မြန်မာမှ ထွက်ပြေးသွားသည့် ဂျာနယ်လစ် မြတ်ကျော်သူ ခိုလှုံခွင့်တောင်းခံရန် စပိန်နိုင်ငံသို့ ရောက်ရှိမည်။ ဂျာမနီတွင် ရက်သတ္တ ၄-ပတ်ကြာ ထိန်းသိမ်းခံရပြီး နိုင်ငံရေးခိုလှုံခွင့် ငြင်းပယ်ခံရ။ ပြည်ဝင်ခွင့် တရားဝင်မှတ်ပုံတင်ထားခြင်း မရှိ နိုင်ငံတကာဥပဒေအရ ဆုံးဖြတ်မည်ဟု စပိန်ပြောဆို


မြန်မာဂျာနယ်လစ်တစ်ဦးဖြစ်သူ မြတ်ကျော်သူသည် စစ်အစိုးရအုပ်ချုပ်လျှက်ရှိသော မြန်မာနိုင်ငံမှ ထွက်ပြေးခဲ့ပြီးနောက် ခိုလှုံခွင့်တောင်းခံရန် မက်ဒရစ်မြို့သို့ ဇွန် ၁-ရက် အင်္ဂါနေ့တွင် ဆိုက်ရောက်လာမည်ဖြစ်ကြောင်း ၎င်းအလုပ်လုပ်ကိုင်ခဲ့သော စပိန်သတင်းအေဂျင်စီ EFF က ပြောဆိုသည်ဟု The Straits Times က ယနေ့ ရေးသားသည်။

…  
အသက် ၃၀ အရွယ်ရှိ မြန်မာသတင်းထောက်သည် မြန်မာနိုင်ငံတွင် တိုင်းရင်းသားနှင့် ဘာသာရေးပဋိပက္ခများကို တမူထူးခြားစွာ ဖော်ပြနိုင်သည့်အတွက် Agence France Presse (AFP) သတင်းဋ္ဌာန၏ Kate Webb ဆု ချီးမြှင့်ခြင်းခံရသူဖြစ်ကြောင်း၊ ၎င်းအား ရက်သတ္တ ၄-ပတ်ကြာ ထိန်းသိမ်းခဲ့သော ဂျာမနီက နိုင်ငံရေး ခိုလှုံခွင့်ကို ငြင်းပယ်လိုက်ပြီးနောက် စပိန်တွင် ခိုလှုံခွင့်တောင်းခံရန် မနက်ဖန်တွင် ဖရန့်ဖွတ်မှ မက်ဒရစ်သို့ ထွက်ခွာလာမည်ဖြစ်ကြောင်း EFE သတင်းအေဂျင်စီ၏ အရှေ့ တောင်အာရှဆိုင်ရာ ညွှန်ကြားရေးမှူးက ဘန်ကောက်မြို့မှ တယ်လီဖုန်းဖြင့် ရှင်းပြသည်။

…   
မြတ်ကျော်သူသည် ပြည်ဝင်ခွင့် တရားဝင်မှတ်ပုံတင်ထားခြင်း မရှိသော်လည်း နိုင်ငံတကာဥပဒေအရ ဆောင်ရွက်ရလိမ့်မည်ဖြစ်ကြောင်း စပိန်ပြည်ထဲရေးဋ္ဌာနက ပြောဆိုသည်။

…   
ဂျာမနီနိုင်ငံ နယ်စည်းမခြားသတင်းထောက်များအဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူကမူ မြန်မာသတင်းထောက်တွင် ဘဝရှင်သန်ရပ်တည်မှုကို အန္တရာယ်ရှိစေသည့် ဖိနှိပ်ချုပ်ချယ်မှုများ ရှိနေသည့်အတွက် ၎င်း၏ ခိုလှုံခွင့် တောင်းခံချက်အား စဉ်းစားသုံးသပ်ပါရန် စပိန်ပြည်ထဲရေးဝန်ကြီးဌာနသို့ မေတ္တာရပ်ခံထားသည်။

…  
၂၀၁၈ ခုနှစ်မှစ၍ EFE သတင်းအေဂျင်စီ၌ အလုပ်လုပ်ကိုင်ခဲ့သည့် မြတ်ကျော်သူသည် အရပ်သားခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို  ဖေဖော်ဝါရီ ၁ ရက်နေ့တွင် ဖြုတ်ချခဲ့သော စစ်အစိုးရကို ဝေဖန်ခဲ့သည်။

…  
စစ်အစိုးရက ၎င်းအား ဖမ်းဆီးရန် ဝရမ်းထုတ်ပြန်လိုက်ခြင်းမှာ ရေခြားမြေခြား ဘေးလွတ်ရာနေရာကို ရှာဖွေရန် ဖြစ်လာခဲ့ရသည်။

…  
တည်ဆဲအစိုးရကို အင်အားသုံး၍ ရုတ်တရက် ဖြုတ်ချပြီးနောက်ပိုင်း မြန်မာနိုင်ငံသည် နေ့စဉ်နီးပါး ကန့်ကွက်ဆန္ဒပြမှုများနှင့် နိုင်ငံလုံးအနှံ့ ဖီဆန်အံတုရေးလူထုလှုပ်ရှားမှုများဖြင့် မငြိမ်မသက် ဖြစ်ပွားခဲ့ရာ ဒေသတွင်း စောင့်ကြည့်ရေးအဖွဲ့၏အဆိုအရ စစ်ဘက်၏ လက်ချက်ဖြင့် လူ ၈၀၀ ကျော် သေဆုံးခဲ့ရကြောင်း သိရှိရသည်။

…  
သတင်းအချက် အလက်စီးဆင်းမှုကို တင်းကျပ်စွာ ထိန်းချုပ်ရန် ကြိုးစားသည့်အနေဖြင့် သတင်းမီဒီယာများကို စစ်အစိုးရက ဖြိုခွဲနှိမ်နင်းခဲ့သည်။

…  
မြတ်ကျော်သူ၏ သတင်းများကို ဖော်ပြခဲ့သည့် Frontier Myanmar သတင်းဋ္ဌာနတွင် အယ်ဒီတာအဖြစ် တာဝန်ယူခဲ့သူ အမေရိကန်သတင်းစာဆရာ ဒန်နီဖန်းစတာသည် မြန်မာနိုင်ငံမှထွက်ခွာရန် ကြိုးစားစဉ် မေလ ၂၄ ရက်နေ့၌ ဖမ်းဆီးခြင်းခံခဲ့ရပြီးနောက် မည်သည့်နေရာတွင် မည်ကဲ့သို့ ရှိနေကြောင်း မသိရတော့ချေ။

…   
အခြား နိုင်ငံတကာ သတင်းထောက်အများအပြားတို့မှာလည်း မတ်လနှင့် ဧပြီလများအတွင်း ဖမ်းဆီးထိန်းသိမ်းခြင်းခံခဲ့ရသည်။

…  
နယ်စည်းမခြား သတင်းထောက်များအသင်း၏ ၂၀၂၁ ခုနှစ် သတင်းလွတ်လပ်ခွင့်အညွှန်းကိန်းတွင် မြန်မာနိုင်ငံသည် နိုင်ငံပေါင်း ၁၈၀ အနက် ၁၄၀ နေရာတွင် တည်ရှိနေသည်။

(( ယခုသတင်းနှင့် ပတ်သက်၍ မရတ်ကျော်သူအနေဖြင့် စပိန်နိုင်ငံတွင် ခိုလှုံခွင့် ရနိုင်ပါသလားဟု သတင်းဘာသာပြန်သူအား ဘေးတွေ နံတွေအောင့်စေမည့် ခပ်ပိန်ပိန်း မေးခွန်းကို ဖြေဆိုရလျှင် ကျွန်တော်သည် စပိန်ပြည်ထဲရေးဝန်ကြီး မဟုတ်ပါသဖြင့် မသိပါ။

၂၀၂၁ ခုနှစ် သတင်းလွတ်လပ်ခွင့် အညွှန်းကိန်းတွင် ထိုင်း (၁၃၇)၊ ဖိလစ်ပိုင်(၁၃၈) ဖြစ်ကြပြီး မြန်မာသည် အဆင့် ၁၄၀ ၌ တည်ရှိနေသည်။ ကျွန်တော်များနိုင်ငံ၏ အောက်တွင် အိန္ဒိယ (၁၄၂)၊ ကမ္ဘောဒီးယား (၁၄၄)၊ ပါကစ္စတန်(၁၄၅)၊ ရုရှား (၁၅၀)၊ ဘင်္ဂလား ဒေ့ရှ်(၁၅၂)၊ တူရကီ(၁၅၃)၊ စင်္ကာပူ(၁၆၀)၊ အီဂျစ်(၁၆၆)၊ ဆော်ဒီအာရေးဗီးယား(၁၇၀)၊ လော(၁၇၂)၊ ဗီယက်နမ်(၁၇၅)၊ တရုတ်(၁၇၇)၊ မြောက်ကိုရီးယား( ၁၇၉) တို့ အသီးသီး ရပ်တည်နေကြောင်း တွေ့ရှိ့ရပါသည်။

#ဂျာနယ်လစ်_မြတ်ကျော်သူ_ခိုလှုံခွင့်တောင်းခံ_စပိန်_ဂျာမနီ
#၂၀၂၁ခုနှစ်နိုင်ငံတကာသတင်းလွတ်လပ်ခွင့်အညွှန်းကိန်း

(((The Straits Times., June 1 2021,” Myanmar journalist to seek asylum in Spain.” ကို #HtayOung, #OungMarine ဆီလျော်အောင် ကောက်နှုတ်ဘာသာပြန်ဆိုသည်။)))

https://www.straitstimes.com/asia/se-asia/myanmar-journalist-to-seek-asylum-in-spain
https://rsf.org/en/ranking 

+3

Leave a Reply

Your email address will not be published.