ဗြိတိန်၊ ဘရာဇီးနှင့် တောင်အာဖရိကမှ ဗိုင်းရပ်စ်မျိုးကွဲ ၃-မျိုး၏ အန္တရာယ် အလွန်ပြင်းထန်၊ ကာကွယ်ရေးအစီအမံများ တင်းကျပ်ကြရန် ဥရောပကူးစက်ရောဂါအေဂျင်စီ နှိုးဆော်။ အီးယူက ဗိုင်းရပ်စ်မျိုးကွဲကူးစက်မှုကို ရပ်တန့်မပေးနိုင်လျှင် နယ်စပ်များကို ပိတ်ပစ်မည်ဟု ဂျာမနီခြိမ်းခြောက်


ဗြိတိန်၊ ဘရာဇီးနှင့် တောင်အာဖရိက တို့တွင် ဖြစ်ပွားလျှက်ရှိသော ကိုရိုနာဗိုင်းရပ်စ်မျိုးကွဲ ၃-မျိုးမှာ ကူးစက်နိုင်ခြေ လျှင်မြန်သည့်အတွက် အလွန်အန္တရာယ်များကြောင်း၊ တင်းကျပ်သော ကျန်းမာရေးအစီအမံများပြဋ္ဌာန်း၍ ကာကွယ်တိုက်ဖျက်ကြရန် ဥရောပသမဂ္ဂ၏ ကူးစက်ရောဂါဆိုင်ရာအေဂျင်စီက နှိုးဆော်လိုက်သည်ဟု Russia Today က ယနေ့ရေးသားသည်။

 ..
အဆိုပါ ဗိုင်းရပ်စ်မျိုးကွဲ ၃-မျိူးတို့၏ အလွယ်တကူ လျှင်မြန်စွာ ကူးစက်နိုင်ခြင်းကြောင့် ရောဂါဖြစ်ပွားမှု မြင့်တက်လာရပြီး၊ ဆေးရုံတင်ကုသရန်လိုအပ်ခြင်းနှင့် အသက်အရွယ်အုပ်စုအားလုံးတို့တွင် သေဆုံးနှုန်း တိုးမြင့်လာနိုင်ကြောင်း၊ အဖွဲ့ဝင်နိုင်ငံများအနေဖြင့် ဗိုင်းရပ်စ်မျိုးကွဲအလိုက် ကူးစက်မှုကို စူးစမ်းစစ်ဆေးရေးနှင့် ထိတွေ့ဖြစ်ပွားမှုကို ခြေရာကောက်နိုင်စေရေးအတွက် တင်းကျပ်သည့် ကျန်းမာရေးအစီအမံများ ချမှတ်ကြရန် တိုက်တွန်းကြောင်း ဥရောပသမဂ္ဂ ရောဂါကာကွယ်ရေးနှင့် ထိန်းချုပ်ရေးဆိုင်ရာအေဂျင်စီ ( ECDC ) ၏ ကြာသပတေးနေ့ သတင်းထုတ်ပြန်ချက်၌ ဖော်ပြထားသည်။ 

..   
ယခုရက်သတ္တပတ်အတွင်း ဥရောပတစ်ဝှန်းလုံးရှိ အစိုးရတို့သည် ကိုရိုနာဗိုင်းရပ်စ်ရောဂါ ပျံ့နှံမှု ကာကွယ်ရေးအတွက် အများပြည်သူကျန်းမာရေးအစီအမံများကို တိုးမြှင့် သတ်မှတ်ခဲ့ကြသည်။ ..
နယ်သာလန်နိုင်ငံသည် သတ်မှတ်ချိန်အတွင်း အပြင် မထွက်ရအမိန့်ထုတ်ပြန်ခဲ့ပြီး ခရီးသွားလာခြင်းကို တားမြစ်ခဲ့သည်။ ဂျာမနီတွင် Lockdown တားဆီးပိတ်ဆို့ခြင်းများကို တိုးချဲ့ခဲ့ပြီး၊ ဥရောပသမဂ္ဂအနေဖြင့် ကိုရိုနာဗိုင်းရပ်စ်ရောဂါတိုက်ဖျက်ရေးအတွက် ယေဘူယျတူညီသောအချက်အလက်များကို ရှာဖွေရန်၊ ဗြိတိန်နှင့် အိုင်ယာလန်နိုင်ငံများတွင် လတ်တလောဖြစ်ပွားလျှက်ရှိသော ဗိုင်းရပ်စ်မျိုးကွဲတို့၏ ကူးစက်မှုကို ရပ်တန့်ပေးနိုင်ခြင်းမရှိလျှင် ဂျာမနီ၏ နယ်စပ်များကို ပိတ်ပစ်ရလိမ့်မည်ဖြစ်ကြောင်း ခြိမ်းခြောက်လျှက်ရှိသည်။ 

..ပေါ်တူဂီ၌ စာသင်ကျောင်းများအားလုံးကို ပိတ်ထားလိုက်သည်။ ပြင်သစ်ဆရာဝန်များကမူ ဆေးရုံများတွင် လူနာများ စုပုံလာခြင်းကို လျော့နည်းစေရေးအတွက် တင်းကြပ်သည့် အစီအမံများကို သတ်မှတ်ပေးရန် အစိုးရအား တောင်းဆိုလျှက်ရှိသည်။ 

..  
ဗုဒ္ဓဟူးနေ့တွင် ပေါ်တူဂီနိုင်ငံသည် ၁-ရက်လျှင် ပျမ်းမျှ လူ ၁၀၀,၀၀၀ နှုန်းဖြင့် ၇-ရက်ဆက်တိုက် နိုင်ငံတကာကူးစက်မှုအများဆုံးဖြစ်လာပြီးနောက် ကပ်ရောဂါဖြစ်ပွားမှုမှာ နိုင်ငံတော်အနေဖြင့် အလွန်အမင်း စိုးရိမ်ရသည့် အခြေအနေသို့ ရောက်ရှိနေပြီဖြစ်ကြောင်း ပေါ်တူဂီဝန်ကြီးချုပ်က သတိပေးသည်။ 
..
ဂျာမန်အဓိပတိအန်ဂျလာမာကယ်ကမူ ဂျာမနီ၌ ရောဂါဖြစ်ပွားမှု လျော့နည်းလာသော်လည်း ကူးစက်မှု လျှင် မြန်လွယ်ကူသည့် ဗိုင်းရပ်စ်မျိုးကွဲများ၏ အန္တရာယ်မှာ အလွန်ကြီးမားကြောင်း ဥရောပသည် ဒေသကြီးတစ်ခုဖြစ်နေသည့်အတွက် နိုင်ငံများအားလုံး အတူတကွ ပူးပေါင်းဆောင်ရွက်ကြရန် လိုအပ်ကြောင်း ကြာသပတေးနေ့၌ ပြောကြားသည်။ 
.. 
(( အမေရိကန်၏ Pfizer ကာကွယ်ဆေး ပေးပို့မှုအစီအစဉ်မှာ အလွန်အမင်း နှေးကွေးလျှက်ရှိကြောင်း လွန်ခဲ့ သော ရက်သတ္တပတ်၌ ဥရောပ ၆-နိုင်ငံတို့က ဥရောပသမဂ္ဂထံ တိုင်ကြားမှု ဖြစ်ပေါ်ခဲ့သည်။ ဥရောပ ၄-နိုင်ငံ တို့ကမူ Pfizer ကာကွယ်ဆေး ပေးပို့မှုမှာ အန္တရာယ်ဖြစ်လောက်အောင် နှေးကွေးလျှက်ရှိကြောင်း အီးယူထံ စာရေးသားပေးပို့သည်။ 

..Pfizer ကမူ ပုံမှန်အတိုင်း ထုတ်လုပ်ရာတွင် ချိန်ညှိမှုများပြုလုပ်နေရသည့်အတွက် ပေးပို့မှု နှောင့်နှေးခြင်းဖြစ်ရသည်ဟု ပြောဆိုကြောင်း သတင်းတွေ့ရှိရပါသည်။ ( Reuters ., Jan 15, 2021,” 4-EU states warn of risks to vaccination credibility as Pfizer slows supplies.) ။      ။ သတင်းဘာသာပြန်သူ )) ..#ဗြိတိန်_ဘရာဇီးနှင့်တောင်အာဖရိကမှဗိုင်းရပ်စ်မျိုးကွဲ၃-မျိုး၏အန္တရာယ်အလွန်ပြင်းထန်ဟု_သတိပေး #အီးယူက_ဗိုင်းရပ်စ်မျိုးကွဲကူးစက်မှုကို_ရပ်တန့်မပေးနိုင်လျှင်_ဂျာမနီကနယ်စပ်များကိုပိတ်ပစ်မည် 
..  
((( Russia Today., 21 Jan, 2021, “ ‘Very high risk’: ECDC urges tougher Covid-19 measures amid mutant strains from UK, Brazil, and South Africa.” ကို #HtayOung, #OungMarine ဆီလျော်အောင် ကောက်နှုတ်ဘာသာပြန်ဆိုသည်။ ))) 
..
https://www.rt.com/news/513261-covid-mutant-strains-europe-risk/ 
https://www.rt.com/news/513242-germany-eu-covid-borders/ 
https://www.reuters.com/article/health-coronavirus-eu-vaccine-idCAL1N2JQ0V3 

0

Leave a Reply

Your email address will not be published.