မြန်မာအကြမ်းဖက်မှုများကို ကုလလုံခြုံရေးကောင်စီ ရှုတ်ချ။ တရုတ်-ရုရှား ကန့်ကွက်မှု ကြောင့် အာဏာသိမ်းမှုရှုတ်ချရေးအဆို မအောင်မြင်။ တပ်မတော်ခေါင်းဆောင်၏ သားသမီးများကို အမေရိကန် အရေးယူဒဏ်ခတ်။ အိန္ဒိယနှင့် ဗီယက်နမ်တို့ပါ ကန့်ကွက်ခြင်းဖြင့် UNSC ဗြိတိန်အဆိုပြုချက် ပျက်ပြား


မြန်မာနိုင်ငံအတွင်း ကန့်ကွက်ဆန္ဒပြသူများအပေါ် အကြမ်းဖက်မှုများကို ရှုတ်ချလိုက်ပြီး တပ်မတော်အနေဖြင့် ထိန်းထိန်းသိမ်းသိမ်း ပြုလုပ်ကြောင်း ပြသရန် ဗုဒ္ဓဟူးနေ့တွင် ကျင်းပသည့် ကုလသမဂ္ဂလုံခြုံရေးကောင်စီက တောင်းဆိုလိုက်သည်။ သို့သော်လည်း မြန်မာ့တပ်မတော်၏ အာဏာသိမ်းယူမှုအဖြစ် ရှုတ်ချခြင်း သို့မဟုတ် ဆက်လက်အရေးယူရန် ခြိမ်းခြောက်မှုများမှာ တရုတ်နှင့် ရုရှားတို့၏ ကန့်ကွက်မှုကြောင့် အောင်မြင်ခြင်း မရှိကြောင်း Reuter က ယနေ့ရေးသားသည်။

..   
ရွေးကောက်တင်မြှောက်ခံ ခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်အစိုးရထံမှ အာဏာသိမ်းယူသည့် ဖေဖော်ဝါရီ ၁ ရက် နေ့နောက်ပိုင်း ဆန္ဒပြသူ ၆၀ ကျော်သေဆုံးခဲ့ပြီး လူပေါင်း ၂,၀၀၀ ကျော်ကို လုံခြုံရေးတပ်ဖွဲ့များက ဖမ်းဆီးခဲ့သည်ဟု နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအဖွဲ့က ပြောကြားသည်။

..  
ဗုဒ္ဓဟူးနေ့တွင် ရန်ကုန်တိုင်း မြို့နယ်နှစ်ခု၌ ပိတ်မိသွားသည့် ရာနှင့်ချီသော တပ်မတော်အစိုးရ ဆန့်ကျင်ဆန္ဒပြသူများကို လုံခြုံရေးတပ်ဖွဲ့များက ညပိုင်းတိုင်အောင် ရာဘာကျည်၊ မျက်ရည်ယိုဗုံးများဖြင့် ပစ်ခတ်ခဲ့သည်။

..  
လမ်းများ ပတ်ဝန်းကျင်တစ်လျောက် ရဲတပ်ဖွဲ့၏ တားဆီးပိတ်ဆို့ခြင်းများကို ကျော်လွှားရန်ကြိုးစားသူအချို့မှာ ထိန်းသိမ်းခြင်းခံခဲ့ရပြီး အချို့မှာ ဖမ်းဆီးစဉ် ရိုက်နှက်ခြင်းခံရကြောင်း ကြားသိရသည်။

..  
မြန်မာ့တပ်မတော်က ဖြိုခွင်းမှုများ ဆက်လက်ပြုလုပ်နေသည့်အတွက် အမေရိကန် ဘဏ္ဍာရေးဋ္ဌာနက တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ သားသမီး ၂-ဦးနှင့် ၎င်းတို့ ထိန်းချုပ်ထားသည့် ကုမ္ပဏီ ၆-ခုတို့အပေါ် ဗုဒ္ဓဟူးနေ့တွင် အရေးယူဒဏ်ခတ်မှုများ ပြဋ္ဌာန်းလိုက်သည်။

..   
အမျိုးသမီးများ၊ လူငယ်များနှင့် ကလေးသူငယ်များ အပါအဝင် ငြိမ်းချမ်းစွာ ဆန္ဒပြသူတို့အပေါ် အကြမ်းဖက်မှုများကို ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချကြောင်း၊ မြန်မာ့တပ်မတော်အနေဖြင့် အတင်းကြပ်ဆုံး ထိန်းသိမ်းဆောင်ရွက်ရန် တောင်းဆိုကြောင်း၊ UNSC အနေဖြင့် ဖြစ်စဉ်များကို အနီးကပ်စောင့်ကြည့်လျှက်ရှိကြောင်း ကုလသမဂ္ဂလုံခြုံရေးကောင်စီ၏ ကြေညာချက်၌ ဖော်ပြပါရှိသည်။

..  
သို့သော် အာဏာသိမ်းမှုကို ပြစ်တင်ရှုတ်ချပြီး ဆက်လက်အရေးယူရန် ခြိမ်းခြောက်သည့် ဗြိတိန်နိုင်ငံက တင်သွင်းသော အဆိုမူကြမ်းမှာ တရုတ်၊ ရုရှား၊ အိန္ဒိယနှင့်ဗီယက်နမ်တို့၏ဆန့်ကျင်မှုကြောင့် ပျက်ပြားသွားခဲ့ရသည်။

..   
မြန်မာ့တပ်မတော်သည် အတိတ်ကာလ၌ ဆန္ဒပြမှုများကို ဖြိုခွင်း၍ အတင်းအဓမ္မဖိနှိပ်သည့် ၎င်းတို့၏ ယခင်အုပ်ချုပ်မှုကာလများကဲ့သို့ပင် ကန့်ကွက်ရှုတ်ချမှုအားလုံးကို အလေးအနက်ထားခြင်း မရှိချေ။ Reuters ၏ မှတ်ချက်ပေးရန် မေတ္တာရပ်ခံချက်ကို တပ်မတော်အစိုးရ ပြောရေးဆိုခွင့်ရှိသူက တုံ့ပြန်ခြင်းမရှိပါ။

..  
လုံခြုံရေးကောင်စီ၏ သတင်းထုတ်ပြန်ချက်သည် အကျဉ်းသားများအားလုံးလွှတ်ပေးရန်နှင့် နိုဝင်ဘာရွေး ကောက်ပွဲရလဒ်အား လေးစားလိုက်နာရေး လုံးဝဥဿုံလိုအပ်သည်ကို တပ်မတော်အနေဖြင့် နားလည်သဘောပေါက်စေရန်ရန် တွန်းအားပေးရာရောက်လိမ့်မည်ဟု မျှော်လင့်ကြောင်း ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်အန်တိုနီယိုဂူတာရက်စ်က ပြောကြားသည်။

..  
တပ်မတော်က ( မဲစာရင်း ပြန်လည်စစ်ဆေးပေးရန် တောင်းဆိုချက်ကို ) ရွေးကောက်ပွဲကော်မရှင်က မလျော်သြဇာသုံး၍ ပယ်ချစေခဲ့သော ဒေါ်အောင်ဆန်းစုကြည်၏ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က အနိုင်ရရှိခဲ့သည့် နိုဝင်ဘာရွေးကောက်ပွဲမှာ မဲမသမာမှုများနှင့် ပြည့်နှက်လျှက်ရှိသည်ဟုဆိုကာ တရားမျှတစေရန် အာဏာသိမ်း ခြင်းဖြစ်ကြောင်း ပြောဆိုခဲ့သည်။ ရွေးကောက်ပွဲအသစ် ပြုလုပ်ပေးမည်ဟုလည်း တပ်မတော်အစိုးရက ကတိပေးထားသည်။

..  
ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်အန်တိုနီယိုဂူတာရက်စ်ကမူ အာဏာသိမ်းမှုမတိုင်မီတည်းက မြန်မာနိုင်ငံသည် ပြီးပြည့်စုံသောဒီမိုကရေစီနိုင်ငံ မဟုတ်ကြောင်း၊ နိုင်ငံ၏ ကဏ္ဍများစွာတို့မှာ စစ်ဖက်၏ ထိန်းချုပ်မှု အောက်တွင် ရှိနေဆဲ၌ အထူးသဖြင့် မဲမသမာကြောင်း စွပ်စွဲချက်ဖြင့် အာဏာသိမ်းယူခြင်းမှာ နားလည်ရန် ပိုမိုခက်ခဲစေကြောင်း ဝေဖန်ပြောဆိုသည်။

((( Reuters., 10 Mar 2021,” UN Security Council condemns Myanmar violence, US blacklists army leader’s children.” ကို #HtayOung, #OungMarine ဆီလျော်အောင် ကောက်နှုတ်ဘာသာပြန်ဆိုသည်။ )))

#ကုလလုံခြုံရေးကောင်စီဗြိတိန်ထပ်မံအဆိုပြုချက်ပျက်ပြား #အမေရိကန်က_ ကာချုပ်၏သားသမီးပိုင်ကုမ္ပဏီများကိုဒဏ်ခတ်အရေးယူ

..

https://www.reuters.com/article/us-myanmar-politics/myanmar-security-forces-surround-protesters-u-n-security-council-calls-for-restraint-idUSKBN2B205Whttps://bdnews24.com/neighbours/2021/03/11/un-security-council-condemns-myanmar-violence-us-blacklists-army-leader-s-childrenhttps://www.dhakatribune.com/world/south-asia/2021/03/11/un-security-council-condemns-myanmar-violence-us-blacklists-army-leader-s-children
0

Leave a Reply

Your email address will not be published.