ဗြိတိန်အနေဖြင့် ရိုဟင်ဂျာဆိုသူများအတွက် အလွန်အမင်းစိုးရိမ်ပူပန်နေပါလျှင် တော်ဝင်ရေတပ်မတော်အား စေလွှတ်ကယ်တင်ပြီး အင်္ဂလန်တွင် နေရာထိုင်ခင်းပေးသင့်ကြောင်း ဘင်္ဂလားဒက်ရှ်နိုင်ငံခြားရေးဝန်ကြီး အကြံပြု၊ အထူးသဖြင့် ဖွံ့ဖြိုးပြီးနိုင်ငံကြီးများက ဒုက္ခသည်ဘင်္ဂါလီ ၁.၁-သန်းကို ခွဲဝေလက်ခံသင့်ဟုဆို

ဘင်္ဂလားပင်လယ်အော်တွင် ရက်သတ္တပတ်ပေါင်းများစွာ မရေမရာလွင့်မျောလျှက်ရှိသည့် ဒုက္ခသည်ဘင်္ဂါလီ ( မူရင်း ရိုဟင်ဂျာဟု ဖော်ပြ )တို့အား ဗြိတိန်နိုင်ငံကိုယ်တိုင်က ကယ်ဆယ်နိုင်ပြီး အင်္ဂလန်တွင် နေရာထိုင်ခင်းပေးသင့်ပါကြောင်း ဗြိတိသျှဓနသဟာယအဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံဖြစ်သော ဘင်္ဂလားဒက်ရှ်၏ နိုင်ငံခြားရေးဝန်ကြီး အေကေ အဗ္ဗဒူမိုမန်က အကြံပြုလိုက်သည်ဟု ဘင်္ဂလားအခြေစိုက် bdnews24 က ယမန်နေ့ရေးသားသည်။

တနင်္လာနေ့တွင် ကုလသမဂ္ဂ၏တောင်အာရှရေးရာနှင့် ဗြိတိသျှဓနသဟာယရေးရာဝန်ကြီး လော့ဒ်တာရစ်မာမွတ်အာမက်နှင့် တယ်လီဖုန်းဆက်သွယ်ပြောဆိုရာ၌ အဗ္ဗဒူမိုမန်က အမှတ်မထင် အကြံပြုခဲ့ကြောင်း အင်္ဂါနေ့ဘင်္ဂလားဒက်ရှ် နိုင်ငံခြားရေးရုံး သတင်းထုတ်ပြန်ချက်၌ ဖော်ပြသည်။

ဘင်္ဂလားဒက်ရှ်သည် သယံဇာတရင်းမြစ်အကန့်အသတ်ရှိသည့် ဖွံ့ဖြိုးဆဲနိုင်ငံဖြစ်သော်လည်း လူသားချင်းစာနာမှု နောက်ခံဖြင့် ဒုက္ခသည်ဘင်္ဂါလီ ၁.၁-သန်းကို နေရာထိုင်ခင်းပေးထားခဲ့ပြီးဖြစ်ကြောင်း၊ ၎င်းလူဦးရေနှင့်နှိုင်းယှဉ်လျှင် ယခု ဒုက္ခသည်ဘင်္ဂါလီ ၅၀၀ ဆိုသည်မှာ မပြောပလောက်သည့် အရေအတွက်ဖြစ်သော်လည်း ယခုဘင်္ဂလားဒက်ရှ်ရေပိုင်နက်အတွင်း ရောက်ရှိနေကြောင်း၊ ဘင်္ဂလားဒက်ရှ်က လူသားချင်းငဲ့ညှာသည့်အနေဖြင့် အဆိုပါဒုက္ခသည် ဘင်္ဂါလီတို့ကို နေရာထိုင်ခင်းပေးရန် တောင်းဆိုနေသော်လည်း အခြားနိုင်ငံများကိုမူ အလားတူ တောင်းဆိုခြင်း မရှိကြောင်း၊ ထိုအတွက် ဗြိတိန်အနေဖြင့် အလွန်အမင်းစိုးရိမ်ပူပန်နေပါလျှင် တော်ဝင်ရေတပ်မတော်အား စေလွှတ်၍ ကယ်တင်ပြီး အင်္ဂလန်တွင် နေရာထိုင်ခင်းပေးသင့်သည်ဟု မိမိက အကြံပြုတိုက်တွန်းလိုက်ကြောင်း နိုင်ငံခြားရေးဝန်ကြီးက ထပ်လောင်းဖော်ပြသည်။

နိုင်ငံတကာခေါင်းဆောင်တို့သည် ဒုက္ခသည်ဘင်္ဂါလီအကြပ်အတည်းကိစ္စဖြေရှင်းရန် စိတ်ပါဝင်စားခြင်း မရှိကြကြောင်း၊ ကမ္ဘာအရပ်ရပ်ရှိ အခြားသောနိုင်ငံများကလည်း ဒုက္ခသည်ဘင်္ဂါလီ ၁.၁-သန်းကို ခွဲဝေလက်ခံသင့် ကြောင်း၊ အထူးသဖြင့် ဖွံ့ဖြိုးပြီးနိုင်ငံကြီးများသည် အဆိုပါအရေးတွင် ရှေ့ဆုံးမှ တာဝန်ယူသင့်ကြောင်း၊ ဒေသတွင်း အခြားနိုင်ငံများသည် “ မြန်မာက ဒုက္ခသည်ဘင်္ဂါလီများအားသတ်ဖြတ်နေခြင်း “မှ တားဆီးရန်ကြိုးပမ်းသင့်ကြောင်း၊ ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံများနှင့် အခြားနိုင်ငံများသည် မြန်မာနိုင်ငံတွင်ရင်းနှီးမြှုပ်နှံမှုများပြုလုပ်နေဆဲတွင် လူ့အခွင့်အရေးအဖွဲ့အစည်းများက အသံကျယ်ကျယ် မထွက်ကြသည်ကို နောက်တရမိကြောင်း၊

ကိုရိုနာဗိုင်းရပ်စ် ကမ္ဘာ့ကူးစက်ရောဂါကျရောက်နေစဉ် အထူးသဖြင့်အရှေ့အလယ်ပိုင်းရောက် ဘင်္ဂလားဒက်ရှ်ရွှေ့ပြောင်း အလုပ်သမားများမှာ လူမဆန်မှုဆီသို့ တွန်းပို့ခံနေရသည်ကို ဗြိတိသျှဓနသဟာယရေးရာဝန်ကြီးအနေဖြင့် ကြည့်ရှု့ စောင့်ရှောက်သင့်ကြောင်း၊ ရွှေ့ပြောင်းအလုပ်သမားတို့အား အလုပ်မှ ထုတ်ပယ်ခြင်းမပြုရန် ဗြိတိန်နှင့်အခြား ဖွံ့ဖြိုးပြီးနိုင်ငံတို့က အလုပ်ရှင်နိုင်ငံများအား ပြောပြနိုင်ကြောင်း၊

ဘင်္ဂလားဒက်ရှ်သည် ကိုရိုနာဗိုင်းရပ်စ်တိုက်ဖျက်ရေးအထောက်အကူပြုပစ္စည်းများကို ဗြိတိန်နိုင်ငံသို့ ပေးပို့ကူညီလိုကြောင်း၊ ဘင်္ဂလားဒက်ရှ်၏ ရယ်ဒီမိတ်အဝတ်အထည်များအတွက် ကုန်မှာစာများကို ဗြိတိန်ဝယ်ယူသူတို့က ပယ်ဖျက်ခြင်းမပြုရန် လော့ဒ်အာမက်က ပူးပေါင်းဆောင်ရွက်နိုင်မည့် နည်းလမ်းကို ရှာဖွေပါရန် တိုက်တွန်းပါကြောင်း သတင်းထုတ်ပြန်ချက်၌ ဖော်ပြထားသည်ဆို၏။

(( အဖွဲ့ဝင် ၅၃-နိုင်ငံပါ ဗြိတိသျှဓနသဟာယအဖွဲ့ကြီး၏ ဗြိတိန်နိုင်ငံဝန်ကြီး လော့ဒ် တာရစ်မာမွတ်အာမက် ( ဝင်ဘယ်ဒန်မြို့စားကြီး အာမက် ) ကို ပါကစ္စတန် ပန်ဂျပ်နယ်သား မိဘနှစ်ပါးမှ အင်္ဂလန်တွင် ဖွားမြင်သည်။ ဂုဏ်ထူးဆောင်မြို့စားကြီး တာရစ်မာမွတ်အာမက်သည် ကွန်ဆာဗေးတစ်ပါတီဝင်တစ်ဦးဖြစ်ပြီး ကုလသမဂ္ဂဆိုင်ရာ ဗြိတိသျှဓနသဟာယရေးသံတမန် တစ်ဦးလည်းဖြစ်သည်။ ။ သတင်းဘာသာပြန်သူ ))

((( Bdnews., 29 Apr 2020,” Britain can shelter Rohingya if it is so concerned, Bangladesh foreign minister suggests.” ကို #HtayOung, #OungMarine ဆီလျော်အောင် ကောက်နှုတ်ဘာသာ ပြန်ဆိုသည်။ )))

#ကိုရိုနာဗိုင်းရပ်စ် # ဗြိတိန်အနေဖြင့်ဒုက္ခသည်ဘင်္ဂါလီများအားကယ်တင်ပြီးအင်္ဂလန်တွင်နေရာထိုင်ခင်းပေးသင့် # #ဗြိတိသျှဓနသဟာယရေးရာဝန်ကြီးကိုဘင်္ဂလားဒက်ရှ်နိုင်ငံခြားရေးဝန်ကြီးအကြံပြု

https://bdnews24.com/bangladesh/2020/04/29/britain-can-shelter-rohingya-if-it-is-so-concerned-bangladesh-foreign-minister-suggests

https://www.dhakatribune.com/bangladesh/rohingya-crisis/2020/04/29/rohingyas-at-sea-other-countries-should-share-burden

http://en.ukhiyanews.com/bangladesh-alone-cant-take-rohingya-responsibilities-dhaka-tells-uk/

0

Leave a Reply

Your email address will not be published.