မြန်မာပြည် ဆီးရီးယားလို ဖြစ်နေပြီလား။ ဆီးရီးယားစစ်ပွဲက ပေးတဲ့သင်ခန်းစာ



ဆီးရီးယားစစ်ပွဲသတင်းများကို ၂၀၁၄ လောက်မှာ စတင်ဘာသာပြန်ပြီး ခုနောက်ပိုင်း ထူးခြားသလို ဆက်တိုက်တင်မိပါတယ်။ ကျွန်တော်ကိုယ်တိုင် နားလည်အောင် အတော်ကြိုးစားပြီး ဆက်စပ်သမျှ တစ်မေ့တစ်မောလိုက်ရှာ ဖတ်ခဲ့ရပါတယ်။
၂၀၁၁ ပြည်တွင်းစစ် စကတည်းက သိပ်မရှုတ်ပေမဲ့ နောက်ကွယ်အကြောင်းအရာ အလွန်များတယ်။ ။ ဒါပေမဲ့ ( ၁ ) အာဆတ်အစိုးရ ( ၂ ) ဒီမိုကရေစီ ရရှိရေး-အာဆတ်ဖြုတ်ချရေး သူပုန် နှစ်အုပ်စုသာရှိတယ်။
အစိုးရဖက်က အီရန်ကူညီတယ်။ သူပုန်တွေမှာ ဆီးရီးယားပြည်တွင်းနဲ့ ဆော်ဒီ-တူနီရှားစသဖြင့် ဒေသတွင်းနိုင်ငံသားတွေပါဝင်လာတယ်။ တူရကီကလဲ ထောက်ပံ့တယ် ။ အမေရိကန်က အဲဒီအချိန်တည်းက အိမ်နီးချင်း ဂျော်ဒန်နယ်စပ်မှာ ဆီးရီးယားသူပုန်တွေကို လက်နက်တပ်ဆင် စစ်ရေးလေ့ကျင့်ပေးတယ်။ အဲဒီသူပုန်တွေထဲမှာ ဒေသတွင်းအယ်လ်ကိုင်ဒါအကြမ်းဖက်သမားတွေပါနေတယ်။ ပြည်တွင်းစစ်မဖြစ်ခင် ဆီးရီးယားနဲ့ ဆဒမ်ဟူစိန်ခေတ် အီရတ်မှာ အယ်လ်ကိုင်ဒါတွေဟာ အင်အားချိနဲ့ပြီး ပုန်းလျှိုး ကွယ်လျှိုးပါ။
အစိုးရဘက်က လက်ဘနွန်ပြည်သူ့စစ် ဟဇ်ဘိုလာတွေ ဝင်ကူတယ်။ သူတို့က အီရန်ကျောထောက်နောက်ခံပြု ရှီအာတွေပါ။ ဆိုတော့ကာ စစ်ပွဲက ဆွန်နီ-ရှီအာ မကြေလည်မှု လက်နက်ကိုင် အားစမ်းပွဲ ထင်ထင်ရှားရှားဖြစ်သွား တယ်။
အယ်လ်ကိုင်ဒါတွေ အားကောင်းလာပြီး ချေချင်းညာ၊ တရုတ်ဝီဂါနဲ့ ဖိလစ်ပိုင်မိုရိုအစ္စလာမ်မစ်တွေပါ ဆီးရီးယားမှာ စုရုံးရောက်ရှိလာတယ်။ ဆွန်နီတယူသန်တွေက ဆီးရီးယားစစ်ပွဲကို ဂျီဟဒ်အဖြစ်ခံယူပြီး ထောက်ခံသူ ပိုမိုနက်ရှိုင်းသွားတယ်။ ၂၀၁၄-မှာ အယ်လ်ကိုင်ဒါတွေနဲ့ သူပုန်ထဲက အစွန်းရောက်တွေ အချင်းချင်းပေါင်းမိပြီ ခလီဖိတ် အစ္စလာမ်မစ်နိုင်ငံတော် ထူထောင်ဖို့ အိုင်အက်စ် ( IS ) အစွန်းရောက်အကြမ်းဖက်တွေပေါ်လာတယ်။ သူတို့ဟာ အချိန်တိုအတွင်း ဆီးရီးယားနဲ့ အိမ်နီးချင်း အီရတ်က နယ်မြေအများအပြားကို သိမ်းယူလိုက်တယ်။ ၂၁-ရာစု အစ္စလာမ်ကမ္ဘာကြီးဆိုတာ သူတို့ပြောတာပါ။ ဆွန်နီ-ရှီအာ မွတ်စလင်အများစုကြီးလက်မခံနိုင်ပါ။
အမေရိကန်-အီရတ်-ဆော်ဒီလေတပ်က ခုခံတိုက်ခိုက်ပေမဲ့ တစ်နှစ်ကျော်ကျော်အတွင်း နယ်မြေအများအပြား ဆုံးရှုံးတယ်။ ဆီးရီးယား-အီရတ်ဟာ နိုင်ငံတကာ အစွန်းရောက် အကြမ်းဖက်တို့ စစ်ရေးလေ့ကျင့်ကွင်းကြီးဖြစ်သွားတယ်။
ဆိုတော့ကာ ( ၁ ) အစိုးရ ( ၂ ) သူပုန် ( ၃ ) အယ်လ်ကိုင်ဒါ+အိုင်အက်စ် အဖြစ် သုံးအုပ်စုအသွင်ဖြစ်လာတယ်။
၂၀၁၅-မှာ ရုရှားက ဆီးရီးယားအစိုးရဖက်က အကြမ်းဖက်နှိမ်နင်းဖို့ တရားဝင် ကူညီတိုက်ခိုက်ပေးတယ်။
ဆီးရီးယားမြောက်ဖက်နယ်စပ်မှာ ကာ့ဒ်တွေရှိတယ်။ သူတို့တွေဟာ အိုင်အက်စ်တွေ နှိပ်စက်သတ်ဖြတ်တာ ယာဇီဒီတွေလို ခံစားနေရသူတွေဖြစ်တယ်။ သူတို့ဟာ အစပိုင်းတော့ ရုရှားလေကြောင်းတိုက်ခိုက်ရာမှာ မြေပြင်ပစ်မှတ်ညွှန်ပြတာတွေအပြင် အစိုးရဖက်က ကူသေးတယ်။ နောက်တော့ အစိုးရကို ထင်ထင်ရှားပုန်ကန်တယ်။
၂၀၁၇-မှာ ဆီးရီးယားကာ့ဒ်တွေဟာ အမေရိကန်အထူးတပ်အကူအညီယူပြီး SDF တပ်ဖွဲ့စည်း၊ ကိုယ်ပိုင်အုပ်ချုပ်တဲ့ အထူးဒေသထူထောင်လိုက်တယ်။ YGP, SDF တွေဟာ ဆီးရီးယားကာ့ဒ်လူမျိုးတွေပါ။ သူတို့က တူရကီရှိ ခွဲထွက်ရေး PKK ကာ့ဒ်တွေနဲ့ လူမျိုးတူချင်း ဆက်စပ်မှု့ရှိတယ်။
အဲဒီတော့ ( ၁ ) အစိုးရ ( ၂ ) သူပုန် ( ၃ ) အယ်လ်ကိုင်ဒါ+အိုင်အက်စ် ( ၄ ) ကာ့ဒ်လူမျိုးတွေ အုပ်စု (၄ ) စုဖြစ်ပြီး မီးကုန်ယမ်းကုန် အသေတိုက်ကြပြန်တယ်။
လောလောဆယ်တော့ ( ၂ ) နဲ့ ( ၃ ) ဟာ အလွန်နည်းတဲ့ နယ်မြေသာ စိုးမိုးနိုင်တော့တယ်။ အစိုးရက နယ်မြေ ၆၀ ရာနှုန်းကျော် ကာ့ဒ်က နယ်မြေ ၃၀ ရာနှုန်းကျော် သိမ်းပိုက်ထားတယ်။
အဖွဲ့ အကြီး-အသေး ၃၅ ဖွဲ့မှ ၅၀ ကျော်အတွင်းဟာ အုပ်စု ( ၄ ) စုအသွင် ပြည်ပအင်အားကြီး+ဒေသတွင်း ကျောထောက်နောက်ခံအသီးသီးရှိတယ်။ အာရှ-ဥရောပနဲ့ နိုင်ငံတကာက လာရောက်သူတွေလဲရှိတယ်။ တစ်ဖွဲ့နဲ့ တစ်ဖွဲ့ ဒီနေ့ပေါင်းပြီး မနက်ဖန် ကွဲတာလဲရှိတယ်။ ဆက်ပေါင်းတာလဲရှိတယ်။ တစ်ဖွဲ့နဲ့တစ်ဖွဲ့ နယ်မြေ လုကြတာလဲ ရှိကြလို့ အတိအကျဘယ်နှစ်ဖွဲ့ပါတယ် ပြောရခက်လောက်အောင်ပါ။
ဆီးရီးယားစစ်ဟာ တကယ့်ကို ကိုယ်စားပြု Proxy War ညစ်ပတ်စုတ်ပဲ့တဲ့စစ် Dirty War on Syria သာလျှင်ဖြစ်ပါတယ်။ ကျား-မ ကလေးငယ်၊ သက်ကြီရွယ်အို လူပေါင်း သိန်းချီသေခဲ့ပြီး သန်းချီ စစ်ဘေးဒုက္ခသည်ဖြစ်ရတယ်။ စည်ကားတဲ့ မြို့ကြီးတွေ မြို့ပျက်ကြီးတွေ ဖြစ်ကုန်တယ်။
အဲဒါကို မြင်တတ်သူတွေဟာ တိုင်းရင်းသားလက်နက်ကိုင် ၁၀၀ ကျော်ရှိပြီး ပြည်တွင်းစစ် နှစ် ၇၀ ကျော် သက်တမ်းရှိ မြန်မာနိုင်ငံရဲ့ လက်ရှိနဲ့ အနာဂါတ်ကို ကောင်းကောင်း စိုးရိမ်တတ်လိမ့်မယ်။
နိုင်ငံတစ်နိုင်ငံမှာ ( ၁ ) အုပ်ချုပ်ရေး (၂ ) ကာကွယ်ရေးဟာ ဒင်္ဂါးပြား ခေါင်းနဲ့ပန်းလို နှစ်ဘက်လုံး ကောင်းနေမှ စားလို့သုံးလို့ ရတယ်ဆိုတာ သိလာလိမ့်မယ်။
လူဆိုတာ နီးစပ်ရာချင်း အုပ်စုဖွဲ့နေထိုင်တဲ့ သတ္တဝါပါ။ လူမျိုးအလိုက်- လူမျိုးမှာ ကိုးကွယ်ရာဘာသာအလိုက် နိုင်ငံထူထောင်ချင်ရင် နယ်မြေအစိတ်စိတ်အမွှာမွှာဖြစ်တာသာ အဖတ်တင်ပြီး တကယ်တမ်း ကိုယ့်ကိုယ်ကိုလဲ မကာကွယ်နိုင် ပြည်ပစစ်အင်အားကြီး ခြေ-လက်တွေလို သူတို့ခိုင်းတာလုပ်ရတဲ့ ဘဝသာ အဖတ်တင်မယ်ဆိုတာ သင်ခန်းစာပေးနေပါတယ်။ ဖျင်ယားပြီး စစ်ကို မခေါ်ချင်ပါနဲ့၊ စစ်ဆိုတာ ဖြစ်လာရင် ကျယ်ပြန့်တတ်- ထိန်းချုပ်ရခက်တတ်ပါတယ်။
ပြည်တွင်းစစ်သက် ရာစုနှစ်ထက်ဝက်ကျော်နိုင်ငံရဲ့ နိုင်ငံသားတစ်ဦးဖြစ်တဲ့ ကျွန်တော့်ကို “ မင်းတို့နိုင်ငံ ပြည်တွင်းစစ် ဘာ့ကြောင့်ဖြစ်တာလဲ၊ ဘာ့ကြောင့် မပြီးဆုံးသေးတာလဲ “ မေးသူရှိခဲ့ရင် တကယ်မဖြေနိုင်တာ အမှန်ပါ။
မိတ်ဆွေတို့ရဲ့ လူမျိုးရေး-ဘာသာရေး မထိခိုက်စေပဲ ယဉ်ကျေးတဲ့ အမြင်များကို ပွင့်ပွင့်လင်းလင်း ရေးပြနိုင်ပါတယ်။
အစဉ်လေးစားစွာဖြင့်
#HtayOung, #OungMarine

1+

Leave a Reply

Your email address will not be published.