မြန်မာ့တပ်မတော်က ဒုက္ခသည်ဘင်္ဂါလီများ အမြန်ဆုံး နေရပ်ပြန်ရေး အာမခံသည်ဟု ဘင်္ဂလားဒက်ရှ်တပ်ချုပ်ပြောဆို။ ချစ်ကြည်ရေးခရီးစဉ်ကြောင့် နှစ်နိုင်ငံဆက်ဆံရေး ပိုမိုကောင်းမွန်လာကြောင်း ဘင်္ဂလားဒက်ရှ်တပ်မတော် ယုံကြည်။

ဒီဇင်ဘာ ၅- ရက်နေ့တွင် မြန်မာနိုင်ငံ နေပြည်တော်၌ မြန်မာ့တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် တွေ့ဆုံခဲ့ရာတွင် ဒုက္ခသည်ဘင်္ဂါလီများ ( မူရင်း ရိုဟင်ဂျာဟုဖော်ပြ ) အမြန်ဆုံးနေရပ်ပြန်ရေးအတွက် အာမခံရရှိခဲ့ကြောင်း ဘင်္ဂလားဒက်ရှ်တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး အဇစ်အာမက်က ပြောဆိုသည်ဟု ဘင်္ဂလား အခြေစိုက် UKhia News ( ဘင်္ဂါလီဘာသာ ) က ယမန်နေ့ရေးသားသည်။

ထို့ပြင် ၎င်း၏ မြန်မာနိုင်ငံချစ်ကြည်ရေးခရီးစဉ်မှာ အနာဂါတ်ကာလ နှစ်နိုင်ငံဆက်ဆံရေး ပိုမိုကောင်းမွန်လာစေရန်အတွက် အရေးပါသော အခန်းကဏ္ဍတစ်ရပ်ဖြစ်ကြောင်း ဗိုလ်ချုပ်ကြီး အဇစ်အာမက်က ယုံကြည်သည်။

အလည်အပတ်ခရီးစဉ်အတွင်း နှစ်နိုင်ငံအကြား အရေးပါသော အချက် ၇-ချက်ကို ဆွေးနွေးနိုင်ခဲ့ပြီး ဆက်လက်အကောင်အထည်ဖော်ကြရန် နှစ်ဖက်သဘောတူညီခဲ့ကြသည်ဆို၏။

မြန်မာနိုင်ငံသို့ နေရပ်ပြန်ရေးအတွက် စိတ်ပျက်လက်ပျက်ဖြစ်ရပုံကို ဒုက္ခသည်ဘင်္ဂါလီများကိုယ်စား ဘင်္ဂလားဒက်ရှ်က ပထမဆုံး အလေးထားဆွေးနွေးခဲ့ကြောင်း သိရှိရသည်။ ထိုအတွက် မြန်မာနိုင်ငံခြားရေးဝန်ကြီး၊ လူသားချင်း စာနာမှု့ဆိုင်ရာ အာဆီယံနိုင်ငံများ အရေးပေါ် တုန့်ပြန်မှု့အဖွဲ့နှင့် ဒုက္ခသည်ဘင်္ဂါလီကိုယ်စားလှယ်တို့ ပါဝင်စေ၍ အခြေချနေထိုင်ရမည့်ဧရိယာသို့ များမကြာမီ သွားရောက်လှည့်လည် ကြည့်ရှု့ကြမည်ဖြစ်သည်။

နှစ်နိုင်ငံနယ်ခြားတွင် ဘင်္ဂလားဒက်ရှ်နိုင်ငံအဆိုပြုသော နယ်ခြားကုန်းလမ်းကြောင်း တည်ဆောက်ရေးအတွက် မြန်မာ့တပ်မတော်နှင့် ဘင်္ဂလားဒက်ရှ်နယ်ခြားစောင့်တပ်ဖွဲ့ BGB တို့က အပြည့်အ၀ ပူးပေါင်းဆောင်ရွက်ကြရန်၊ သဘောတူညီကြသည်။ နှစ်နိုင်ငံနယ်ခြားဒေသ ဘင်္ဂလားဒက်ရှ်နယ်မြေတွင် မြေမြှုပ်မိုင်းနှင့် လက်လုပ်မိုင်းများ တည်ရှိနေကြောင်း ဘင်္ဂလားဒက်ရှ်က အသိပေးဆွေးနွေးသည်။

မြန်မာစစ်ဖက် ရဟတ်ယာဉ်များ၊ ဒရုန်းလေယာဉ်များ ဘင်္ဂလားဒက်ရှ်ဝေဟင်ပိုင်နက်အတွင်း ကျူးကျော်ဝင်ရောက်မှု့ကို အလေးအနက်ဆွေးနွေးကြပြီး၊ စိန့်မာတင်ကျွန်းဘက်သို့ ဒရုန်းစသည်တို့ကို စေလွှတ်ခြင်းကြောင့် ဘင်္ဂလားဒက်ရှ်အတွက် စိုးရိမ်သောကဖြစ်စေလျှင် သင့်လျှော်သောနည်းလမ်းဖြင့် အချင်းချင်း ဆက်သွယ်အကြောင်းကြားမည်ဖြစ်သည်။

နယ်ခြားနယ်မြေ မြန်မာဘက်ခြမ်းတွင် မူးယစ်ဆေးဝါးစက်ရုံတည်ရှိနေခြင်း၊ ဘင်္ဂလားဒက်ရှ်သို့ မူးယစ်ဆေးဝါးများ ဝင်ရောက်မည်ကို ဘင်္ဂလားဒက်ရှ်က စိုးရိမ်ကြောင်း ဆွေးနွေးသည်။ မူးယစ်ဆေးကုန်ကူးမှု ဆန့်ကျင်တားဆီးရေး ပူးပေါင်းဆောင်ရွက်မည်ဖြစ်ကြောင်း မြန်မာ့တပ်မတော်က အခိုင်အမာပြောဆိုသည်။

နှစ်နိုင်ငံ နယ်ခြားဧရိယာတွင် နားလည်မှုလွဲမှားခြင်းများအတွက် မည်သည့်အမြန်ဆုံးနည်းလမ်းဖြင့်မဆို အပြန်အလှန် ဆက်သွယ်ပြောဆိုခြင်းဖြင့် ပူးပေါင်းအဖြေရှာရန် နှစ်ဖက်သဘောတူညီကြသည်။

သောင်းကျန်းမှု့နှိမ်နင်းရေးစစ်ဆင်ရေးအတွက် မြန်မာတပ်ဖွဲ့ဝင်များ နယ်ခြားဒေသတွင် စုရုံးလျှက်ရှိသည်ဟု ပြောဆိုနေကြခြင်းကို ဆွေးနွေးကြပြီး တစ်ဖက်နှင့်တစ်ဖက် မည်သည့်အခါမျှ နယ်ခြားဖြတ်ကျော်ခြင်း မရှိစေရေးစောင့်ထိန်းကြရန်ကို အလေးထားပြောဆိုကြသည်ဟု သတင်း၌ ဆက်လက်ရေးသားသည်။

 (( မည်သည့်အိမ်နီးချင်းနိုင်ငံနှင့်မဆို လက်နက်ကိုင်ကာ အဖြေရှာရခြင်းထက် လက်ဆွဲနှုတ်ဆက်၍ ဆွေးနွေးနိုင်ခြင်းက အကောင်းဆုံးဖြစ်ပါမည်။ ပြည်တွင်းတိုင်းရင်းသားလက်နက်ကိုင်တို့နှင့်မူ ပြောရန်ပင် မလိုတော့ပါ။ ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတဦးထင်ကျော်၊ သမ္မတဦးဝင်းမြင့်နှင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်တို့က ယခုကော့ခ်ဘဇားရောက်ရှိနေသူတို့ တစ်ယောက်မှ ပြန်မလာရဟု တစ်ကြိမ်တစ်ခါမျှ ပြောဆိုခဲ့ဖူးခြင်းမရှိပါ။ မြန်မာဘက်တွင် အမှန်တကယ်နေထိုင်ခဲ့ဖူးကြောင်း အထောက်အထားရှိပြီး အကြမ်းဖက်သောင်းကျန်းမှု့တွင် ပါဝင်ခဲ့ဖူးခြင်းမရှိလျှင် ပြန်လည်လက်ခံမည်ဖြစ်ကြောင်းသာ ပြောဆိုခဲ့ကြပါသည်။ ထိုအကြောင်း အသေးစိတ်ကို နယ်သာလန် ICJ တရားခုံရုံးတော်၌ လျှောက်လဲချက်ပေးရာတွင် ပါဝင်ကြောင်း တွေ့ရှိရပါသည်။

ကျွန်တော့်အနေဖြင့်မူ အဆိုပါဒုက္ခသည်ဘင်္ဂါလီများ၌ ၁၉၈၂ -ခုနှစ် နိုင်ငံသားဥပဒေအရပင်လျှင် နိုင်ငံသား ဖြစ်ထိုက်သူ အများအပြားရှိနိုင်သည်ဟု ယုံကြည်ပါသည်။ နိုင်ငံတော်အပေါ် သစ္စာစောင့်သိနိုင်ခြင်း၊ တရားဥပဒေလေးစားလိုက်နာခြင်း၊ ဒေသခံများနှင့် လိုက်လျောညီထွေနေထိုင်နိုင်လျှင် ဥပဒေနှင့်အညီ လုပ်ကိုင်စားသောက်ခွင့် ရရှိထိုက်ပါသည်။ ဒေသဖွံ့ဖြိုးရေးတွင် ၎င်းတို့၏ လုပ်အားနှင့် ကျွမ်းကျင်မှု့ ရယူလိုပါသည်။


ထိုအတွက် ဒေါက်တာအေးမောင်လည်း ထောင်ထဲရောက်၍ AA လည်း ဒခီးညွန့် နေရပြီဖြစ်သော ရခိုင်တို့၏သဘောထားဆန္ဒမှာ အလွန်အရေးကြီးပါသည်။ ။ သတင်းဘာသာပြန်သူ ))

((( Ukhia News., 14-12-2019,” Myanmar assures Rohingya of speedy withdrawal: army chief.” ကို #HtayOung, #OungMarine ဆီလျော်အောင် ကောက်နှုတ်ဘာသာပြန်ဆိုသည်။ )))

#မြန်မာ့တပ်မတော် #ဘင်္ဂလားဒက်ရှ်တပ်မတော်ကာကွယ်ရေးဦးစီးချုပ် #မြန်မာ-ဘင်္ဂလားဒက်ရှ်နယ်ခြားဧရိယာ

0

Leave a Reply

Your email address will not be published.