မြန်မာအာဏာပိုင်များက ဒေါ်အောင်ဆန်းစုကြည်အပေါ် အကျင့်ပျက်ခြစားမှု ထပ်မံဖွင့်လှစ်။ မြန်မာနိုင်ငံတွင် စီးပွားရေးကို တုန့်ဆိုင်းစေသော စစ်အစိုးရဆန့်ကျင်သူများ၏ သပိတ်မှောက်မှုများ၊လုပ်ကြံသတ်ဖြတ်ခြင်း၊ ဗုံးခွဲတိုက်ခိုက်မှုများနှင့် နယ်စပ်ဒေသ ပုန်ကန်မှုများ ပြန်လည်ဖြစ်ပေါ်နေ


ဖြုတ်ချခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် ၎င်း၏ အစိုးရအဖွဲ့ဝင် အခြားအရာရှိဟောင်းများအပေါ် မြန်မာအာဏာပိုင်များက အကျင့်ပျက်ခြစားမှုအသစ်များ ထပ်မံဖွင့်လှစ်လိုက်ကြောင်း နိုင်ငံပိုင် Global New Light of Myanmar က ကြာသပတေးနေ့တွင် သတင်းဖော်ပြသည်ဟု Reuters က ယနေ့ရေးသားသည်။

…   
ဤအမှုများမှာ အရှေ့တောင်အာရှတွင် တည်ရှိသည့် နိုင်ငံအား ပရမ်းပတာဖြစ်စေသော ဖေဖော်ဝါရီ ၁-ရက် စစ်တပ်မှ ဖြုတ်ချခံခဲ့ရသည့် ရွေးကောက်ခံ ခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်အပေါ် နောက်ဆုံး အရေးယူခြင်းဖြစ်လေသည်။

…  
အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်၏ ပြောကြားချက်အား ကိုးကား၍ နိုင်ငံပိုင် သတင်းစာက ဖော်ပြရာတွင် ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် ၎င်းကိုယ်တိုင် ဥက္ကဋ္ဌအဖြစ် တာဝန်ထမ်းဆောင်ခဲ့သော ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းမှ မြေယာများကို အလွဲသုံးစားပြုလုပ်ခဲ့ကြောင်းအပြင် စောစောပိုင်း၌လည်း ငွေကြေးနှင့် ရွှေများကို လက်ခံခဲ့ကြောင်း စွပ်စွဲထားသည်။

 ဒေါ်အောင်ဆန်းစုကြည်နှင့် အခြားအရာရှိများအား နေပြည်တော်ရဲစခန်းတွင် ဗုဒ္ဓဟူးနေ့၌ အမှုဖွင့်လှစ်ထားကြောင်း၊ ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် ရာထူးတာဝန်အား အသုံးပြုလျှက် ပြစ်မှုကျူးလွန်သည်ကို တွေ့ရှိရသည့်အတွက် အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၅ အရ တရားစွဲဆိုထားကြောင်း ဖော်ပြသည်။

…  
ဒေါ်အောင်ဆန်းစုကြည်အပေါ် စွဲဆိုထားသည့် ပုဒ်မမှာ အပြစ်ရှိကြောင်း ထင်ရှားလျှင် ထောင်ဒဏ် ၁၅ နှစ်အထိ ချမှတ်နိုင်သည်ဟု သိရှိရပြီး Reuters အနေဖြင့် ထင်မြင်ချက်ရရှိရန် ဒေါ်စု၏ ရှေ့နေများနှင့် လောလောဆယ် ဆက်သွယ်နိုင်ခြင်း မရှိခဲ့ပါ။

…  
ဒေါ်အောင်ဆန်းစုကြည် ရင်ဆိုင်နေရသည့် အမှုများတွင် ဝေါ်ကီ-တော်ကီဆက်သွယ်ရေးစက်များကို တရားမဝင် ပိုင်ဆိုင်ခြင်းမှသည် နိုင်ငံတော် လျှို့ဝှက်ချက် အက်ဥပဒေအား ချိုးဖောက်ခြင်းအထိဖြစ်ပြီး၊ ၎င်းတို့မှာ နိုင်ငံရေး အရ ထိုးနှက်ခြင်းသာဖြစ်ကြောင်း ဒေါ်စုထောက်ခံသူများက ပြောဆိုသည်။

…   
နိုဝင်ဘာရွေးကောက်ပွဲတွင် ဒေါ်အောင်ဆန်းစုကြည်၏ ပါတီက လိမ်လည်မှုများ ကျူးလွန်ခဲ့သည်ဟု စစ်တပ်က ပြောဆိုချက်ကို ယခင်ရွေးကောက်ပွဲကော်မရှင်နှင့် နိုင်ငံတကာစောင့်ကြည့်စစ်ဆေးသူများက ငြင်းပယ်ခဲ့သည်။

…   
ထိုအချိန်မှစ၍ မြန်မာစစ်တပ်သည် နိုင်ငံအား တည်ငြိမ်အောင် ထိန်းချုပ်နိုင်ခြင်း မရှိတော့ချေ။ နေ့စဉ်ကန့်ကွက်ဆန္ဒပြမှုများနှင့် ရင်ဆိုင်နေရပြီး စစ်အစိုးရဆန့်ကျင်သူများ၏ နိုင်ငံ့စီးပွားရေးကို တုန့်ဆိုင်းရပ်တန့်စေသော သပိတ်မှောက်မှုများ၊ လုပ်ကြံသတ်ဖြတ်ခြင်းများ၊ ဗုံးခွဲတိုက်ခိုက်မှုများနှင့် မြန်မာနိုင်ငံနယ်စပ်ဒေသများ၌ ပုန်ကန်မှု ပဋိပက္ခများ ပြန်လည်ပေါ်ပေါက်လျှက်ရှိသည်။

#မြန်မာအာဏာပိုင်များက_ဒေါ်အောင်ဆန်းစုကြည်အပေါ်_အကျင့်ပျက်ခြစားမှု_ထပ်မံဖွင့်လှစ်

(((Reuters., June 10th, 2021,” Myanmar authorities open new corruption cases against Suu Kyi.” ကို #HtayOung, #OungMarine ဆီလျော်အောင် ကောက်နှုတ်ဘာသာပြန်ဆိုသည်။)))

https://www.dhakatribune.com/world/south-east-asia/2021/06/10/myanmar-authorities-open-new-corruption-cases-against-suu-kyi 

0

Leave a Reply

Your email address will not be published.