ပြင်သစ်မြေပေါ်တွင် တူရကီဥပဒေများကို မလိုက်နာနိုင်၊ ပြည်ပမှလာရောက်သည့် အစ္စလာမ်မစ်သီးခြားနေရေး တရားဟောဆရာများအား အရေးယူမည်၊ သီးခြားနေရေးဝါဒ တူရကီထောက်ပံ့ဟု ပြင်သစ်သမ္မတ စွပ်စွဲ။

မွတ်စလင်နိုင်ငံများမှ လာရောက်ပြီး ပြည်တွင်းနေ ဝတ်ပြုသူများအား တရားဥပဒေချိုးဖောက်ရာရောက်အောင် တိုက်တွန်းသည့် တရားဟောဆရာများကို အာဏာသုံး၍ နှိပ်ကွပ်မည်ဖြစ်ပြီး၊ တူရကီအနေဖြင့် ပြင်သစ်မြေပေါ် တွင် “ သီးခြားနေရေးဝါဒထောက်ပံ့ခြင်း ” များ မပြုလုပ်နိုင်ကြောင်း ပြင်သစ်သမ္မတ အီမန်နူရယ်မက်ကွန်းက သတိပေးလိုက်သည်ဟု Russia Today က ဖေဖော်ဝါရီ ၁၉-ရက်နေ့တွင် ရေးသားသည်။

ထို့ပြင် မွတ်စလင်နိုင်ငံများမှ တရားဟောဆရာများ စေလွှတ်နေခြင်းကို အဆုံးသတ်စေ၍ ယဉ်ကျေးမှုနှင့် ဘာသာစကားတို့တွင် ပြည်တွင်းကသာ အစီအစဉ်တကျ တဖြည်းဖြည်း သင်ကြားပေးသွားရန် ဆောင်ရွက်မည်ဖြစ်ကြောင်း သမ္မတက ကတိပြုလိုက်သည်။

ဂျာမန်နယ်စပ် မြုးလ်ဟောက်စ်မြို့တွင် ပြင်သစ်သမ္မတက မိန့်ခွန်းပြောကြားရာ၌ နိုင်ငံခြားသားတရားဟော ဆရာများ၏ သင်ကြားချက်များတွင် လူအများနှင့် သီးခြားနေရေးကို ဟောပြောခြင်းဖြင့် တရားဥပဒေကို မလေးစားစေရန် ဦးတည်လျှက်ရှိကြောင်း ဖော်ပြပါရှိသည်။

ပြင်သစ်ခေါင်းဆောင်၏ မိန့်ခွန်းတွင် အခြားသော အယ်လ်ဂျီးရီးယား၊ မော်ရိုကို၊ တူနီရှားတို့နှင့်မတူပဲ နှစ်နိုင်ငံသဘောတူညီချက်အဆင့်သို့ မရောက်ရှိသေးသည့် တူရကီအား ရည်ညွှန်းလိုက်ခြင်းဖြစ်သည်။ တူရကီအနေ ဖြင့် ပြင်သစ်၏ မူအတိုင်း လိုက်နာနိုင်ခြင်း ရှိ-မရှိကို ရွေးချယ်နိုင်သော်လည်း ပြင်သစ်အနေဖြင့် ပြည်ပနိုင်ငံက ယဉ်ကျေးမှု- ဘာသာတရားစွက်ဖက်ခြင်း သို့မဟုတ် ကိုယ်ပိုင်လက္ခဏာကိုအကြောင်းပြု၍ သီးခြားနေရေး အယူအဆများကို နိုင်ငံ့ရေမြေပေါ်တွင် ခွင့်ပြုမည်မဟုတ်ကြောင်း မက်ကွန်းက ရှင်းလင်းပြောဆိုသည်။

အစ္စလာမ်မစ်သီးခြားနေရေးအယူအဆအား ဆန့်ကျင်ရာတွင် မိမိတို့ဖာသာ ကြေနပ်နေခြင်းမျိုး မဖြစ်စေပဲ ပြင်သစ်၏ ဥပဒေများနှင့်အညီ အခြားသူများကိုလည်း ထိုးနှက်ရာမရောက်စေသင့်ကြောင်း ပြင်သစ်မွတ်စလင်ကောင်စီ ( CFCM ) နှင့်တွေ့ ဆုံရာ၌ ပြင်သစ်သမ္မတက အမှာစကားပြောကြားသည်။

ပြင်သစ်တွင် ပြည်ပမှ တရားဟောဆရာများ စေလွှတ်စေခြင်းကို ၂၀၂၄-ခုနှစ်တွင် လုံးဝအဆုံးသတ်လိမ့်မည်ဖြစ်ကြောင်း ပြည်ထဲရေးဝန်ကြီါ် ခရစ်စတိုဖီကက်စတင်နာအဆိုအရ သိရှိရသည်။

ပြင်သစ်သမ္မတ၏ ပြောဆိုချက်မှာ “ အကြမ်းစား အစ္စလမ်ကြောက်ရောဂါ “ လက္ခဏာဖြစ်ကြောင်း တူရကီပါလီမန်ပြောရေးဆိုခွင့်ရှိသူက ရှုတ်ချလိုက်သည်။ ပြင်သစ်သည် အာဖရိက ဆာဟာရဒေသနှင့် လစ်ဗျားတွင် သူပုန် ဗိုလ်ချုပ်ခလီဖာဟဇ်တာအား ထောက်ပံ့ခြင်းဖြင့် ငြိမ်းချမ်းရေးကို ဖျက်ဆီးလျှက်ရှိကြောင်း၊ ပြင်သစ်၏ အင်အားသုံး အစိုးရဖြုတ်ချရေးဝါဒီတို့သည် မွတ်စလင်ကမ္ဘာအတွင်း မတည်မငြိမ်ဖြစ်အောင် လုပ်ဆောင်နေကြောင်း တုန့်ပြန်စွပ်စွဲလိုက်သည်။

ပြင်သစ်သည် ၂၀၁၁-ခုနှစ် အမေရိကန်ဦးဆောင်သော လစ်ဗျားခေါင်းဆောင် မွမ်မာကဒါဖီဖယ်ရှားရေး ကျူးကျော်စွက်ဖက်မှု့၌ ပါဝင်ခဲ့သည့်နိုင်ငံဖြစ်သည်။ ထိုနောက် ကဒါဖီအသတ်ခံရပြီး လစ်ဗျားလည်းနိုင်ငံပြိုကွဲကာ ပြည်တွင်းစစ်မီးတောက်လောင်ခဲ့ရသည်မှာ ယနေ့တိုင်ဖြစ်သည်။ ကုလအသိအမှတ်ပြု ထရီပိုလီအစိုးရ ထောက်ခံရေး တူရကီနှင့် စင်ပြိုင်အစိုးရ၏ ခလီဖာဟဖ်တာ ထောက်ခံရေး ပြင်သစ်တို့မှာ လစ်ဗျားသို့ လက်နက်ကိုင်တပ်ဖွဲ့များစေလွှတ်ခြင်း၊ မစ်ဆိုင်းလ်နှင့် လက်နက်များထောက်ပံ့သည်ဟု အပြန်အလှန်အ ပြစ်တင်လျှက်ရှိကြသည်။

(( မြန်မာနိုင်ငံအပါအဝင် ရှေးယခင် နိုင်ငံအသီးသီးရှိ အစ္စလာမ်ဘာသာကိုးကွယ်သူများမှာ သက်ဆိုင်ရာနိုင်ငံ၏ ယဉ်ကျေးမှု-ဓလေ့ထုံးတမ်းများအတိုင်း ဝတ်စားနေထိုင်သူများဖြစ်သည်။ လူ့အဖွဲ့အစည်းအတွင်း သဟဇာတဖြစ်၍ ကောင်းမွန်စွာလုပ်ကိုင်စားသောက်ကြသည်။ ထိုအစဉ်အလာကောင်းပျက်ပြားရခြင်းမှာ ဝါဟာဘီဝါဒ အထွန်းကားဆုံး လွန်ခဲ့သည့် ဆယ်စုနှစ်များမှစတင်ခဲ့ပြီး ဝတ်စားမှုမှစ၍ သီးခြားဖြစ်လာခြင်းမှာ ပြည်ပတရားဟောဆရာများ ပယောဂဟု စွပ်စွဲချက်ထွက်ပေါ်သည်။ ထိုမှ ဆလားဖစ်ကဲ့သို့ အစွန်းရောက်အယူအဆများ သွတ်သွင်းသည်ဟုလည်း ပြောဆိုကြသည်။

ကျွန်တော်လက်လှမ်းမီသလောက် သက်ဆိုင်ရာနိုင်ငံအလိုက် နိုင်ငံသားပုံစံမွတ်စလင်ဆိုသည်ကို အစောဆုံးအကောင်အထည်ဖော်သည်မှာ အင်္ဂလန်ဖြစ်သည်။ လွန်ခဲ့သောနှစ်တွင် ဖွဲ့စည်းပုံနှင့်အညီ နိုင်ငံသားအစ္စလာမ်ဘာသာဝင်ဆိုသည်ကို ဂျာမနီကလည်းပြောဆိုလာကြောင်း တွေ့ရှိရသည်။

အမှန်အားဖြင့် ရေမြေဒေသတစ်ခုတည်းတွင် အိုးအိမ်ထူထောင်နေသူများအချင်းချင်း ဝတ်ပြုရာဘာသာတရား ခြားနားသော်လည်း တူညီသောသဟဇာတဖြစ်မှု့များ ယခင်ကလည်းရှိ၍ ယခုလည်း ရှိသင့်ပါသည်။ သို့သော် နိုင်ငံကြီးများအနေဖြင့် ၎င်းတို့ကသာ အကောင်အထည်ဖော်မည်ဖြစ်သော်လည်း နိုင်ငံငယ်များက ကျင့်သုံးလာ လျှင် နှစ်မြို့ပုံမရပါ။ လက်နက်ဖောက်သည် မျက်နှာပျက်ခဲ့ရသည်ကို အစားထိုးသည့်အနေဖြင့် လူ့အခွင့်အရေး၊ ဘာသာတရားလွတ်လပ်ခွင့်ဟု မိုးကွက်ကြား ရွာလျှက်ရှိပါသည်။ ။ သတင်းဘာသာပြန်သူ ))

((( Russia Today., 19 Feb, 2020, “‘We can’t have Turkish laws on French soil’: Macron vows to fight foreign imams preaching ‘Islamist separatism’.” ကို #HtayOung, #OungMarine ဆီလျော်အောင်ကောက်နှုတ်ဘာသာပြန်ဆိုသည်။ )))

#ပြင်သစ်နှင့်အစ္စလာမ်မစ်သီးခြားနေရေး တရားဟောဆရာ #တူရကီ-လစ်ဗျား

https://www.rt.com/news/481195-macron-turkish-imams-france/

https://www.rt.com/news/480043-jihadist-student-france-program/

https://www.rt.com/news/461551-syria-soccer-songbird-isis/

0

One Reply to “ပြင်သစ်မြေပေါ်တွင် တူရကီဥပဒေများကို မလိုက်နာနိုင်၊ ပြည်ပမှလာရောက်သည့် အစ္စလာမ်မစ်သီးခြားနေရေး တရားဟောဆရာများအား အရေးယူမည်၊ သီးခြားနေရေးဝါဒ တူရကီထောက်ပံ့ဟု ပြင်သစ်သမ္မတ စွပ်စွဲ။”

Leave a Reply

Your email address will not be published.