အဲလိဇဘက်ဘုရင်မကြီး၏ OBE ဘွဲ့ရရှိခဲ့သူ -ဆီးရီးယားမြို့ပြကာကွယ်ရေးနှင့် ကယ်ဆယ်ရေးတာဝန်များ၌ ဘဝကိုမြှုပ်နှံထားခဲ့သူ – ဗြိတိသျှစစ်မှု့ထမ်းဟောင်း ဂျိမ်းစ်လီမက်ဆူရီယာကို သေဆုံးလျှက်အနေအထားဖြင့် တူရကီနိုင်ငံ၌ တွေ့ရှိရသည်ဟု BBC က ယနေ့ရေးသားသည်။
တနင်္လာနေ့ ဒေသစံတော်ချိန် ၀၄း၃၀ နာရီတွင် မက်ဆူရီယာ၏ ရုပ်အလောင်းကို တူရကီနိုင်ငံ အစ္စတန်ဘူမြို့၊ ဥရောပတိုက်သားတို့နေထိုင်ရာ ရပ်ကွက်ရှိ ၎င်း၏နေအိမ်အနီး၌ တွေ့ကြရခြင်းဖြစ်ပြီး သေဆုံးသူ၏ ခြေထောက်အရိုးများ ကျိုးလျှက်ရှိကြောင်း တူရကီမီဒီယာများအဆိုအရ သိရှိရသည်။
ဂျိမ်းစ်လီမက်ဆူရီယာသည် ဗြိတိန် ဆင်းဟတ် Sandhurts စစ်တက္ကသိုလ်ဆင်းဖြစ်ပြီး ဗြိတိန်ဘုရင့်တပ်မတော်တွင် ဗိုလ်ကြီးအဆင့်ထိတာဝန်ထမ်းဆောင်ခဲ့သည်။ သမ္မတဘီလ်ကလင်တန်နှင့် ဂျော့ဒဗလျူဘွတ်ရှ်တို့လက်ထက် ပုဂ္ဂလိကလုံခြုံရေးအဖွဲ့ဝင် ဖြစ်ခဲ့ဖူးသည်။ ၂၀၁၀ ပြည့်နှစ်တစ်ဝှိုက်တွင် ယခင်ယူဂိုဆလားဗီးယားနိုင်ငံ၌ ကုလသမဂ္ဂငြိမ်းချမ်းရေးတပ်များနှင့်အတူ တာဝန်ယူခဲ့သည်။ ထိုနောက် ယူအေအီးနိုင်ငံရေနံမြေ ကာကွယ်ရေးနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များကို သင်တန်းပို့ချသူဖြစ်သွားသည်။
“ ခမောက်ဖြူများ “ ၏ တရားဝင်အမည်မှာ ဆီးရီးယားမြို့ပြကာကွယ်ရေး Syria Civil Defence (SCD ) ဖြစ်၍ ယခုအခါ ၎င်းတို့အားချီးမြှင့်ရသော လစာကြေးစာရင်းအရ အင်အား ၃,၀၀၀ ခန့်ရှိသည်။ ခမောက်ဖြူ ဆောင်းလေ့ရှိသဖြင့် “ ခမောက်ဖြူ များ ” အဖွဲ့ဟု အမည်တွင်သည်။ မက်ဆူရီယာသည် ၂၀၁၄-ခုနှစ်တွင် “ ခမောက်ဖြူများ” ကို ထူထောင်သူတို့အနက် တစ်ဦးဖြစ်သည်။ ခမောက်ဖြူများသည် သမ္မတဘာရှာအယ်လ်အာဆတ်အား ဆန့်ကျင် ပုန်ကန်လျှက်ရှိသော ဆီးရီးယားသူပုန်တို့ ကျင်လည်ကျက်စားရာနယ်မြေများ၌ ရှာဖွေကယ်ဆယ်ရေးဆောင်ရွက်သည်။ အရပ်သားများအား ကယ်ဆယ်ရှာဖွေရာတွင် လူသားချင်းစာနာစွာ ဂရုဏာစိတ်အပြည့်ဖြင့် ထူးချွန်စွာ ရဲဝံ့စွန့်စားသည့်အတွက် ၂၀၁၆ တွင် လူ့အခွင့်အရေးအဖွဲ့၏ “ ကူညီရေးဆု “ ရရှိခဲ့ပြီး မကြာမီမှာပင် နိုဘယ်ငြိမ်းချမ်းရေးဆု အမည်စာရင်း တင်သွင်းခြင်းခံရသည်။
သတင်းထောက်များ ဝင်ရောက်သတင်းယူရန် အလွန်အန္တရာယ်များသော
ဆီးရီးယားစစ်မြေပြင်သတင်းများနှင့်ပတ်သက်၍
အနောက်နိုင်ငံမီဒီယာတို့ရရှိသည့်သတင်းအများစုမှာ ခမောက်ဖြူများထံမှ ဖြစ်ပါသည်။
ခမောက်ဖြူများ၏ သတင်းပေးချက်များအရ အာဆတ်အစိုးရက အတိုက်အခံအရပ်သားများအပေါ်
တားမြစ်ဓါတုအဆိပ်လက်နက်အသုံးပြုသတ်ဖြတ်သည်ဟု အနောက်မီဒီယာများက ရေးသားသည်။
ထိုအတွက် အမေရိကန်နှင့် နေတိုးမဟာမိတ်တို့က ဆီးရီးယားအစိုးရ
လေတပ်အခြေစိုက်စခန်းများအား ဒုံးကျည်များဖြင့် ပစ်ခတ်ဆုံးမခြင်း
၂-ကြိမ်တိုင်ဖြစ်ပေါ်ခဲ့သည်။
ရုရှား၊ အီရန်နှင့် ဆီးရီးယားအစိုးရတို့ကမူ ခမောက်ဖြူများသည် အကြမ်းဖက်အဖွဲ့အစည်းတို့အား ဗြောင်ကျကျကူညီနေသူများဖြစ်ကြောင်း အြကိမ်ကြိမ်ပြောဆိုသည်ကို တွေ့ရှိရသည်။ ခမောက်ဖြူများကို တည်ထောင်သူ ဂျိမ်းစ်လီမက်ဆူရီယာသည် MI6 ဟု လူသိများသော ဗြိတိသျှလျှို့ဝှက်ထောက်လှမ်းရေးမှ အေးဂျင့်တစ်ဦး ဖြစ်ကြောင်း ရုရှားနိုင်ငံခြားရေးဝန်ကြီး ၎င်း၏ Twitters စာမျက်နှာ၌ စွပ်စွဲဖော်ပြထားသည်။
ဆီးရီးယားတွင် အယ်လ်ကိုင်ဒါ- အိုင်စစ် ( ISIS, ယခင် ISIL )
အစွန်းရောက်အကြမ်းဖက်တို့နှင့် ရင်းနှီးစွာ ပြောဆိုသွားလာနေပုံ၊ အစွန်းရောက်
အကြမ်းဖက်တို့လက်ဝယ်ရှိ အရပ်သားဓါးစာခံတို့၏ ကိုယ်တွင်းအင်္ဂါ အစိတ်အပိုင်း
ကုန်ကူးခြင်း၊ အကြမ်းဖက်တို့သတ်ဖြတ်ခဲ့သည့် အရပ်သားအလောင်းတို့ကို ကူညီလက်စ
ဖျောက်ပေးနေသော ခမောက်ဖြူတို့၏ လျှို့ဝှက်ထောက်လှမ်းရေးဓါတ်ပုံများစွာတို့ကို
ရုရှားကာကွယ်ရေးဋ္ဌာနက ထုတ်ပြန်ခဲ့ဖူးသည်။
ခမောက်ဖြူတို့သည် နိုင်ငံတကာ အများပြည်သူလှူဒါန်းငွေဖြင့် ရပ်တည်သည်ဆိုသော်လည်း အမေရိကန်၊ ဥရောပနိုင်ငံများနှင့် ဂျပန်တို့၏ ထည့်ဝင်ငွေများဖြင့် ထောက်မထားခြင်းဖြစ်သည်။ မကြာသေးခင်က ဆီးရီးယားမှ အမေရိကန်တပ်များရုတ်သိမ်းနေဆဲတွင် ခမောက်ဖြူများအား အမေရိကန်က ၎င်းတို့ ပုံမှန်ထောက်ပံ့နေသည်မှ ဒေါ်လာ ၄.၅ သန်း တိုးမြှင့်လိုက်ကြောင်း Straits Times ( အောက်တိုဘာ- ၂၃၊ ၂၀၁၉ ) တွင် ရေးသားထားသည်။
နိုဝင်ဘာ-၆၊ ၂၀၁၉ တွင် ခမောက်ဖြူများဥက္ကဋ္ဌ ယီအစ်ဆဲလာနှင့် တွေ့ဆုံခဲ့သော ဗြိတိန် အရှေ့အလယ်ပိုင်းရေးရာဝန်ကြီး အင်ဒရူးမော်ရစ်ဆင်သည် ခမောက်ဖြူများအား အသုံးချလျှက် ဆီးရီးယားအစိုးရနှင့် ရုရှားအား ထိုးနှက်သည့် လုပ်ကြံသတင်းများ အလုံးအရင်းဖြန့်ချီသူဖြစ်ကြောင်း 21st Century Wire အယ်ဒီတာနှင့် ဓါတ်ပုံသတင်းထောက် Vanessa Beeley က ဖွင့်ချခဲ့သည်။
၂၀၁၈ -ခုနှစ် ဇူလိုင်လတွင် ဆီးရီးယားနိုင်ငံအနောက်တောင်ပိုင်း
အာဆတ်အစိုးရစစ်ဆင်ရေးရာ၌ ဂိုလန်ကုန်းမြင့် ကုလသမဂ္ဂထိန်းချုပ်နယ်မြေအနီးတွင်
ခမောက်ဖြူ ၉၈-ဦးအပါအဝင် အရပ်သား ၄၂၂ -ဦး ပိတ်မိနေခဲ့သည်။ ၎င်းတို့ကို
အစ္စရေးအထူးတပ်ဖွဲ့ဝင်တစ်စုက သွားရောက်ကယ်တင်ပြီး ဂျော်ဒန်နယ်မြေသို့
ပို့ဆောင်ပေးခဲ့သည်။ နောက်ပိုင်းတွင် ထိုသို့ ကယ်တင်ပေးရခြင်းမှာ ဒေါ်နယ်ထရမ့်၏
မေတ္တာရပ်ခံချက်အရဖြစ်ကြောင်း အစ္စရေးဝန်ကြီးချုပ် နေတန်ညာဟု ဝန်ခံသည်။ ထို
ခမောက်ဖြူနှင့် မှီခိုသူ မိသားစုတို့ကို ၃-လအတွင်း ကနေဒါ၊ ဗြိတိန်နှင့်
ဂျာမနီတို့က ခွဲဝေလက်ခံခဲ့ကြောင်း Reuters ( ဇူလိုင်-၂၂၊ ၂၀၁၈ ) တွင်
ဖော်ပြထားကြောင်း တွေ့ရှိရသည်။
(( ကမ္ဘာအရပ်ရပ် စစ်မက်ဖြစ်ပွား၍ တရားဥပဒေစိုးမိုးမှု ကင်းမဲ့နေသော ဒေသများတွင် “ ခမောက်ဖြူများ “ ကဲ့သို့ ဗော်လံတီယာအဖွဲ့များ တွေ့ရတတ်သည်။ ၎င်းတို့၏ တာဝန်မှာ သာသနာပြု-စစ်ဘေးရှောင်ကယ်ဆယ်ရေး- စစ်မြေပြင်သတင်းထောက်-ကြေးစားစစ်သား ဟူ၍ သဲကွဲခြင်းမရှိချေ။ အပြောတစ်မျိုး-အလုပ်တစ်မျိုး ဖြစ်သည်။
စစ်ရေးအတွေ့အကြုံရှိသူများ ဦးစီးသည့် အဆိုပါအဖွဲ့များအား
မည်သူမည်ဝါငွေကြေးထောက်ပံ့သည်ဆိုခြင်းမှာ လည်း အမှန်မဟုတ်တတ်ချေ။
အဖွဲ့ဝင်သစ်များအဖြစ် အဆိုပါစစ်မက်ဖြစ်ပွားရာဒေသတွင်းမှ၎င်း၊ မီဒီယာ
ဖွံ့ဖြိုးမှု့အားနည်းသောနိုင်ငံများမှ နွမ်းပါးချို့တဲ့သူများကို၎င်း-
ဘာသာရေးဗန်းပြ၍၎င်း အင်အားဖြည့်တင်းသည်။
သက်ဆိုင်ရာနိုင်ငံတို့သည် အဆိုပါအဖွ့ဲအစည်းမျိုးကို
ကာကွယ်ဟန့်တားရန်အလွန်ခက်သည့်အပြင် ဆုတံဆိပ်၊ ဘွဲ့ထူးရရှိသည့်
လူသိများသောအဖွဲ့များဖြစ်သဖြင့် တစ်စုံတစ်ခုကြောင့် ကိုယ့်နိုင်ငံအတွင်း လာသေ ပါက
ပြဿနာရှင်းရန် အခက်တွေ့ရလေတော့သည်။ ။ သတင်းဘာသာပြန်သူ ))
((( BBC., 11 Nov, 2019, “James Le Mesurier, White Helmets co-founder, discovered dead in Turkey.” ကို #HtayOung, #OungMarine ဆီလျော်အောင် ဘာသာပြန်ဆို၍ အခြားဆက်စပ်သတင်းများနှင့် ပေါင်းစပ်သည်။ )))
#ခမောက်ဖြူများ #ခမောက်ဖြူအဖွဲ့ကိုတည်ထောင်သူ #အစ္စရေးကွန်မင်ဒို #အမေရိကန်နေတိုးဒုံးကျည်ဖြင့်ပစ်ခတ်ဆုံးမ #အမေရိကန်နှင့်နေတိုးဒုံးကျည်ဖြင့်ပစ်ခတ်ဆုံးမ
https://www.bbc.com/news/world-europe-50375869
https://www.rt.com/news/473136-white-helmets-le-mesurier-dead-syria/
http://theconversation.com/who-are-syrias-white-helmets-and-why-are-they-so-controversial-66580
https://theintercept.com/2019/02/09/douma-chemical-attack-evidence-syria/
https://www.wired.com/2017/04/white-helmets-conspiracy-theory/