) မြန်မာ့တပ်မတော် အောက်ခြေစစ်သားဖြစ်ခဲ့သူများက အစုအပုံလိုက် ရက်စက်ယုတ်မာမှုကြီးတွင် အရေးပါသော သက်သေများဖြစ်လာတော့မည်။ မြန်မာတပ်မတော်က တပ်ပြေးအဖြစ် ကြေငြာ၍ AA က ဗွီဒီယိုလွှင့်တင်ခံရသူများ ICC ရုံးတော်၌ ပြန်ပေါ်လာ

မြန်မာ့တပ်မတော်မှ စစ်ပြေးဟုယူဆရသော တပ်သား ၂-ဦးမှာ ၂၀၁၇-ခုနှစ်တွင် မရေမတွက်နိုင်သော ဒုက္ခသည်ဘင်္ဂါလီအရပ်သား ( မူရင်း ရိုဟင်ဂျာ ) များအား စစ်မိန့်အရ သတ်ဖြတ်ခြင်းနှင့် မုဒိန်းမှုကျးလွန်ရာတွင် ပူးပေါင်းပါဝင်သည်ဟု နယ်သာလန်အခြေစိုက် နိုင်ငံတကာ ရာဇဝတ် တရားရုံး ( ICC ) ၌ ချုပ်နှောင်ထားကြောင်း သတင်းရရှိသည်ဟု ကနေဒါအခြေစိုက် CBC သတင်းဋ္ဌာနက ယနေ့ရေးသားသည်။ 

  
ICC တွင် ထိန်းသိမ်းထားသူများသည် သြဂုတ်လလယ်ပိုင်းတွင် ဘင်္ဂလားဒေ့ရ်ှနယ်စပ်၌ ရှိနေခဲ့ကြောင်း သတင်းရင်းမြစ်များအရ သိရှိရသည်။ ၎င်းတို့မှာ မြန်မာနိုင်ငံရှိ ဒုက္ခသည်ဘင်္ဂါလီများအတွက် တရားမျှတမှုရှာဖွေရာတွင် ICC ၏ စစ်ဆေးကြားနာမှုများ၌ အရေးပါသော သက်သေများ ဖြစ်လာဖွယ် ရှိသည်ဆို၏။ 

  
ယခုနှစ် နွေရာသီတွင် မြန်မာနိုင်ငံအတွင်း ( AA က ရိုက်ကူးလွှင့်တင်ခဲ့သည့် ) ကနဦး ဗွီဒီယို၌ ဇော်နိုင်ထွန်း ( ၃၀-နှစ် ) နှင့်၊ မျိုးဝင်းထွန်း ( ၃၃ နှစ် ) တို့သည် မြန်မာတပ်မတော်တွင် တပ်သားဟောင်းများဖြစ်ကြကြောင်း၊ မှတ်တမ်းများအရ အဆိုပါ အစီအစဉ်တွင်ပါဝင်သော တပ်ရင်းတို့၏ အမည်များ၊ ဖျက်ဆီးခဲ့သော ကျေးရွာအမည်များကို ကိုယ်တိုင် ထုတ်ဖော်ပြောကြားခဲ့သူများဖြစ်သည်။ ထို့ပြင် လူသေအလောင်းအစုအပုံလိုက် မြှုပ်နှံထားသည့် ကျင်းများ၏ တည်နေရာ၊ ကျင်းတူးရာတွင် ကူညီပေးရခြင်း၊ ၎င်းတို့သတ်ဖြတ်ခဲ့ပြီး လူသေအလောင်းများကို သယ်ပို့ရာတွင် ပါဝင်ခဲ့ရသူများဖြစ်ကြောင်း ပြောဆိုခဲ့သည်။ 

  
ဤသည်မှာ ( သတ်ဖြတ် – မုဒိန်းကျင့် ) ခံရသူများက ပြောဆိုခဲ့သည့် မြန်မာ့တပ်မတော်တွင် တာဝန်ထမ်းဆောင်လျှက်ရှိသူများ၏ အကြမ်းဖက်မှုနှင့် ပတ်သက်၍ ( ကိုယ်တိုင်ပါဝင်ခဲ့သော ) အတွင်းလူ၏ အသေးစိတ်အမြင် အဖြစ် ပထမဆုံးအကြိမ် ပေါ်ထွက်လာခြင်းဖြစ်သည်။ 

  
၂၀၁၇ ခုနှစ်တွင် မြန်မာ့တပ်မတော်ဦးဆောင်သည့် အစုအပုံလိုက်သတ်ဖြတ်ခြင်း၊ လိင်စော်ကားခြင်းနှင့် ကျယ်ပြန်သော ဖျက်ဆီးမှုများအကြောင်း ဖော်ပြခဲ့ကြပြီး ဒုက္ခသည်ဘင်္ဂါလီ ၇၀၀,၀၀၀ ကျော်တို့မှာလည်း အိမ်နီးချင်း ဘင်္ဂလားဒက်ရှ်နိုင်ငံသို့ထွက်ပြေးခဲ့ကြရသည်။ 


(( CBC News သတင်းအရဆိုလျှင် ဖော်ပြပါ မြန်မာ့တပ်မတော်သားဟောင်း နှစ်ဦးမှာ နယ်သာလန်အခြေစိုက် နိုင်ငံတကာရာဇဝတ်တရားရုံး ( ICC ) တွင် ရောက်ရှိနေခြင်းဖြစ်ပြီး၊ ဂျီနိုဆိုက်ပဋိဉာဉ်ဖောက်ဖျက်သည်ဟု ဂမ်ဘီယာက တရားစွဲဆိုခြင်းကြောင့် မြန်မာက ရင်ဆိုင်နေရသည့် နိုင်ငံတကာ တရားခုံရုံး ICJ မဟုတ်ကြောင်း တွေ့ရှိရပါသည်။ 


အိမ်နီးချင်း ဘင်္ဂလားဒက်ရှ်နိုင်ငံအတွင်း ဒုက္ခသည်ဘင်္ဂါလီများ အစုအပုံလိုက်ထွက်ပြေးစေသော ဂျီနိုဆိုက်မှုကို ICC က စစ်ဆေးလျှက်ရှိရာ ရောမသဘောတူညီချက်တွင် လက်မှတ်ရေးထိုးထားခြင်းမရှိ၊ ICC အဖွဲ့ဝင်မဟုတ်သဖြင့် ပူးပေါင်းပါဝင်မည်မဟုတ်ဟု ဆိုကာ မြန်မာက ပယ်ချထားခဲ့သည်။ 


ရာဇဝတ်မှု့ခင်းတို့၏ သဘောမှာ လူသတ်-မုဒိန်းမှုတွင် ပါဝင်ခဲ့ကြောင်း ဝန်ခံယုံမျှနှင့် အဆိုပါ ကျူးလွန်မှုအတွက် အပြစ်မရှိဟု ခွင့်လွှတ်ခြင်း မရှိတတ်ပါ။ ထို့ကြောင့် ကျူးလွန်ကြောင်း သက်သေအဖြစ် ဝန်ခံထွက်ဆိုပါမည်ဆိုသူများကို ရှေးဦးစွာ ချုပ်နှောင်ထားရခြင်း ဖြစ်ပုံရပါသည်။ 


မည်သည့်မှု့ခင်းမဆို စွပ်စွဲသူသည် စွပ်စွဲခံရသူက အပြစ်ကျူးလွန်ကြောင်း သက်သေပြရန် တာဝန်ရှိပြီး၊ စွပ်စွဲခံရသူကလည်း ထိုသို့ မဟုတ်မမှန်ကြောင်း သက်သေပြ၍ ထုချေငြင်းဆိုရမည်ဖြစ်သည်။

ဤတွင် တစ်ဖက်က တင်သွင်းသော သက်ရှိသက်သေများကို အခြားတစ်ဖက်က ပြန်လှန်စစ်မေးခွင့်ရှိပြီး သက်သေထွက်ဆိုသူသည် ယုံကြည်ထိုက်သူ ဟုတ်-မဟုတ်၊ ထွက်ဆိုချက်သည် ယုတ္တိ တန်- မတန် တရားသူကြီးများဆုံး ဖြတ်နိုင်အောင် ကူညီရပါသည်။ 

  
ယခုရောက်ရှိနေသည်ဆိုသော ICC သည် မြန်မာက အသိအမှတ်ပြုထားခြင်းမရှိပါသဖြင့် ICC တွင် ၎င်းတို့ထွက်ဆိုမှုနှင့်ပတ်သက်၍ မြန်မာက ပြန်လှန်စစ်မေးရန် နည်းလမ်းမရှိချေ။ 


သို့သော် ၎င်းတို့ကိုယ်တိုင်သည်၎င်း ၎င်းတို့ထွက်ဆိုချက်များသည်၎င်း လိုအပ်သည်ဟု ဂမ်ဘီယာက လျှောက်ထားပါလျှင် ICJ က တောင်းယူ၍ ထည့်သွင်း ကြားနာဖွယ်ရှိပါသည်။ 

  
ယခုစာရေးနေစဉ် မြန်မာ့တပ်မတော်သားဟောင်း ၂-ဦးက သက်သေအဖြစ် ထွက်ဆိုသော ဗွီဒီယို ရုပ်သံတွင် ၎င်းတို့နှစ်ဦးမှာ ဒုက္ခသည်ဘင်္ဂါလီအမျိုးသမီးများအား မုဒိန်းကျင့်ရာတွင် ပါဝင်ခြင်းမရှိပဲ အရာရှိကြီးများအား စောင့်ကြပ်ပေးခဲ့ရသူများသာ ဖြစ်ကြောင်း ပြောဆိုသည်ဟု ကြားသိရပါသည်။ ။ သတင်းဘာသာပြန်သူ ))  #မြန်မာ့တပ်မတော်သားဟောင်း၂-ဦးနှင့်ICC 

((( CBC 1News., Posted: Sep 08, 2020, “Once foot soldiers in Myanmar’s army, now potential witnesses to mass atrocities.” ကို #HtayOung, #OungMarine ဆီလျော်အောင် ကောက်နှုတ် ဘာသာပြန်ဆိုသည်။ ))) 

https://www.cbc.ca/news/world/myanmar-soldiers-custody-hague-1.5715272?fbclid=IwAR2e_7Lj3BKwn62CYR7zbirDoNkSqV7q506aNjJl32euQ2QrzW3jTwsQtLg 

0

Leave a Reply

Your email address will not be published.