါကစ္စတန်က ပေးဆပ်ရမည့် အန္တရာယ်မှာ အလွန်ကြီးမားကြောင်း၊ နိုင်ငံ၏ ပို့ကုန်ထက်ဝက်ခန့်မှာ ဥရောပသမဂ္ဂသို့ တင်ပို့ရောင်းချနေရခြင်းဖြစ်ကြောင်း ဝန်ကြီးချုပ်_အင်မရန်ခန်းက တနင်္လာနေ့၌ သတိပေးခဲ့သည်။

…   
မည်သို့ပင်ဆိုစေကာမူ အစိုးအနေဖြင့် TLP တို့နှင့် ကြာမြင့်စွာ စေ့စပ်ညှိနှိုင်းမှုများ ပြုလုပ်ပြီးနောက် သံအမတ်ကြီးအား နှင်ထုတ်ရန်ကိစ္စအတွက် ပါလီမန်၌ ဆုံးဖြတ်ရန် သဘောတူညီခဲ့ကြောင်း၊ TLP တို့အပေါ် ရာဇဝတ်ကြောင်း စွဲဆိုထားခြင်း အားလုံးတို့ကိုလည်း ရုတ်သိမ်းပေးရန် ပါဝင်ပြီး၊ TLP တို့ကလည်း ဆန္ဒပြမှုများကို အဆုံးသတ်၍ အားလုံး နေရပ်ပြန်ကြရန် အပြန်အလှန်သဘောတူညီမှုရရှိခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးက အင်္ဂါနေ့၌ သတင်း ထုတ်ပြန်သည်။ ၎င်းအတွက် အဆိုတင်သွင်းရန် ပါလီမန်အထူးအစည်းအဝေးတစ်ရပ်ကို ခေါ်ယူခဲ့ ခေါ်ယူခဲ့သည်။

…    
သို့သော် အကြီးအကျယ်ကန့်ကွက်မှုများဖြစ်ပွားနေသည့် လာဟိုးမြို့တွင် TLP ဋ္ဌာနချုပ်ရှေ့၌ ထောင်ပေါင်းများစွာသော လူအုပ်ကြီးမှာ စုရုံးနေကြဆဲဖြစ်ပြီး လူစုခွဲမည့် အရိပ်လက္ခဏာ မတွေ့ရပေ။

TLP တို့က ၎င်းတို့၏ခေါင်းဆောင်နှင့် ဖမ်းဆီးခံထားရသူ ဝန်ထမ်းရာပေါင်းများစွာတို့ကို ပြန်လွှတ်ပေးရန်၊ တရားမဝင်ဟု ပိတ်ပင်ထားမှုများအား ဖယ်ရှားပေးရန်နှှင့် ပြည်ထဲရေးဝန်ကြီးအား ရာထူးမှ ထုတ်ပယ်ပေးရန် တောင်းဆိုလျှက်ရှိသည်။

…  
လွန်ခဲ့သည့်နှစ် နှောင်းပိုင်းတွင် ပြင်သစ်ကျောင်းဆရာတစ်ဦးက လွတ်လပ်စွာ ပြောဆိုခြင်း သင်ခန်းစာအဖြစ် #တမန်တော်_မိုဟာမက်၏ ကာတွန်းရုပ်ပြောင်ကို စာသင်ခန်း၌ ပြသခဲ့သည်။ ချေချင်းညာဇာတိဖွားတစ်ဦးက ခေါင်းဖြတ်သတ်လိုက်သောအခါ #သမ္မတ_အီမန်နျူရယ်_မက်ခွန်က ကျောင်းဆရာအား ချီးကျူးဂုဏ်ပြုခြင်းကြောင့် ပါရီနှင့် အစ္စလာမ်မာဘတ်အကြားဆက်ဆံရေးမှာ ပိုမိုတင်းမာလာခဲ့ရသည်။ မွတ်စလင်များစွာတို့က ၎င်းကာတွန်းများကို စော်ကားမှုအဖြစ် မှတ်ယူကြပြီး ပြင်သစ်တွင် လွတ်လပ်စွာပြောဆိုခွင့်မှာ အခြေခံကျသော အခွင့်အရေးဖြစ်သည်ဟု မက်ခွန်က ဆိုခဲ့သည်။

…   
မွတ်စလင်ကမ္ဘာတွင် ကန့်ကွက်ဆန္ဒပြမှုများ ဖြစ်ပွားခဲ့ရာ ပြင်သစ်ထုတ်ကုန်များကို သပိတ်မှောက်ရန်နှင့် ပါရီသံတမန်ကို မောင်းထုတ်ရန် အင်မရန်ခန်းအစိုးရက သဘောတူညီသည်အထိ အစ္စလာမ်မာဘတ်မြို့၏ အဓိကအဝေးပြေးလမ်းမကြီးကို အစ္စလာမ်မစ်ဝါဒီများဦးဆောင်၍ ပိတ်ဆို့ခဲ့ခြင်းမှာလည်း အပါအဝင်ဖြစ်သည်။

…  
ပြင်သစ်ကလည်း နိုင်ငံသားများအား ပါကစ္စတန်နိုင်ငံမှ ခေတ္တထွက်ခွာရန် အကြံပြုခဲ့သည်။ ပြင်သစ်သံတမန်၏ အနာဂါတ်နှင့် ပတ်သက်၍ ပါလီမန်၌ မဲပေးစေခြင်းမှာ ပါကစ္စတန်အစိုးရအနေဖြင့် စုပေါင်းတိုင်ပင်ဆွေးနွေးကြပြီး အများသဘောဆန္ဒအရ ဆောင်ရွက်သည်ဟု ပြောနိုင်ရန်ဖြစ်ကြောင်း နိုင်ငံရေးလေ့လာသူများက သုံးသပ်ကြသည်။

…  
ပြင်သစ် ဆန့်ကျင်ရေးအစီအစဉ် မစတင်မီ ဧပြီ ၁၂-ရက်နေ့တွင် #TLP_ခေါင်းဆောင်_ဆာအိဒ်ဟူစိန်ရီဇာဗီကို အစိုးရက ဖမ်းဆီးခဲ့ပြီးနောက် လွန်ခဲ့သည့် ရက်သတ္တပတ်အတွင်း အကြမ်းဖက်မှုများဖြစ်ပွားခဲ့သည်။

…   
ပါကစ္စတန်အစိုးရက စစ်သွေးကြွများ၏ တောင်းဆိုချက်များကို လက်ခံခဲ့ခြင်းမှာ အစ္စလာမ်မစ်များအနေဖြင့် အောင်ပွဲတစ်ခုအဖြစ် ရှုမြင်နိုင်ကြောင်း၊ အစိုးရ၏ တပ်ခေါက်မှုနှင့် သဘောတူညီလိုက်ရမှုတို့က အစ္စလာမ်မစ်တို့၏ ရပ်တည်ချက်အပေါ် မည်သည့်အဖွဲ့အစည်းကမျှ မတားဆီးနိုင်ဟု ဖော်ပြရာရောက်ကြောင်း စာရေးသူနှင့် လေ့လာသုံးသပ်သူ_ခါလစ်_အာမက်က ရှု့မြင်သည်။

((နေ့စဉ်နိုင်ငံတကာထူးခြားသတင်းများ ပြန်လည်တင်ပြနေသူ ကျွန်တော့်တွင် အလွန်ဆိုးရွားသော အခက်အခဲနှင့် ရင်ဆိုင်နေရပါသည်။ ယခုကဲ့သို့ သတင်းမျိုးတွင် #ပါကစ္စတန်ပါလီမန်က_ #ဘယ်လိုဆုံးဖြတ်မည် ထင်ပါသလဲဟု ခပ်ကြောင်ကြောင် အမေးခံရမည့်ကိစ္စမျိုးဖြစ်သည်။

…  
ကျွန်တော်သည် ပါကစ္စတန်အမတ်လည်းမဟုတ်၊ လွှတ်တော်အမတ်တို့အပေါ် ဘာသာရေးဖိအား ရှိ-မရှိ ပါကစ္စတန်၏ ပြည်တွင်းရေးကို ဂဏသေချာ သိသူမဟုတ်ပါ။ မိမိနှစ်သက်ရာ လွတ်လပ်စွာထင်မြင်ကြရန် ဖြစ်သည်။

…  
မျက်မှောက်ကမ္ဘာကြီးတွင် မတူညီသော ဘာသာကိုးကွယ်မှုများ ယဉ်ကျေးမှုအသီးသီး တည်ရှိသည်ကို အများသိရှိပြီး ဖြစ်ပါသည်။ နှင်းဆီပန်း၏ ဂုဏ်ဆိုသည်မှာ စပယ်၊ ခရေစသည့် ပန်းများနှင့် မတူပါ၊ တစ်နည်းအားဖြင့် စပယ် ခရေ ရှိ၍လည်း နှင်းဆီ၏ အဓိပ္ပါယ်လေးနက်နေခြင်းဖြစ်သည်။

…  
ဘာသာရေးနှင့် ယဉ်ကျေးမှုတို့တွင် မတူညီကြယုံမက စံနှုန်းများလည်း မတူကြပါ။ ထိုသို့ မတူညီကြခြင်းသည် အပြစ်ကြီးတစ်ခု ဟုတ်-မဟုတ်၊ လစ်ဘရယ်ဟု ကိုယ်ပွင့်လင်းသလို သူလည်းပွင့်လင်းရမည်ဟု အားလုံး တန်းတူစံနှုန်းတစ်ခုတည်း သတ်မှတ်လျှင် ဒီမိုကရေစီ ပျောက်-မပျောက်ကိုလည်း စဉ်းစားကြရန်ဖြစ်ပါသည်။     ။သတင်းဘာသာပြန်သူ ))

…  
(((Reuters., April 20, 2021,” Islamists call halt to Pakistan protest after government allows vote on French envoy. By: Asif Shahzad.” ကို #HtayOung, #OungMarine ဆီလျော်အောင် ကောက်နှုတ်ဘာသာပြန်ဆိုသည်။)))

#ပြင်သစ်သံအမတ်နှင်ထုတ်ရန်_ပါကစ္စတန်ပါလီမန်_ဆုံးဖြတ်မည်။

…  
https://www.reuters.com/world/asia-pacific/pakistan-parliament-vote-expel-french-ambassador-after-violent-anti-france-2021-04-20/
https://www.rt.com/news/521573-pakistan-expel-french-ambassador/
https://www.rt.com/news/521460-pakistan-france-protest-minister-police/

==========

+1

Leave a Reply

Your email address will not be published.