ဗြိတိန်ဝန်ကြီးချုပ်၏ နယူးဒေလီခရီးစဉ်ဖျက်သိမ်း၊ အိန္ဒယအား ဗိုင်းရပ်စ်ရောဂါဖြစ်ပွားမှု ဆိုး ရွားဆုံး အနီရောင်စာရင်းတွင် ဗြိတိန်ထည့်သွင်း။ အိန္ဒိယဗီဇပြောင်းဗိုင်းရပ်စ်မျိုးကွဲ B.1.617 ကို အင်္ဂလန်၊ ဘရာဇီးနှင့် တောင်အာဖရိကနိုင်ငံတို့တွင် စတင်တွေ့ရှိ။ ၁၈-နှစ်အထက်အားလုံး အိန္ဒိယ၌ ကာကွယ်ဆေးထိုးနှံ


[လန်ဒန်] အိန္ဒိယနိုင်ငံတွင် လောလောဆယ်ကျရောက်လျှက်ရှိသော ကိုရိုနာဗိုင်းရပ်စ်ရောဂါဖြစ်ပွားမှု တိုးမြင့်လာခြင်းကြောင့် လာမည့်ရက်သတ္တပတ်အတွင်း စီစဉ်ထားသည့် #ဗြိတိသျှဝန်ကြီးချုပ်_ဘောရစ်_ဂျွန်ဆင်၏ နယူးဒေလီခရီးစဉ်ကို ဖျက်သိမ်းလိုက်သည်ဟု နှစ်နိုင်ငံအစိုးရတို့က တနင်္လာနေ့၌ အသီးသီးကြေညာကြောင်း၊ အာရှနိုင်ငံအတော်များများမှ ခရီးသွားလာသူများကိုလည်း ဗြိတိန်က တားဆီးလိုက်သည်ဟု ကနေဒါအခြေစိုက် CTVNews က ယမန်နေ့ ရေးသားသည်။…  


ကြာမြင့်စွာစီစဉ်ထားသောခရီးစဉ်သည် လွန်ခဲ့သည့် တစ်နှစ်ကျော် ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါစတင်ကတည်းက ဝန်ကြီးချုပ်ဂျွန်ဆင်၏ ပထမဆုံးနိုင်ငံခြားခရီးစဉ်ဖြစ်ရန် ရှိသည်။ မူလက ဇန်နဝါရီလတွင် သွားရောက်ရန် စီစဉ်ထားခြင်းဖြစ်သော်လည်း ဗြိတိန်တွင် ကူးစက်မှုများ မြင့်တက်လာသဖြင့် ရွှေ့ဆိုင်းခဲ့ရသည်။…  

အိန္ဒိယနိုင်ငံသည် #ဗိုင်းရပ်စ်ရောဂါဖြစ်ပွားနှုန်း_မြင့်မားသည့်_အနီရောင်_နိုင်ငံများစာရင်းတွင် ပါဝင်မည်ဖြစ်ကြောင်း၊ သောကြာနေ့မှစတင်၍ လွန်ခဲ့သည့် ၁၀ ရက်အတွင်း အိန္ဒိယသို့ရောက်ရှိခဲ့သူများအား ဗြိတိန်သို့ ဝင်ရောက်ခွင့် ပြုမည်မဟုတ်ကြောင်း၊ ခြွင်းချက်အနေဖြင့်  ဗြိတိန်နိုင်ငံသားများ၊ ပြန်လည်ရောက်ရှိလာသည့် ဗြိတိန်နှင့် အိုင်ယာလန် နေထိုင်သူများသည် ၁၀-ရက်ကြာ #ဟိုတယ်ကွာရန်တင်း ဝင်ရောက်မှုကို မဖြစ်မနေ လိုက်နာကြရမည် ဖြစ်ကြောင်း ဗြိတိသျှကျန်းမာရေးဝန်ကြီးက ဓနသဟာယ လွှတ်တော်အမတ်များအား ပြောဆိုသည်။… 

 
အိန္ဒိယတွင် ပထမဆုံးအကြိမ် စစ်ဆေးအတည်ပြုခဲ့သည့် #မျိုးကွဲဗီဇပြောင်းဗိုင်းရပ်စ်_အမျိုးအစားအသစ် ကူးစက်ခံရမှု ၁၀၃-ခုကို ဗြိတိန်နိုင်ငံ၌ တွေ့ရှိခဲ့ရကြောင်း၊ ၎င်းဗိုင်းရပ်စ်၏ ပိုမိုမြန်ဆန်စွာပြန့်နှံ့ခြင်း ရှိ-မရှိ သို့မဟုတ် ရှိနှင့်ပြီးသား ကာကွယ်ဆေးများကို ခုခံနိုင်စွမ်း ရှိ-မရှိ ကို သိပ္ပံပညာရှင်များ စစ်ဆေးလျှက်ရှိကြောင်း ကျန်းမာရေးဝန်ကြီးက ဆက်လက်ရှင်းပြသည်။…  


အိန္ဒိယသည် တနင်္လာနေ့ တစ်ရက်တည်း၌ ဗိုင်းရပ်စ်ရောဂါကူးစက်ခံရသူ ၃-သိန်းနီးပါး ( ၂၇၃,၈၁၀-ဦး) ထပ်မံတွေ့ခဲ့ရာ ကပ်ရောဂါစတင်ဖြစ်ပွားချိန်မှစ၍ အများဆုံး အရေအတွက် ဖြစ်သည်။ ယခုအခါရောဂါကူးစက်ခံရသူ ၁၅ သန်းကျော်ရှိနေပြီး နိုင်ငံတကာတွင် အမေရိကန်ပြီးလျှင် ဒုတိယ ဖြစ်သည်။…  

အိန္ဒိယသည် အမေရိကန်၊ ဘရာဇီးနှင့်မက္ကဆီကိုပြီးလျှင် သေဆုံးမှုတွင် စတုတ္ထမြောက် အများဆုံး ဖြစ်သော်လည်း ကူးစက်ခံရသူ ဦးရေတွင် ဘရာဇီး မက္ကဆီတို့ထက် ပိုမိုများပြားလျှက်ရှိသည်။…  


ဂျွန်ဆင်နှင့်မိုဒီတို့ဆုံတွေ့ဆုံရန် စီစဉ်ထားသည့် နယူးဒေလီတွင် ဗိုင်းရပ်စ်ရောဂါဖြစ်ပွားမှု တရှိန်ထိုး မြင့်တက်လာခြင်းကြောင့် တနင်္လာနေ့မှ စတင်ကာ ရက်သတ္တပတ်ကြာ #လော့ဒေါင်း_တားဆီးပိတ်ဆို့ခြင်းများ ပြဋ္ဌာန်းခဲ့ရသည်။ ကူးစက်-သေဆုံးအဆမတန် များပြားလာသဖြင့် အိန္ဒိယမြို့တော်၏ကျန်းမာရေး စောင့်ရှောက်မှုစံနစ်တွင် အကန့်အသတ်များ ဖြစ်ပေါ်လာရသည်။ ကပ်ရောဂါဖြစ်ပွားစဉ်ကာလတလျောက် အဆိုးရွားဆုံး ကူးစက်-သေဆုံးမှုများမှာ လအနည်းငယ်ကြာ ဖြစ်ပွားလျှက်ရှိသည်။…  

#B.1.617 ဟုလူသိများသော အိန္ဒိယတွင် စတင်ခဲ့သည့် ဗီဇပြောင်းဗိုင်းရပ်စ်မျိုးကွဲမှာ အင်္ဂလန်အရှေ့တောင်ပိုင်း၊ ဘရာဇီးနှင့် တောင်အာဖရိကနိုင်ငံတို့တွင်လည်း ကူးစက်ခံရကြောင်း ပထမဆုံးအကြိမ် တွေ့ရှိရခြင်းမှာ ပညာရှင်များ အစဉ်တစိုက် စိုးရိမ်ပူပန်ခဲ့သည့်အတိုင်း အသွင်ပြောင်းဗိုင်းရပ်စ် ဖြစ်လာနိုင်ခြေရှိနေသည်။…  


ကိုရိုနာဗိုင်းရပ်စ်ရောဂါ ဒုတိယလှိုင်းရိုက်ခတ်မှုကို ပြင်းထန်စွာ ရင်ဆိုင်နေရသည့် အိန္ဒိယ၌ မေ ၁-ရက်နေ့မှစ၍ အသက် ၁၈ နှစ်အထက်ရှိသူ နိုင်ငံသားအားလုံးကို COVID-19 ကာကွယ်ဆေး ထိုးနှံပေးမည်ဖြစ်ကြောင်း Reuters က ယနေ့ ရေးသားသည်။…  


ကူးစက်ရောဂါအပေါ် ကိုင်တွယ်ပုံနှင့် ပတ်သက်၍ ဝေဖန်မှုများကြီးထွားလာစဉ် ပြည်တွင်း ဆေးဝါးထုတ်လုပ်သူများအနဖြင့် ထုတ်လုပ်သမျှ ကာကွယ်ဆေးများ၏ ၅၀% ကို ဗဟိုအစိုးရသို့ပေးအပ်ရမည်ဖြစ်ကြောင်း၊ ကျန်ကာကွယ်ဆေးများကို ပြည်နယ်အစိုးရများနှင့် ပွင့်လင်းဈေးကွက်တွင် ကြိုတင်ကြေညာထားသည့် ဈေးနှုန်းဖြင့် ရောင်းချရမည်ဟု မိုဒီအစိုးရက အမိန့်ထုတ်ပြန်လိုက်သည်။…  

တနင်္လာနေ့ အိန္ဒိယတွင် ဗိုင်းရပ်စ်ရောဂါဖြစ်ပွားမှုနှုန်းမှာ ၂၄-နာရီအတွင်း ကူးစက်ခံရသူ ၃-သိန်းနီးပါးဖြင့် စံချိန်တင်မြင့်တက်ခဲ့ပြီး လူပေါင်း ၁,၂၀၀ နီးပါး သေဆုံးခဲ့သည်။ ဆေးရုံများတွင် ကုတင်၊ အောက်စီဂျင်နှင့် အဓိကဆေးဝါးများပြတ်လပ်နေပြီး လူဦးရေ သန်း-၂၀ ကျော်သော နေထိုင်သည့် နယူးဒေလီတွင် တနင်္ဂနွေည၌ လက်ခံနိုင်မည့် အထူးကြပ်မတ်ကုသမှုကုတင် ၁၀၀ အောက်သာ ရှိတော့သည်ဆို၏။… 

 
တနင်္လာနေ့အထိ အိန္ဒိယနိုင်ငံသည် ကာကွယ်ဆေး ကြိမ်ရေပမာဏ ၁၂၃.၉ သန်း နီးပါးကို ထိုးနှံပေးနိုင်ခဲ့ပြီး အမေရိကန်နှင့် တရုတ်နိုင်ငံပြီးလျှင် ကမ္ဘာပေါ်တွင် အများဆုံးဖြစ်သည်။ ကျန်နိုင်ငံများတွင် လူတစ်ဦးချင်းကာ ကွယ်ဆေးထိုးနှံပေးနိုင်မှုတွင် သတ်မှတ်ဆင့်ထက် နိမ့်ကျလျှက်ရှိသည်။…  


အာရှ၏ စီးပွားရေးဗဟိုချက်ဖြစ်သော ဟောင်ကောင်က အိန္ဒိယ၊ ပါကစ္စတန်နှင့် ဖိလစ်ပိုင်နိုင်ငံများမှ လေယာဉ်ပျံသန်းမှုကို အင်္ဂါနေ့မှစတင်၍ ၂ ပတ်ကြာရပ်ဆိုင်းထားမည်ဖြစ်ကြောင်း ကြေညာသည်။

(((CTVNews., April 19, 2021,” British PM Boris Johnson scraps Delhi trip; U.K. puts India on virus ‘red list’.By:Jill Lawless” ကို #HtayOung, #OungMarine ဆီလျော်အောင်ကောက်နှုတ်ဘာသာပြန်ဆိုသည်။)))

#အိန္ဒိယဗီဇပြာင်းကိုရိုနာဗိုင်းရပ်စ် #B.1.617
…..
https://www.ctvnews.ca/health/coronavirus/british-pm-boris-johnson-scraps-delhi-trip-u-k-puts-india-on-virus-red-list-1.5392795?fbclid=IwAR3Y9oAc21ALlUW9JyixtWPNVIxRHDnBhUPWXB8zfS_uPwHmR38gh5SvAak
https://www.reuters.com/world/india/indias-daily-covid-19-cases-rise-by-record-273810-2021-04-19/
http://www.xinhuanet.com/english/2021-04/19/c_139891192.htm?fbclid=IwAR2WOLmbAf-8C34bKs2Ag_cAlc_vo3w2vLLjNfO32CUpsQxQ10SdOfiv6Gc ..

+3

Leave a Reply

Your email address will not be published.