မြန်မာက ဒုက္ခသည်ဘင်္ဂါလီများအပေါ် ရာဇဝတ်မှုကျူးလွန်ခြင်းနှင့်ပတ်သက်၍ Facebook တွင် အထောက်အထားများရှိနေဟု ကုလစုံစမ်းစစ်ဆေးသူ ပြောဆို။ ဂမ်ဘီယာက ခရိုင်တရားရုံးမှ တစ်ဆင့် တောင်းဆိုချက်ကို Facebook က ငြင်းဆိုခဲ့ပြီးနောက် IIMM ကိုလည်း အချက်အလက်များ လွှဲပြောင်းပေးခြင်း မရှိခဲ့

မြန်မာနိုင်ငံက ဒုက္ခသည်ဘင်္ဂါလီ ( မူရင်း ရိုဟင်ဂျာဟု ဖော်ပြ ) တို့ကို ဆန့်ကျင်ခြင်း အပါအဝင် နိုင်ငံအတွင်း လူ့အခွင့်အရေး အလွဲသုံးစားမှုများကို စုံစမ်းစစ်ဆေးရသူတို့နှင့် ပူးပေါင်းဆောင်ရွက်ရန် Facebook က ကတိပြုသော်လည်း “ လေးနက်သောနိုင်ငံတကာရာဇဝတ်မှုဖြစ်နိုင်ခြေများ” နှင့် သက်ဆိုင်သည့် သက်သေအထောက်အထားများအား ထုတ်ပြန်ပေးခြင်း မရှိကြောင်း မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂစုံစမ်းစစ်ဆေးရေးအဖွဲ့၏ အကြီးအကဲဖြစ်သူက ပြောဆိုသည်ဟု Dhaka Tribune က ယနေ့ရေးသားသည်။ 


ဆိုရှယ်မီဒီယာကုမ္ပဏီကြီးတွင် ” လေးနက်သော နိုင်ငံတကာရာဇဝတ်မှုကျူးလွန်ရာရောက်သည့် ဖြစ်နိုင်ခြေများနှင့် အလွန်အမင်းသက်ဆိုင်သည့် အချက်အလက်များ ” ကို လက်ဝယ်ရှိနေသော်လည်း တစ်နှစ်တာဆွေးနွေးပွဲကာလအတွင်း မည်သည့်အရာမျှ မျှဝေပေးခြင်း မရှိခဲ့ကြောင်း မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လွတ်လပ်သောစုံစမ်းစစ်ဆေးရေးယန္တရား (IIMM) ၏ အကြီးအကဲ နီကိုလပ်စ် ကွန်ဂျီယန်က Reuters နှင့် တွေ့ဆုံရာ၌ ပြောဆိုသည်။ 

သို့သော် IIMM က မည်သည့်အရာများ တောင်းဆိုခဲ့ကြောင်း အကြောင်းအရာအသေးစိတ်ကို ဖော်ပြရန် နီကိုလပ်စ်က ငြင်းဆိုသည်။ ၎င်းနှင့်ပတ်သက်၍ သဘောထားမှတ်ချက်ပေးရန် တောင်းဆိုချက်ကို Facebook ကလည်း လတ်တလော တုန့်ပြန် ခြင်း မရှိသေးချေ။ 


မြန်မာနိုင်ငံ အနေဖြင့် ၂၀၁၇-ခုနှစ် စစ်ရေးဖြိုခွင်းမှုတွင် ဒုက္ခသည်ဘင်္ဂါလီ ၇၃၀,၀၀၀ ကျော်တို့အား အိမ်နီးချင်း ဘင်္ဂလားဒက်ရှ်နိုင်ငံအတွင်း အတင်းအဓမ္မ ထွက်ပြေးစေခြင်းဖြင့် “ လူမျိုးသုဉ်း “ ပြုမှုရာရောက်သည်ဟု နိုင်ငံတကာရာဇဝတ်ခုံရုံး ICJ ၌ တရားစွဲဆိုခြင်း ခံနေရသည်။ 


လူမျိုးသုဉ်းပြုသည်ဆိုခြင်းကို မြန်မာနိုင်ငံက ငြင်းပယ်ခဲ့ပြီး လက်နက်ကိုင်တပ်များမှာ နယ်ခြားစောင့်ရဲစခန်းများအား တိုက်ခိုက်သည့် စစ်သွေးကြွတို့ကို တရားဝင်စစ်ဆင်ရေး ပြုလုပ်ခြင်းသာဖြစ်ကြောင်း ပြောဆိုသည်။ 


ကုလသမဂ္ဂစုံစမ်းစစ်ဆေးသူများက Facebook သည် အကြမ်းဖက်မှုကိုဖြစ်ပေါ်စေသည့် အမုန်းစကားများကို ဖြန့်ဝေရာတွင် အဓိကနေရာမှပါဝင်ခဲ့သည်ဟု ဆိုသည်။ Facebook ကမူ ကုမ္ပဏီအနေဖြင့် အမုန်းစကားများ ရပ်တန့်ရေးအတွက် လုပ်ဆောင်နေပြီး စစ်တပ်အရာရှိများ အပါအဝင်စစ်တပ်နှင့် ဆက်နွယ်နေသော အကောင့်များကို ဖျက်သိမ်းခဲ့သည်ဟု ပြောဆိုသော်လည်း အချက်အလက်များကို ( ထုတ်ဖော်ခြင်းမရှိပဲ ) ထိန်းသိမ်းထားသည်။ 


ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီသည် မြန်မာနိုင်ငံအပေါ် နောင်တွင်တရားစွဲဆိုရာ၌ အသုံးပြုရန် နိုင်ငံတကာရာဇဝတ်မှုနှင့် သက်ဆိုင်သည့် အထောက်အထားများ စုဆောင်းရေးအတွက် မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ၏ လွတ်လပ်သောစုံစမ်း စစ်ဆေးရေးယန္တရား (IIMM) ကို ၂၀၁၈ ခုနှစ်တွင် တည်ထောင်ခဲ့သည်။ 

“ကံမကောင်းတာက IIMM ဟာ ဒီနေ့အထိ Facebook ဆီက ဘာအချက်အလက်မှမရသေးဘူး။ ဒါပေမယ့် ကျွန်တော်တို့ရဲ့ ဆွေးနွေးမှုတွေကတော့ ဆက်ရှိနေဦးမှာဖြစ်တယ်။ ဒီယန္တရားအနေနဲ့ နောက်ဆုံးမှာ ဒီအရေးကြီးတဲ့ သက်သေအထောက်အထားတွေရလိမ့်မယ်လို့မျှော်လင့်ပါတယ်” ဟု နီကိုလပ်စ် ကွန်ဂျီယန်က တနင်္လာနေ့၌ ပြောဆိုသည်။ 

လွန်ခဲ့သည့် ရက်သတ္တပတ်တွင် မြန်မာစစ်ဖက်နှင့် ရဲတပ်ဖွဲ့ဝင်များ၏ ဆက်သွယ်ပြောဆိုမှုများနှင့် ပို့စ်များကို ထုတ်ပြန်ပေးရန် မြန်မာအား ICJ တွင် တရားစွဲဆိုထားသည့် ဂမ်ဘီယာနိုင်ငံက ကိုလံဘီယာခရိုင် တရားရုံးမှတစ်ဆင့် တောင်းဆိုချက်ကို Facebook က ငြင်းဆိုခဲ့ပြီးနောက် IIMM ကလည်း ယခုကဲ့သို့ ပြောဆိုခြင်း ဖြစ်ကြောင်း သိရှိရသည်။ 


ဂမ်ဘီယာ၏ တောင်းဆိုချက်မှာ အီလက်ထရောနစ်ဝန်ဆောင်မှုစံနစ် အသုံးပြုသူများ၏ အချက်အလက်များအား အခြားသူများထံ လွှဲပြောင်းပေးရာရောက်ပြီး အမေရိကန်၏ ဥပဒေနှင့် ဆန့်ကျင်နေသဖြင့် ကိုလံဘီယာခရိုင် တရားရုံး၏ အမိန့်ကို ပယ်ဖျက်ပေးရန် Facebook က လျှောက်လဲခဲ့သည်။ 


ပြီးခဲ့သည့် ရက်သတ္တပတ်၌ Facebook က သတင်းထုတ်ပြန်ရာတွင်မူ ဂမ်ဘီယာ၏ တောင်းဆိုချက်ကို လိုက်လျှောနိုင်ခြင်း မရှိသော်လည်း ကုလသမဂ္ဂ၏ လွတ်လပ်သောစုံစမ်းစစ် ဆေး ရေးယန္တရား (IIMM) နှင့်အတူ အလုပ်လုပ်လျှက်ရှိကြောင်း ဖော်ပြထားသည်။ 


((( Dhaka Tribune., 11 August , 2020, “UN investigator: Facebook has relevant evidence of Myanmar’s crimes against the Rohingyas. By: Reuters” ကို #HtayOung, #OungMarine ဆီလျော် အောင် ကောက်နှုတ်ဘာသာာပြန်ဆိုသည်။ ))) 

#မြန်မာနိုင်ငံဆိုင်ရာ_လွတ်လပ်သောစုံစမ်းစစ်ဆေးရေးယန္တရား #IIMM #Facebook

https://www.dhakatribune.com/world/south-asia/2020/08/11/un-investigator-facebook-has-not-shared-evidence-of-myanmar-crime 

1+

Leave a Reply

Your email address will not be published.