မြန်မာ့အကျပ်အတည်းက အဝတ်အထည်လုပ်ငန်းအား ရှုံးပွဲကြုံရတော့မည်ဟု အချက်ပေးနေ။ အထည်ချုပ်လုပ်သားများစွာတို့ ကန့်ကွက်ဆန္ဒပြကြခြင်း၊ လမ်းများမှာလည်း စစ်တလင်းဖြစ်လာ၍ အလုပ် မဖြစ်။ မငြိမ်သက်မှုကြောင့် ဘဏ်စနစ်ထိခိုက်ပြီး ကုန်ပစ္စည်း ဝင်-ထွက်ခက်ခဲ


[ရိုက်တာ] လီဒေါင်လျန်အနေဖြင့် မြန်မာနိုင်ငံတွင် အထည်ချုပ်စက်ရုံဖွင့်လှစ်ပြီးနောက် ၂-နှစ်အကြာတွင် သူ၏အလုပ်သမား ၈၀၀ ကို အလုပ်ထုတ်ကာ စက်ရုံကို ပိတ်ပစ်ရလုနီးနီးဖြစ်လာခဲ့သည်။ ကန့်ကွက်သူများအား အစုအပုံလိုက် သွေးထွက်သံယိုနှိမ်နင်းမှုများဖြစ်စေခဲ့သည့် ဖေဖော်ဝါရီ ၁-ရက်နေ့ အာဏာသိမ်းမှုနောက်ပိုင်း တရုတ်ဆန့်ကျင်ရေး သဘောထားလှိုင်းတံပိုးထန်စဉ်ကာလ စက်ရုံများ မီးတင်ရှို့ခံရပြီးနောက် ကိုရိုနာဗိုင်းရပ်စ် ရောဂါကြောင့် အခက်အခဲတွင် ရုန်းကန်ခဲ့ရသည့် စီးပွားရေးလုပ်ငန်းမှာ ရပ်တန့်သွားသည်ဟု Reuters က ယမန်နေ့ရေးသားသည်။

…   
လီ၏အဖြစ်အပျက်မှာ ကုလသမဂ္ဂ၏အချက်အလက်များအရ ပြည်ပပို့ကုန်ကဏ္ဍတွင် တတိယမြောက်အရေး ပါပြီး ဝင်ငွေနည်းပါးအလုပ်သမား ၇-သိန်းတို့မှီခိုနေရသည့် မြန်မာနိုင်ငံ၏ စီးပွားရေးတွင် အကြပ်အတည်း တစ်ခုနှင့်ရင်ဆိုင်နေရပြီဖြစ်ကြောင်း အန္တရာယ်သင်္ကေတဖြစ်လေသည်။ ထိုအတွက် လာမည့်လအနည်းငယ်အတွင်း ကုန်မှာစာအသစ်များ မရရှိပါက လီ့အနေဖြင့် မြန်မာနိုင်ငံမှ စွန့်ခွာရန်မှတပါး ရွေးချယ်စရာ မရှိတော့ချေ။ လောလောဆယ်တွင် ဝန်ထမ်း ၄၀၀ လျော့ချထားခဲ့ရပြီး အာဏာသိမ်းမတိုင်မီ ရရှိထားသည့် ကုန်မှာစာများဖြင့် လုပ်ငန်းလည်ပတ်မှု ၂၀% အပေါ် အသက်ဆက်နေရသည်။

…  
အာဏာသိမ်းမှုကြောင့် H&M နှင့် Primark ကဲ့သို့ နာမည်ကြီး ဖက်ရှင်အမှတ်တံဆိပ်များမှာ မြန်မာနိုင်ငံနှင့် ကုန်သွယ်မှုရပ်ဆိုင်းသွားသဖြင့် လီနှင့်သူနှင့်သူ၏လုပ်ဖော်ကိုင်ဖက်များမှာ တရုတ်၊ ကမ္ဘောဒီးယား သို့မဟုတ် ဗီယက်နမ်စသည့် အခြားလုပ်ခဈေးနိမ့်သောအထည်ချုပ်စက်ရုံများတည်ရာသို့ ပြောင်းရွှေ့ရန်စဉ်းစားနေကြသည်ဟု ဆိုပါသည်။

…   
လီကဲ့သို့ တရုတ်လူမျိုးများမှာ မြန်မာနိုင်ငံ၏အထည်ချုပ်စက်ရုံ ၆၀၀ ၏ ၃-ပုံ ၁-ပုံနီးပါးကို အထောက်အပံ့ပြု နေကြောင်း အကြီးဆုံးရင်းနှီးမြုပ်နှံမှုအုပ်စုဖြစ်သည့် မြန်မာအထည်ချုပ်လုပ်ငန်းရှင်များအသင်းအရ သိရှိရသည်။

…  
အလုပ်သမားပေါင်း ၃,၀၀၀ ခန့်ရှိပြီး တရုတ်မှငွေကြေးထောက်ပံ့သည့် အထည်ချုပ်စက်ရုံ ၂ ခုမှာ မြန်မာပြည်တွင် ပိတ်သိမ်းရန်ဆုံးဖြတ်လိုက်ရပြီဖြစ်ကြောင်း ပြောဆိုသော်လည်း လုပ်ငန်းသဘောအရ စက်ရုံအမည်များ ဖော်ပြခြင်း မပြုပါ။

…    
လွန်ခဲ့သည့် ဆယ်စုနှစ်တွင် စီးပွားရေးပြုပြင်ပြောင်းလဲမှုများက အနောက်နိုင်ငံများ၏ဒဏ်ခတ်ပိတ်ဆို့မှုကို အဆုံးသတ်စေခဲ့ပြီး ကုန်သွယ်ရေးသဘောတူညီမှုများကြောင့် အထည်ချုပ်လုပ်ငန်းများ၌ နိုင်ငံခြားရင်းနှီး မြှုပ်နှံမှုများမြင့်တက်လာခဲ့သည်။ ကုန်ထုတ်လုပ်မှုအချက်အချာအဖြစ်လည်း အထင်ရှားဆုံးသင်္ကေတ တစ်ခု ဖြစ်ခဲ့သည်။ မြန်မာနိုင်ငံ၏အထည်အလိပ်တင်ပို့မှုသည် ၂၀၁၁ ခုနှစ်တွင်ဒေါ်လာ ၁ ဘီလီယံအောက်ဖြင့် ပို့ကုန်၏ ၁၀ %ခန့်ရှိရာမှ ၂၀၁၉ ခုနှစ်တွင် ၃၀% ဒေါ်လာ ၆.၅ ဘီလီယံ အထိတိုးလာခဲ့သည်။

…  
သို့သော် စားသုံးသူများ၏ ဝယ်လိုအားကို အဟန့်အတားဖြစ်စေသည့် ကူးစက်ကပ်ရောဂါကြောင့် ကမ္ဘာ့စီးပွားရေးကျဆင်းမှု ရိုက်ခတ်ပြီး အာရှအနှံ့အပြားနှင့် မြန်မာနိုင်ငံတွင် ထောင်နှင့်ချီသော အထည်ချုပ်အလုပ်သမားတို့မှာ အလုပ်အကိုင်များ ဆုံးရှုံးခဲ့ရသည်။

…   
ထိုစဉ် အာဏာသိမ်းမှုဖြစ်ပွားခဲ့သည်။

…  
နောက်ပိုင်း ရက်သတ္တပတ်များ၌ အထည်ချုပ်လုပ်သားများစွာတို့က ကန့်ကွက်ဆန္ဒပြမှုများတွင်ပါဝင်ခဲ့ကြခြင်း သို့မဟုတ် လမ်းများမှာလည်း စစ်တလင်းဖြစ်လာသည်နှင့်အမျှ အလုပ်လုပ်၍ မရနိုင်တော့ချေ။ မငြိမ်မသက်မှုများသည် ဘဏ်စနစ်ကို အနှောက်အယှက်ဖြစ်စေပြီး တိုင်းပြည်အတွင်းသို့ ကုန်ပစ္စည်းများ ဝင်ထွက်ရန် ခက်ခဲသွားသည်။

…   
အာဏာသိမ်းမှုအပေါ် နိုင်ငံတကာနှင့်ရှုတ်ချမှု ကြီးထွားလာနေစဉ် လွန်ခဲ့သည့်လတွင် ဥရောပနှင့် အမေရိကန် ဖက်ရှင်အမှတ်တံဆိပ်တို့က အလုပ်အကိုင်များကို ကာကွယ်ပေးမည်ဖြစ်ကြောင်း ၎င်းတို့၏ အသင်းအဖွဲ့များမှ တဆင့် ကြေညာချက်ထုတ်ပြန်ခဲ့သည်။

…     
သို့သော် လက်တွေ့အနေဖြင့်မူ ကမ္ဘာ့ဒုတိယအကြီးဆုံး ဖက်ရှင်လက်လီရောင်းသူများဖြစ်သည့် ဆွီဒင်နိုင်ငံမှ H&M ဗြိတိန်နိုင်ငံမှ Next, Primark နှင့် အီတလီမှ Benetton တို့အပါအဝင် ကုန်မှာစာ အများအပြားတို့မှာ လောလောဆယ် ရပ်ဆိုင်းသွားသည်။

…    
ဘင်္ဂလားဒေ့ရ်ှ၊ ကမ္ဘောဒီးယားနှင့် တရုတ်နိုင်ငံတို့ အကြား ယခင်ကုန်မှာစာများကို မြန်မာနိုင်ငံသို့ ခွဲဝေသွားမည် ဖြစ်ကြောင်း Next က ပြောဆိုသော်လည်း H&M နှင့် Primark တို့ကမူ မည်သို့ ပြန်လည်ခွဲဝေမည်ဖြစ်ကြောင်း မှတ်ချက်ပေးခြင်း မရှိပါ။

…  
မြန်မာနိုင်ငံမှ လမ်းကြောင်းပြောင်းလာသည့် ဥရောပဝယ်လက်များမှ စီးပွားရေးလုပ်ငန်းများကို ပိုမိုရရှိရန် စတင်နေပြီဖြစ်ကြောင်း ဗီယက်နမ်တွင် အထည်ချုပ်လုပ်ငန်း လုပ်ကိုင်သူ ရာဗီချွန်နီလယ်က ပြောဆိုသည်။ အဆိုပါလုပ်ငန်းများမှာ မြန်မာနိုင်ငံအား စွန့်ခွာလိုခြင်း မရှိသော်လည်း အတင်းအကျပ်ဖိအားပေးခံနေရကြောင်း၊ တရုတ်ရင်းနှီးမြှုပ်နှံသူများ ထွက်ခွာသွားပါက မြန်မာနိုင်ငံ၏အထည်ချုပ်လုပ်ငန်းများကို ပြန်လည်ထူထောင်ရန် အလွန်ခဲယဉ်းမည်ဖြစ်ကြောင်း နာမည်ကြီး ကုန်အမှတ်တံဆိပ်များနှင့် ပတ်သက်၍ အလုပ်သမားအခွင့်အရေး ကာကွယ်သူ ကျင့်ဝတ်ပိုင်းဆိုင်ရာ ကုန်သွယ်ရေး ဦးဆောင်အဖွဲ့မှ ပီတာမက်အယ်လစ်စတာက မှတ်ချက်ပြု သည်။

…    
သို့သော် မြန်မာနိုင်ငံတွင် အာဏာသိမ်းပြီးချိန်မှစ၍ တရုတ်မလိုလားသည့်စိတ်ဓာတ်များမြင့်တက်လာနေသည်။ စစ်ကောင်စီအပေါ် အနောက်နိုင်ငံများ၏ ဝေဖန်ရှုတ်ချခြင်းနှင့် နှိုင်းယှဉ်လျှက် ရှီကျင့်ဖျင်အစိုးရ၏ နှုတ်ဆိတ်နေခြင်းကို ဆန့်ကျင်နေကြသည်။

…  
အများအားဖြင့် အမျိုးသမီးအလုပ်သမတို့မှာ ဒေသတွင်းအနိမ့်ဆုံးနှုန်းထားဖြစ်သည့် တစ်နေ့လျှင် ကျပ်ငွေ ၄,၈၀၀ (ကန်ဒေါ်လာ ၃.၄၀) သာရရှိသဖြင့် မြန်မာနိုင်ငံအထည်ချုပ်လုပ်ငန်းတွင် ခေါင်းပုံဖြတ်အမြတ်ထုတ်မှုနှင့် ပတ်သက်၍ စိုးရိမ်ပူပန်ကြောင်း လူ့အခွင့်အရေးအဖွဲ့များက အကြိမ်ကြိမ်ပြောဆိုခဲ့ကြသည်။

…    
သို့သော် အလုပ်သမားမှာ ကျေးလက်ဒေသမှ ရန်ကုန် စီးပွားရေးအချက်အချာနေရာတဝိုက်တွင် အများစုတည်ရှိသည့် စက်ရုံများသို့ပြောင်းရွှေ့လုပ်ကိုင်ကြပြီး မိသားစုများထံ ငွေပြန်ပို့ခြင်းဖြင့် ဆင်းရဲတွင်းမှ လွတ်မြောက်နိုင်စရာရှိသည်။

…    
အာဏာသိမ်းမှုကြောင့် အလုပ်ပိတ်ထားရစဉ် လစဉ်စက်ရုံမှ ပေးနိုင်သည်မှာ ၈,၆၀၀ ကျပ် (ကန်ဒေါ်လာ ၅၉) သာရှိတော့ပြီး ထိုငွေကလေးနှင့် မိသားစု ၅-ဦး အသက်ရှင်နေရကြောင်း၊ ပေါင်နှံစရာလည်း မရှိသဖြင့် အလွန် စိတ်ဆင်းရဲနေရကြောင်း၊ တစ်လလျှင် ၂၀% အတိုးဖြင့် ငွေချေးယူရန်သာ ရှိတော့ကြောင်း အသက် ၂၁ နှစ် အရွယ် အထည်ချုပ်သမလေး မသင်းသင်းက ပြောဆိုပါသည်။

(((Reuters., APRIL 8, 2021,” Myanmar crisis sounds death knell for garment industry, jobs and hope.By:Chen Lin, John Geddie” ကို #HtayOung, #OungMarine ဆီလျော်အောင် ကောက်နှုတ်ဘာ သာပြန်ဆိုသည်။)))

#မြန်မာ့အကျပ်အတည်းက_အထည်ချုပ်လုပ်ငန်း_နိဂုံးချုပ်ရန်အချက်ပြနေ

https://www.reuters.com/article/idUSL1N2M10FM 

===========

0

Leave a Reply

Your email address will not be published.