မြန်မာ၏ စစ်တပ်မုန်းတီးစိတ်တည်မြဲနေလျှင် လစ်ဗျား-အီရတ်ကဲ့သို့ ဖြစ်လာမည်ဟု စင်္ကာပူနိုင်ငံခြားရေးဝန်ကြီးဟောင်း ပြော၊ စစ်တပ်သည် လက်ရှိပြဿနာ၏ အစိတ်အပိုင်းတစ်ခုဖြစ်၍ အာဏာသိမ်းပြီး နောက်ပိုင်း၌လည်း အဖြေရှာရေး၌ ပါဝင်နေရမည်၊ စစ်တပ်မပါပဲ မြန်မာ့အကြပ်အတည်း မပြေလည်နိုင်ဟု ဆို


[စင်္ကာပူ၊ ST, ဟောင်ကောင် SCMP] မြန်မာနိုင်ငံ၌ တပ်မတော်အပေါ် မုန်းတီးသင့်သော်လည်း မုန်းတီးစိတ်မှာ တည်မြဲနေပါလျှင် လစ်ဗျား သို့မဟုတ် အီရတ်ကဲ့သို့ နိုင်ငံတစ်ခု ဖြစ်လာနိုင်ကြောင်း၊ တပ်မတော်သည် မြန်မာနိုင်ငံ၏ပြဿနာတွင် အစိတ်အပိုင်းတစ်ခု ဖြစ်နေပြီး အာဏာသိမ်းပြီးနောက်ပိုင်း အဖြေရှာရေး၌လည်း ပါဝင်နေရမည်သာဖြစ်ကြောင်း၊ အနောက်အုပ်စု က လစ်ဗျားနှင့် အီရတ်ကို ကျူးကျော်ထိုးစစ်ဆင်၍ ၎င်းနိုင်ငံစစ်တပ်ကို ဖြိုခွင်းသဖြင့် လုံခြုံရေးလစ်ဟာသွားသောနေရာတွင် အိုင်အက်စ် (IS အစ္စလာမ်မစ်နိုင်ငံတော်ထူထောင်သူ အစွန်းရောက်) တို့ အစားထိုးဝင်ရောက်လာသကဲ့သို့ တိုင်းပြည်မငြိမ်မသက်ဖြစ်နိုင်ကြောင်း စင်္ကာ ပူနိုင်ငံခြားရေးဝန်ကြီးဟောင်း ဂျော့ယိုးက ပြောဆိုသည်ဟု South China Morning Post (Mar.11,2021) က ရေးသားသည်။

 
တပ်မတော်ဟု လူသိများသော မြန်မာနိုင်ငံစစ်တပ်၏ ပြိုကွဲခြင်းမှာ ရေရှည်တွင် အရှေ့တောင်အာရှနိုင်ငံများ၌ မငြိမ်မသက်ဖြစ်လာနိုင်ကြောင်း (မြန်မာနိုင်ငံအကြပ်အတည်း၏ နောက်ဆက်တွဲပြဿနာများကို) နိုင်ငံခြားရေးဝန်ကြီးဟောင်းက ( ၎င်း၏အမြင်ကို ထုတ်ဖော်ပြောကြားရင်း ) ယခုကဲ့သို့ သတိပေးလိုက်ခြင်းဖြစ်သည်။

..   
၂၀၀၃ နှင့် ၂၀၁၁ ခုနှစ် အီရတ်နှင့်လစ်ဗျားတွင် အနောက်အင်အားကြီးနိုင်ငံများ၏ ကျူးကျော်ထိုးစစ်ဆင်ခြင်း၊ ၎င်းနိုင်ငံစစ်တပ်များ ပြိုကွဲသွားခြင်းဖြင့် လုံခြုံရေးလစ်ဟာမှု ဖြစ်ပေါ်လာခဲ့ပုံ၊ နောက်ဆုံးတွင် အိုင်အက်စ်ကဲ့သို့ အစွန်းရောက် အကြမ်းဖက်အဖွဲက ၎င်းနေရာ၌ ဝင်ရောက်လာပုံတို့ကို ဂျော့ယိုးက ဥပမာပေး၍ ထောက်ပြသွားသည်။ ဖေဖော်ဝါရီ ၁ ရက်တွင် တပ်မတော်၏ အာဏာသိမ်းမှုနှင့် ကြီးထွားလာသော လမ်းမပေါ် #CMD #လူထုနည်းဖြင့်_ဖီဆန်အံတုရေးလှုပ်ရှားမှုများကို နှိမ်နင်းရာတွင် မြန်မာစစ်တပ်သည် ကျည်အစစ်ဖြင့် ပစ်ခတ်ခြင်းအပါအဝင် အကြမ်းဖက်နည်းလမ်းများကို အသုံးပြုခဲ့သည်။

..  
ထိုအတွက် တပ်မတော်မှာ မြန်မာနိုင်ငံတွင် လူအများ၏ မုန်းတီးခြင်းခံရကြောင်း ၂၀၀၄-၂၀၁၁ ခုနှစ် စင်္ကာပူနိုင်ငံတွင် နိုင်ငံခြားရေးဝန်ကြီးအဖြစ် တာဝန်ယူခဲ့သူ ဂျော့ယိုးက ဝန်ခံသည်။ သို့သော်လည်း #အင်အား_ ညီမျှခြင်းမှ_စစ်တပ်အား_ဖယ်ရှားခဲ့လျှင် ဖြစ်ပေါ်လာမည့်ရလဒ်ကို ဂျော့ယိုးက ထောက်ပြသည်။ ၅-နှစ်မှ ၁၀-နှစ်အတွင်း မည်ကဲ့သို့ဖြစ်လာမည်ကို မှန်းဆမရသော်လည်း မြန်မာနိုင်ငံသည် လစ်ဗျားနှင့် အီရတ်ကဲ့သို့ ဖြစ်လာရန် အလားအလာ ပို၍ များပြားသည်ဆို၏။

..   
မြန်မာနိုင်ငံ လက်ရှိအကြပ်အတည်းနှင့် ပတ်သက်၍ အာဆီယံ ၁၀-နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးများ၏ အလွတ်သဘော တွေ့ဆုံဆွေးနွေးပွဲအပြီး #စင်္ကာပူ_Yale-NUS ကောလိပ်က ကြီးမှူးကျင်းပသည့် ဟောပြောပွဲတွင် စင်္ကာပူ ဝန်ကြီးဟောင်းက ယခုကဲ့သို့ သုံးသပ်ပြောဆိုသည်။

..   
(မြန်မာနိုင်ငံအတွင်း) ဆိုးကျိုးရလဒ်သည် တရုတ်နှင့် အိန္ဒိယအပါအဝင် ဘင်္ဂလားဒေ့ရှ်နှင့် အာဆီယံနိုင်ငံများသို့ ပြန့်နှံ့သွားနိုင်ကြောင်း၊ ထိုဖြစ်စဉ်ကို နှစ်ကာလချီ၍ ကြုံတွေ့ရမည်ဖြစ်ပြီး ဒုက္ခအတိပြီးသည့် ဆယ်စုနှစ်များပင် ဖြစ်နိုင်ကြောင်း၊

..   
အီရတ်တွင် အာဏာရှင်ဆဒမ်ဟူစိန်၏ လက်နက်ကိုင်တပ်ဖွဲ့များ ပြိုကွဲခြင်းကြောင့် လက်နက်ခဲယမ်းနှင့် စစ်ရေးအတွေ့အကြုံရှိသူများမှာ (လက်နက်ကိုင်) အုပ်စုများအဖြစ် အစိတ်စိတ် အမွှာမွှာပြောင်းလဲသွားခဲ့ရာ နောက်ဆုံးတွင် အိုင်အက်စ်ကဲ့သို့ အစွန်းရောက် အကြမ်းဖက်အုပ်စုအထိ ဖြစ်လာခဲ့ကြောင်း၊

..  
မြန်မာသည် စစ်တိုက်နိုင်စွမ်းရှိသည့် ကိုယ်ပိုင်လက်နက်ကိုင်တပ်များပိုင်ဆိုင်သော တိုင်းရင်းသားအုပ်စုများစွာ တည်ရှိနေသည့် နိုင်ငံဖြစ်ကြောင်း၊ မြန်မာ့တပ်မတော်သည် ပြဿနာအဖြေရှာရာတွင် ကြီးမားသော အစိတ်အပိုင်းဖြစ်သကဲ့သို့ ( တိုင်းရင်းသားလက်နက်ကိုင်အစုအဖွဲ့ တို့ကိုသည်လည်း ) ပါဝင်လျှက်ရှိကြောင်း၊

..    
မြန်မာနိုင်ငံ၏ လက်ရှိအခြေအနေမှာ လက်ခံနိုင်ဖွယ် မရှိဟု ဆိုသော်လည်း၊ မည်သည့်ပြဿနာမဆို ဖြေရှင်းရာတွင် အစဉ်အဆက်အလေးအနက် ထားခဲ့သည်တို့ကို ဆုတ်ယုတ်ရန် မဟုတ်ပဲ စုစုစည်းစည်းရှိမှုဖြင့် ဦးတည်ရန် လိုအပ်ကြောင်း၊

..   
မြန်မာလည်း ပါဝင်သည့် အာဆီယံအဖွဲ့သည် အရေးပေါ်အခြေအနေ တစ်နှစ်ကြာမည်ဖြစ်ကြောင်း ကြေညာပြီးနောက် အထွေထွေရွေးကောက်ပွဲ ကျင်းပပေးမည်ဟူစော တပ်မတော်၏ ကတိကို ဆက်လက်ထိန်းသိမ်းရန် စုပေါင်းဖိအားပေးနိုင်ကြောင်း၊ တစ်နှစ်အရေးပေါ်အခြေအနေ အစီအစဉ်အတိုင်း တည်စေရန်နှင့် ၎င်းနောက် မြန်မာနိုင်ငံအား (ဒီမိုကရေစီ) လမ်းကြောင်းပေါ်သို့ ပြန်သွားရေးတွင် တပ်မတော်အစိုးရအား အဆင့်တူချင်း ဖိအားပေးရန် အာဆီယံက ပါဝင်ဆောင်ရွက်သည်ဟု မိမိယုံကြည်ကြောင်း၊

..   
ရွေးကောက်ပွဲဆိုင်ရာ ယန္တရားကို တပ်မတော်အစိုးရက ပြုပြင်လိုသည်ဆိုလျှင် ဘယ်ပုံဘယ်နည်း ပြုပြင်မည်ကို အာဆီယံအား ရှင်းပြသင့်ကြောင်း၊ ပြုပြင်ပြီးနောက်ပိုင်း၌လည်း ၎င်းတို့ကတိပေးထားသည့်အတိုင်း မှန်မှန်ကန်ကန် အကောင်အထည်ဖော်နိုင်ရန် အာဆီယံစောင့်ကြည့်သူများ ရှိနေစေရမည်ဖြစ်ကြောင်း စင်္ကာပူနိူင်ငံခြား ရေးဝန်ကြီးဟောင်း ဂျော့ယိုးက ပြောဆိုသည်ဟု Strait Time သတင်းစာ (Mar.11,2012) က ရေးသားသည်။

..  

ကြာသပတေးနေ့တွင် မြန်မာတပ်မတော်အစိုးရ၏ #ပြောရေးဆိုခွင့်ရှိသူ_ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက လက်ရှိအာဏာရစစ်ကောင်စီသည် အချိန်ကာလတစ်ခုအတွင်းသာ နိုင်ငံတော်ကို ထိန်းချုပ်မည်ဖြစ်ကြောင်း၊ ရွေးကောက်ပွဲကျင်းပ၍ အနိုင်ရပါတီကို အာဏာလွှဲပြောင်းပေးမည်ဖြစ်ကြောင်း၊ အိမ်နီးချင်းနိုင်ငံများနှင့် နိုင်ငံတကာအသိုင်းအဝိုင်းကို လေးစားပါသော်လည်း ကျွန်ုပ်တို့၏ ရည်မှန်းချက်များအတိုင်း (ကျွန်ုပ်တို့ဖာသာ) ဆက်လက် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ပြောဆိုသည်။

..   
ဂျော့ယိုးကမူ အခြေအနေအား ကြေကွဲဖွယ်ရာ ဖြစ်စဉ်တစ်ခု အဖြစ်ရည်ညွှန်းခဲ့ပြီး၊ ဒီမိုကရေစီအုပ်ချုပ်ရေးစံနစ်သို့ ကူးပြောင်းလျှက်ရှိသည့် လတ်တလော မြန်မာနိုင်ငံအတွက်ကြီးမားသောဆုတ်ယုတ်မှုအဖြစ် ဖော်ပြသည်။

..  
ကြာသပတေးနေ့တစ်ရက်တည်းတွင် လုံခြုံရေးတပ်ဖွဲ့များ၏ ပစ်ခတ်ခြင်းကြောင့် ကန့်ကွက်ဆန္ဒပြသူ ၇- ဦး သေဆုံးသည်ဟု မျက်မြင်သက်သေများနှင့် ဒေသခံမီဒီယာများအား ကိုးကား၍ ရိုက်တာသတင်းဌာနက ဖော်ပြခဲ့သည်။ ထိုစဉ်အထိ အသက်ဆုံးရှုံးရသူ ၆၅ ဦးရှိနေပြီး လူပေါင်း ၂,၀၀၀ ခန့် စွပ်စွဲထိန်းသိမ်းခံထားရကြောင်း သိရှိရသည်။

..  
မြန်မာနိုင်ငံနှင့် စင်္ကာပူရှိ မိတ်ဆွေတို့အကြားတွင် အကြီးအကျယ်ဒေါသထွက်ခြင်း၊ စိုးရိမ်ကြောက်ရွံ့ခြင်းနှင့် စိတ်ပျက်စရာအများအပြား ဖြစ်ခဲ့ရကြောင်း စင်္ကာပူနိုင်ငံခြားရေးဝန်ကြီးဟောင်း ဂျော့ယိုးက ဆက်လက်ပြောဆိုသည်။

..   
(( လောလောဆယ် မြန်မာ့အကြပ်အတည်းတွင် ယခင်တည်းက ဒီမိုကရေစီအပြည့်အ၀ မရှိသော မြန်မာနိုင်ငံ၌ စစ်ကောင်စီက ကြီးမှူးကျင်းပမည့် ရွေးကောက်ပွဲကို နားလည်ရန်ခက်နေသော ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ် အန်တိုနီယိုဂူတားရက်စ်မှသည် စေါင်မွှေး နှုတ်ရောင်းတောင် ရွှေ ၇-ပိဿာရတယ်ဆိုသူများအဆုံး ယုံကြည်မှု အဆင့်ဆင့် ရှိနေသည်။ ထိုအခက်အခဲများကို မကျော်လွှားနိုင်သရွေ့ ယခုပြဿနာမှာ ယခင်မြန်မာအစိုးရအဆက်ဆက် ပြဿနာဖြေရှင်းပုံနည်းတူ စက္ကူကပဲ မုန့်လုံးကပ်သလား- မုန့်လုံးကပဲ စက္ကူကပ်သလား မသိ ဖြစ်နေရပါဦးမည်။

..
စွပ်စွဲသူ၏ ပဓါနတာဝန်မှာ စွပ်စွဲချက် မှန်ကန်ကြောင်း သက်သေထင်ရှားပြသရန်ဖြစ်သည်။ အစိုးရတစ်ရပ်အဖြစ် တာဝန်ယူစဉ် အဂတိလိုက်စားသည်ဆိုခြင်းမှာ အာသဝေါ မကုန်ခမ်းသည့် လူ့ဘုံခန်းဝါ ဤလူ့ရွာ၌ ထူးသော်လည်း မဆန်းသည့် ဖြစ်ရိုး ဖြစ်စဉ်တစ်ခုသာဖြစ်သည်။

..

 သို့သော်လည်း အဂတိမှုဖြစ်စေ မဲသမာမှု ကိုဖြစ်စေ စစ်ဆေးစီရင်ရာတွင် ပွင့်လင်းမြင်သာခြင်းနှင့် ယုံကြည်စိတ်ချရသော ဂျူရီလူကြီးများရှိနေရန် မလွဲမသွေ လိုအပ်သည်။ မြန်မာသည် ဒီမိုကရေစီယဉ်ကျေးမှုသစ်ဆီသို့ ဦးတည်နေခြင်းမှန်ကန်လျှင် အချို့ကိစ္စရပ်များ၌ ပြည်တွင်းရေးမျှ သာဖြစ်သည်ဟု ယူဆ၍ မရနိုင်တော့ပါ။ အာဆီယံသည် အကောင်းဆုံး အနီးဆုံး မိတ်ဖက် ဖြစ်ပါသည်။    ။သတင်းဘာသာပြန်သူ ))

((( South Chian Morning Post., 11 Mar, 2021,” Keep Myanmar’s ‘hated’ military or face another Iraq or Libya: Singapore’s George Yeo. By: Dewey Sim.” နှင့် “ No solution to Myanmar crisis without military:George Yeo.By:Grace Ho.” တို့ကို #HtayOung, #OungMarine ဆီလျော် အောင် ကောက်နှုတ်ဘာသာပြန်ဆိုသည်။ )))
..
#မြန်မာ့အကြပ်အတည်းနှင့်စစ်ကောင်စီ #အာဏာသိမ်းမှုအလွန်_မြန်မာအခြေအနေအိမ်နီးချင်းနှင့်အာဆီယံ

..  
https://www.scmp.com/week-asia/politics/article/3125050/keep-myanmars-hated-military-or-face-another-iraq-or-libya
https://www.straitstimes.com/singapore/politics/no-solution-to-myanmar-crisis-without-military-george-yeo 

0

Leave a Reply

Your email address will not be published.