မြန်မာမူဆယ်နှင့် မျက်နှာချင်းဆိုင် ကျယ်ဂေါင်တွင် တရုတ်စစ်တပ်များ စုရုံးနေကြောင်းသတင်း မှန်ကန်ခြင်း မရှိ။ ရေနံပိုက်လိုင်းကို စောင့်ရှောက်မည့် တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော်၏ စစ်မော်တော်ယာဉ်များဟု ဖော်ပြဓါတ်ပုံမှာလည်း အမှားဖြစ်နေ


တပ်မတော်၏ အာဏာသိမ်းမှုအပြီးတွင် မြန်မာနိုင်ငံတစ်ဝှန်း အကြမ်းဖက်မှုများ ပျံ့နှံ့မြင့်တက်လျှက်ရှိစဉ် မြန်မာပြည်တွင်းဖြတ်သန်းကာ သွယ်တန်းထားသည့် တန်ဖိုးကြီးအလွန်ကြီးမားသော ရေနံနှင့်သဘာဝဓာတ်ငွေ့ပိုက်လိုင်းများကို ကာကွယ်ရန် တရုတ်စစ်တပ်များမှာ မြန်မာနယ်စပ်တွင် စုရုံးလျှက်ရှိကြောင်း UPI သတင်းဋ္ဌာနက ဧပြီ ၂-ရက်နေ့တွင် ဖော်ပြခဲ့သည်။

…   
၁၉၀၇-ခုနှစ် အမေရိကန်နိုင်ငံ ဖလော်ရီဒါတွင် United Press Associations (#UPA) အဖြစ် စတင်ခဲ့ပြီး ၁၉၅၈-ခုနှစ်တွင် United Press International (#UPI) ဟု နိုင်ငံတကာထင်ရှားသည့် သဘာရင့် သတင်းစာကြီး၏ သတင်းထောက် အယ်လ်လစ်ဇဘက်ရှင်း #Elizabeth_Shim က ဖော်ပြရာတွင် ကြာသပတေး မတ် ၁-ရက်နေ့၌ မြန်မာနိုင်ငံရှမ်းပြည်နယ် မူဆယ်မြို့နှင့်မျက်နှာချင်းဆိုင် ကျယ်ဂေါင်မြို့တွင် တရုတ်စစ်သားများ စုရုံးလျှက်ရှိကြောင်း စစ်သားများနှင့်အတူ စစ်မော်တော်ယာဉ်အများအပြားလည်း ပါဝင်သည်ဟု အင်္ဂလိပ်-မြန်မာနှစဘာသာမီဒီယာက သတင်းရေးသားကြောင်း ပါရှိသည်။

…   
အထက်ပါ သတင်းကို အင်္ဂလိပ်ဘာသာဖြင့် ဖြန့်ချီသော အိန္ဒိယအခြေစိုက် News X က ဧပြီ ၃-ရက်နေ့၌ Twitters နှင့် ၎င်း၏စာမျက်နှာ၌ ထပ်မံဖော်ပြရာ မြန်မာနယ်စပ်တလျှောက်၌ တရုတ်စစ်သားများ စုရုံးလျှက်ရှိကြောင်း မြန်မာနိုင်ငံတွင် စစ်ဘက်က အာဏာလွှဲပြောင်း ရယူစေရန် သို့မဟုတ် အနည်းဆုံး အာဏာသိမ်းမှုတွင် ကူညီပေးသည်ဟု သံသယဖြစ်ရမှုများ တိုးပွားလာသည်နှင့်အမျှ မြန်မာပြည်သူလူထုတို့အကြားတွင် စစ်ကောင်စီအစိုးရသစ်ကိုသာမက တရုတ်နိုင်ငံကိုပါ ဆန့်ကျင်မှုများ မြင့်တက်လာနေသည်ဟု UPI နည်းတူ ဖော်ပြထားသည်။

…  
#Ojasvi_Chauhan အမည်ရှိ အမျိုးသမီးသတင်းထောက်က မည်သည့် သတင်းရင်းမြစ်အား ကိုးကားခြင်းဖြစ်ကြောင်း ဖော်ပြထားခြင်း မရှိသော်လည်း မကြာသေးမီက ရန်ကုန်မြို့၏ ဆင်ခြေဖုံးတွင် တရုတ်နိုင်ငံသားပိုင် စက်ရုံ ၃၂-ရုံကို သံဒုတ်နှင့် တုတ်ကိုင်ဆောင်သူတစ်စုက ဓါတ်ဆီထည့် အချိုရည်ဗူးများအသုံးပြုကာ မီးတင်ရှို့ခဲ့ ကြကြောင်း၊ အတည်မပြုရသေးသော သတင်းများအရ တရုတ်လူမျိုးများပိုင် ဟိုတယ်နှင့် စားသောက်ဆိုင်များလည်း ရမ်းကားဖျက်ဆီးခံရသည်ဟု သိရှိရကြောင်း၊ ဖြစ်စဉ်၏ နောက်ကွယ်တွင် မြန်မာစစ်တပ်ပါဝင်ခြင်း ရှိ-မရှိ မသိရသည့်အပြင် တရုတ်နိုင်ငံကလည်း ရှင်းလင်းစွာ မှတ်ချက်ပေးရန် ငြင်းဆန်ခဲ့ကြောင်း ဖော်ပြထားသည်။

…  
မူဆယ်မြို့နှင့် ထိစပ်နေသော ကျယ်ဂေါင်တွင် တရုတ်စစ်သားများ စုရုံးလျှက်ရှိသည်ဆိုခြင်းနှင့်ပတ်သက် သာမန် စာရေးစာဖတ် ဝါသနာပါသူတစ်ဦးအနေဖြင့် သတင်းမှန်မဖြစ်နိုင်ကြောင်း စောစောပိုင်းကတည်းက ထင်မြင်ခဲ့ပါသည်။ ဒေသခံမိတ်ဆွေများ- ကျယ်ဂေါင်နေ မိတ်ဆွေများမှတဆင့် သိရသည်မှာလည်း သတင်းအမှန် မဟုတ်ကြောင်း၊ အွန်လိုင်းတွင် ပျံ့နှံ့လျှက်ရှိသော စစ်မော်တော်ယာဉ်များ ရပ်တန့်ထားသည့် ရင်ပြင်မျိုးမှာ ကျယ်ဂေါင်တွင် မရှိကြောင်း တိကျစွာ သိရှိခဲ့ရပါသည်။

…  
ယမန်နေ့ကလည်း Facebook တွင် လွှင့်တင်ထားသည့် Post တစ်ခုကို မိတ်ဆွေတစ်ဦးပြသ၍ တွေ့ရှိရပါသည်။ ကုလသမဂ္ဂ၏ လုံခြုံရေးကောင်စီတွင် ဗီတိုအခွင့်အရေးရရှိသူ ၅-နိုင်ငံတို့က တံခါးပိတ် စည်းဝေးကြကြောင်း၊ မြန်မာအပေါ် တရုတ်က အမြဲကာကွယ်ပေးခြင်းနှင့် ပတ်သက်၍ အမေရိကန်က တင်းတင်းမာမာ ပြောဆိုခဲ့ကြောင်း ၊ တရုတ်နိုင်ငံ ထိခိုက်နစ်နာခြင်း မဖြစ်စေလိုလျှင် ထိုလုပ်ရပ်မျိုးကို ရပ်တန်းက ရပ်ရန် ပြောဆိုကြောင်း၊ တရုတ်သံအမတ်ကြီးလည်း ရှီကျင့်ဖျင်ထံ ပြန်လည်သတင်းပို့၍ ညွှန်ကြားချက် ရယူပါမည့်အကြောင်း မျက်နှာငယ်နှင့် ပြန်လည်ပြောဆိုသည်ဟု ရေးသားထားပါသည်။

…  
Liked 3.7K ရရှိထားသော အဆိုပါ ပို့စ်ကို ရေးသားသူမှာ ပရိုဖိုင်းအရ Author စာရေးဆရာတစ်ဦးဟု သိရှိရပြီး တက်ရောက်နိုင်မည့် မြန်မာသံအမတ်ကြီးလည်း မရှိသေး၊ နျူလက်နက်ပိုင် ကမ္ဘာ့စစ်အင်အားကြီး ၅-နိုင်ငံတို့၏ လျှို့ဝှက်ဆွေးနွေးပွဲကို အနားမှ ထိုင်ကြည့်နေသည့်အလား ရေးပြနိုင်ခြင်းမှာ အံ့ဘွယ်သရဲ- အံ့ဘွယ် ဘီလူး- အံ့ဘွယ် ရှောက်ဖုတ် ဖြစ်လေသတတ်။

…  
လောလောတယ် မြန်မာနိုင်ငံအတွင်း ကန့်ကွက်ဆန္ဒပြပွဲများတွင် ဝမ်းနည်းဖွယ် အသက်ဆုံးရှုံးမှုများရှိကြောင်း ကျွန်တော် သိရှိပါသည်။ သို့သော် မြန်မာနိုင်ငံသားတစ်ဦးဖြစ်သော ကျွန်တော်သည် မြန်မာနိုင်ငံအတွင်း နေ့စဉ် လူမည်မျှ သေဆုံးကြောင်း အမှန်မသိရပါ။

…  
ဂုဏ်သိက္ခာ အစဉ်အလာရှိသော ပြည်ပမီဒီယာကြီးများသည် မြန်မာမီဒီယာများက ဖော်ပြသော အသေအပျောက် အရေအတွက်ကို ကိုးကားခြင်းမရှိတော့ကြောင်း သတိထားမိသည်။ များသောအားဖြင့် #AAPP #နိုင်ငံရေးအကျဉ်းသားများ_ကူညီစောင့်ရှောက်ရေးအဖွဲ့၏ ကိန်းဂဏန်းများကိုသာလျှင် ကိုးကားနေကြသည်။

…  
မြန်မာဘာသာမီဒီယာအချို့သည် ရက်စက်စွာ အသတ်ခံရ၊ မီးရှို့ဖျက်ဆီးခံရသည့် သတင်းအချို့ကို မှောင်ချ ထားသည်။ ဝိုင်းပယ်ဆန့်ကျင်ရန် Discrimination, လူမှုပြစ်ဒဏ်ခတ်ခြင်း Social Punishment ၊ ဆံပင်လေးကွက်ကြားရိတ်ခြင်း၊ မျက်နှာတွင် တက်တူးထိုးပစ်ခြင်း၊ သဘောထားမတိုက်ဆိုင်သူများအား အသေသတ်ရန် လှုံ့ဆော်သတင်းများကို ဖော်ပြခြင်း မပြုကြပါ။

…  
၎င်းမီဒီယာများသည် ယခင် နဝတ/နအဖ အစိုးရလက်ထက်၌ အိမ်နီးချင်းနိုင်ငံများတွင် အခြေစိုက်ကြခြင်းဖြစ်ပြီး ဦးသိန်းစိန်လက်ထက် ဒီမိုကရေစီယဉ်ကျေးမှုသစ်အရ ပြည်တွင်းသို့ ပြောင်းရွှေ့လာပြီးနောက် ပရိဿတ်အခိုင်အမာ ရရှိသွားခြင်းဖြစ်ကြောင်းတွေ့ရှိရပါသည်။ သို့သော် ယခုနောက်ပိုင်း Blue Badge အမှတ်အသားရရှိထားလျှက်ပင် သတင်းတု၊ ဖိုတိုရှော့ သို့မဟုတ် Edited ဓာတ်ပုံ၊ ဗွီဒီယိုအဟောင်းများကို လိုသလို ဖြတ်ညှပ်ထည့်နေကြသည်။

…  
စာပေရေးသားခြင်းမှာ လူတိုင်းအား သင်ကြားပေး၍ မရနိုင်သည့် အနုပညာတစ်ရပ်ဖြစ်သည်။ အရှင်မွေး၍ နေ့ချင်းကြီး၊ အထုပ်ကြီးကြီး ရလိုက်သဖြင့် မီဒီယာသမားဖြစ်/မီဒီယာတိုက် ထူထောင်နိုင်သူရှိမည်ဖြစ်သော်လည်း၊ အတော်များများမှာ ဝါသနာကို အရင်းပြုကာ အငတ်ခံ ပင်ပန်းဆင်းရဲခံပြီး မီဒီယာသမားဘဝသို့ ရောက်ရှိကြသူများဖြစ်ပါသည်။

…  
သတင်းတစ်ပုဒ်ကို လူ ၃-ထောင်ဖတ်ရှု့ကြပြီး ၂-ထောင်က အမှန်မဟုတ်ကြောင်း သိရှိကြသည့်တိုင် လူ ၁-ထောင် အမြတ်ကျန်သေးသည်ဟု ယူဆပါလျှင် ဘဝတူ မီဒီယာသမားတို့၏ ထမင်းအိုးကို ခြေဖြင့်ကန်ခြင်းပင် ဖြစ်လေသည်။

အစဉ်လေးစားစွာဖြင့်

#ံHtayOung, #OungMarine
….
https://www.upi.com/Top_News/World-News/2021/04/02/China-troops-gather-Myanmar-border/2461617368725/
https://www.irrawaddy.com/news/burma/chinese-troops-gather-myanmars-border-protect-pipelines.html
https://www.newsx.com/world/chinese-troops-converge-on-myanmar-border-to-protect-fuel-pipelines.html 

0

Leave a Reply

Your email address will not be published.