မြန်မာ၊ သီရိလင်္ကံာတို့က ဘင်္ဂလားဒေ့ရ်ှ၏ ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေးကို ဝယ်သူရန် ကြိုးစားနေဟု ဆို။ နီပေါက ကာကွယ်ဆေး ကြိမ်ရေပမာဏ ၂ သန်း ဝယ်ယူရန် စာချုပ် ချုပ်။ အမေရိကန် နှင့်ဥရောပနိုင်ငံများကလည်း ဘင်္ဂလားဒေ့ရှ်ကာကွယ်ဆေး BANCOVID ကို ဝယ်ယူလိမ့်မည်ဟု ပြော


နီပေါနိုင်ငံ ပုဂ္ဂလိက ကုမ္ပဏီသည် မိမိတို့ထံမှ ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေး ကြိမ်ရေပမာဏ ၂ သန်းကို ဝယ်ယူရန် စာချုပ်ချုပ်ဆိုခဲ့ပြီး မြန်မာ၊ သီရိလင်္ကာနှင့် အခြားနိုင်ငံများစွာတို့ကလည်း ဝယ်သူရန် ကြိုးစားလျှက်ရှိကြောင်း ဘင်္ဂလားဒေ့ရ်ှနိုင်ငံ Globe Biotech Ltd က ပြောဆိုသည်ဟု Dhaka Tribune က ယမန်နေ့ ရေးသားသည်။

ကြာသပတေးနေ့ ဒါကာမြို့တွင် ဘင်္ဂလားဒေ့ရ်ှနိုင်ငံဆိုင်ရာ နီပေါသံအမတ်ကြီး၏ ရှေ့မှောက်၌ သတင်းစာရှင်းလင်းပွဲ ပြုလုပ်ရာတွင် နီပေါအတွက် လက်မှတ်ရေးထိုးသော ကုမ္ပဏီမှာ Anmol Healthcare ဖြစ်ပြီး အခြားနိုင်ငံတို့ကလည်း ကာကွယ်ဆေးကြိမ်ရေပမာဏ သန်း ၂၀-အတွက် ကုန်မှာစာများ ပေးပို့ထားကြကြောင်း၊ ၎င်းနိုင်ငံများ၏ အမည်ကိုမူ လုပ်ငန်းပိုင်းဆိုင်ရာ အကြောင်းအရာများဖြစ်သည့်အလျှောက် လောလောဆယ် ထုတ်ပြန်ရန် အစီအစဉ် မရှိသေးကြောင်း၊ အမေရိကန်နှင့် ဥရောပနိုင်ငံများကလည်း မိမိတို့ကုမ္ပဏီမှ ထုတ်လုပ်သည့် ကိုရိုနာဗိုင်းရပ်စ်ရောဂါကာကွယ်ဆေး BANCOVID ကို ဝယ်ယူလိမ့်မည်ဟု ထင်မှတ်ရကြောင်း Globe Biotech Ltd ကုမ္ပဏီဥက္ကဋ္ဌ ဟန်အူနာရာရှစ်က ပြောဆိုသည်။

Globe Biotech စက်ရုံသို့ သတင်းထောက်များနှင့်အတူ လှည့်လည်ကြည့်ရှုကြပြီးနောက် ဘင်္ဂလားဒေ့ရ်ှနိုင်ငံဆိုင်ရာ နီပေါသံအမတ်ကြီးက ပြောဆိုရာတွင် နီပေါအစိုးရသာမက နီပေါပြည်သူတို့ကလည်း အိမ်နီးချင်းနိုင်ငံ၌ ကာကွယ်ဆေးထုတ်လုပ်လျှက်ရှိခြင်းကို ကျေးဇူးတင်၊ စိတ်ဝင်စားပါကြောင်း၊ ဘင်္ဂလားဒေ့ရ်ှဘက်က ခွင့်ပြုချက်ရရှိမည်ဆိုလျှင် နီပေါနိုင်ငံအတွင်း ကာကွယ်ဆေးစမ်းသပ်မှု ပြု လုပ်လိုကြောင်း၊ Globe Biotech Ltd. သည် ကာကွယ်ဆေးစမ်းသပ်မှု ပထမအဆင့် ပြုလုပ်ခွင့်ရရှိရေးအတွက် ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဆေးဘက်ဆိုင်ရာသုတေသန ကောင်စီ ( BMRC ) ထံ လျှောက်ထားရန် ပြင်ဆင်လျှက်ရှိသည်ကို သိရှိပါကြောင်း၊ နီပေါနိုင်ငံရှိ ဆေးဝါးကုမ္ပဏီများစွာတို့ကလည်း Globe Biotech နှင့် ဆွေးနွေးလျှက်ရှိပြီး ယခုကုမ္ပဏီ၏ ကုန်မှာစာကို လက်ခံရရှိခြင်းဖြစ်ကြောင်း၊ နောက်ပိုင်းတွင် နီပေါအစိုးရနှင့် တိုက်ရိုက်လက်မှတ်ရေးထိုးကြလိမ့်မည်ဖြစ်ကြောင်း ရှင်းလင်းသည်။

လွန်ခဲ့သည့် ဇူလိုင်လတွင် Globe Biotech သည် ဘင်္ဂလားဒေ့ရ်ှ၌ Covid-19 ရောဂါကာကွယ်ဆေးကို ပထမဆုံး ထုတ်လုပ်နိုင်ပြီဖြစ်ကြောင်း ကြေညာခဲ့သည်။

Globe Biotech Ltd ၏ သုတေသနနှင့် ဖွံ့ဖြိုးမှုဆိုင်ရာ လက်ထောက်မန်နေဂျာဒေါက်တာ အာရှစ်မာမွတ်က ကုမ္ပဏီအနေဖြင့် Covid-19 ကာကွယ်ဆေးအတွက် တိရိစ္ဆာန်များနှင့် ကနဦး စမ်းသပ်မှုများတွင် အောင်မြင်ခဲ့ကြောင်း၊ မော်လီကျုးတို့၏ အပြန်အလှန်ထိတွေ့မှုကိုဖော်ထုတ်ရန် SPR နည်းပညာကို အသုံးပြုခဲ့ကြောင်း ပြောကြားသည်။

အောက်တိုဘာ ၅ ရက်နေ့တွင်မူ ပထမဆုံး လူသားအဆင့် စမ်းသပ်မှုများ ပြုလုပ်ရန် မကြာမတင် ခွင့်ပြုချက် ရရှိပါက Globe Biotech Ltd အနေနှင့် ကိုရိုနာဗိုင်းရပ်စ်ရောဂါကာကွယ်ဆေးကို လာမည့်နှစ် ဇန်နဝါရီလတွင် ဈေးကွက်သို့ တင်ပို့လိုကြောင်း ပြောကြားသည်ဟု ဘင်္ဂလားဒေ့ရှ်သတင်းစာများက ဖော်ပြသည်။

ကာကွယ်ဆေး၏ ကနဦးအစီအစဉ်များ အောင်မြင်စေရန် လိုအပ်သော ကြိုတင် ပြင်ဆင်မှုအားလုံး ပြီးစီးခဲ့ပြီဖြစ်ကြောင်း Globe Biotech Ltd က ဆိုခဲ့ဖူးသော်လည်း ယခုအခါတွင်မူ လိုအပ်သောလုပ်ငန်းစဉ်အားလုံး ပြီးမြောက်ရန်အတွက် ဘင်္ဂလားဒေ့ရှ်အစိုးရ၏ ပူးပေါင်းဆောင်ရွက်မှုအပေါ် မူတည်နေကြောင်း ပြောကြားသည်ဟု Dhaka Tribune က ဆက်လက်ရေးသားသည်။

#ဘင်္ဂလားဒေ့ရှ်ကိုရိုနာဗိုင်းရပ်စ်ရောဂါကာကွယ်ဆေး_BANCOVID #မြန်မာ_သီရိလင်္ကံာ_နီပေါတို့က_ဝယ်ယူရန်ကြိုးစား

((( Dhaka Tribune., October 22nd, 2020 , “ Nepali company to buy 2m doses of Bangladeshi Covid-19 vaccine. By: Ali Asif Shawon.” ကို #HtayOung, #OungMarine ဆီလျော်အောင် ကောက် နှုတ်ဘာသာပြန်ဆိုသည်။ )))

https://www.dhakatribune.com/health/coronavirus/2020/10/22/nepalese-company-inks-deal-to-buy-2mn-doses-of-bangladeshi-covid-19-vaccine

0

Leave a Reply

Your email address will not be published.