မြန်မာနိုင်ငံမှ ဒုက္ခဘင်္ဂါလီများ၏ ARA အမည်ဖြင့် လက်နက်ကိုင်အဖွဲ့သစ်တစ်ခု ရခိုင်နယ်မြေတွင် ပေါ်ပေါက်လာဟု ဆို။ ဒုက္ခသည်ဘင်္ဂါလီတို့နှင့် အခြားတိုင်းရင်းသားလူနည်းစုတို့၏ တန်းတူညီမျှခွင့်များအတွက် ရခိုင်မြောက်ဖျားပိုင်းတွင် ဆက်လက်တည်ရှိနေမည်ဟု ပြော။

ညှင်းပန်းနှိပ်စက်ခံ ဒုက္ခသည်ဘင်္ဂလီ ( မူရင်း ရိုဟင်ဂျာဟုဖော်ပြ ) တို့၏ အခွင့်အရေးကို ကာကွယ်ပေးရန်ရည်ရွယ်လျှက် Arakan Rohingya Army “ အာရကန်ရိုဟင်ဂျာဆိုသူများ တပ် “ (ARA) အမည်ရှိ လက်နက်ကိုင်အဖွဲ့သစ်တစ်ခုမှာ မြန်မာနိုင်ငံ ရခိုင်နယ်မြေတွင် ပေါ်ပေါက်လာသည်ဟု Dhaka Tribune က ယမန်နေ့ရေးသားသည်။ 

  
တနင်္ဂနွေနေ့ Dhaka Tribune က ရရှိသော သတင်းအရ ARA က စက်တင်ဘာ ၁-ရက်နေ့ ရက်စွဲဖြင့် ကြေညာချက်တစ်ရပ် ထုတ်ပြန်ခဲ့သည်ဆို၏။ ဒုက္ခသည်ဘင်္ဂါလီတို့၏ ဖျက်ဆီးခံထားရသော လူ့အခွင့်အရေးများနှင့် အခြားသော တိုင်းရင်းသားလူနည်းစုတို့၏ တန်းတူညီမျှခွင့်များ ပြန်လည်ရရှိရေးအတွက် ARA အမည်ရှိ လက်နက်ကိုင်တပ်ကို ဒုက္ခသည်ဘင်္ဂါလီများနှင့် ဖွဲ့စည်းလိုက်ကြောင်း၊ ၎င်းတို့အနေဖြင့် မြန်မာနိုင်ငံ ရခိုင်ပြည်နယ်မြောက်ဖျားပိုင်းတွင် ဆက်လက်တည်ရှိနေမည်ဖြစ်ပြီး အခြားနိုင်ငံ၏ ပိုင်နက်နယ်မြေအား အသုံးပြုလိမ့် မည် မဟုတ်ကြောင်း၊ 

  
ကိုးကွယ်ရာဘာသာတရားအားလုံးကို အားပေးချီးမြှင့်မည်ဖြစ်ပြီး လူနည်းစုတို့၏ ဘဝရှင်သန်ရေးနှင့် ဂုဏ်သိက္ခာတို့အား ကာကွယ်စောင့်ရှောက်မည်ဖြစ်ကြောင်း၊ ရခိုင်ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် ကျွန်ုပ်တို့အားလုံး ငြိမ်းချမ်းစွာယှဉ်တွဲနေထိုင်လျှက် အတူလက်တွဲလုပ်ဆောင်သင့်ကြောင်း အားလုံးကို လေးစားစွာ အသိပေးအပ်ပါကြောင်း၊ ARA အနေဖြင့် ၎င်းတို့၏ ရည်မှန်းချက်ပန်းတိုင်အရောက် ချီတက်သွားရန် သံဓိဋ္ဌာန် ချမှတ်ထားကြောင်း၊ ဖော်ပြထားသည်ဟု သိရှိရသည်။ 

  
ယခုအခါ ဘင်္ဂလားဒက်ရ်ှနိုင်ငံသည် ဒုက္ခသည်ဘင်္ဂါလီ ၁.၁ သန်းကျော်ကို လက်ခံထားရပြီး အများစုမှာ မြန်မာစစ်ဖက်၏ ဖြိုခွင်းမှုကြောင့် ၂၀၁၇ ခုနှစ်သြဂုတ်လ ၂၅ ရက်မှစ၍ နယ်စပ်ဖြတ်ကျော် ဝင်ရောက်လာခဲ့ကြသူများဖြစ်သည်။ 


၂၀၁၇ ခုနှစ် နိုဝင်ဘာလ ၂၃ ရက်နေ့တွင် ဘင်္ဂလားဒက်ရှ်နှင့် မြန်မာနိုင်ငံတို့သည် ဒုက္ခသည်ဘင်္ဂါလီများနေရပ်ပြန်လည်နေရာချထားရေးဆိုင်ရာ သဘောတူညီချက်ကိုလက်မှတ်ရေးထိုးခဲ့သည်။ သို့သော် မြန်မာနိုင်ငံသည် ဒုက္ခသည်ဘင်္ဂါလီတစ်ဦးတစ်လေမျှပင် ၎င်းတို့၏ နေရပ်ဇာတိရခိုင်ပြည်နယ်သို့ ပြန်လည်ခေါ်ယူခြင်း မပြုခဲ့ချေ။ 

  

၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလ ၁၆ ရက်နေ့တွင် ဘင်္ဂလားဒက်ရှ် နှင့်မြန်မာနိုင်ငံတို့သည် ဒုက္ခသည်ဘင်္ဂါလီများနေရပ်ပြန်ရေးနှင့်ပတ်သက်၍ ရုပ်ပိုင်းအစီအစဉ်များဆိုင်ရာ စာရွက်စာတမ်းများကို လက်မှတ်ရေးထိုးခဲ့သည်။ 


((( ယခုသတင်းအရဆိုလျှင် ဖော်ပြပါ ARA သည် ARSA မဟုတ်ချေ။ 

ကျွန်တော်တို့သိထားပြီးဖြစ်သော ARSA ၏ မူလအမည်မှာ “ ဟာယာခါ အယ်လ်ယာကင် “ ( ယုံကြည်ခြင်း လှုပ်ရှားမှုအဖွဲ့ ) ဖြစ်ပြီး ၂၀၁၃-ခုနှစ် အကြမ်းဖက်မှုများအပြီး ရခိုင်ပြည်နယ်မြောက်ဖျားတွင် ဖွဲ့စည်းခြင်းဖြစ်ကြောင်း “ နိုင်ငံတကာ ပဋိပက္ခများဆိုင်ရာ လေ့လာရေးအဖွဲ့ “ ICG က ဖော်ပြသည်။ ၂၀၁၆-ခုနှစ် ဒီဇင်ဘာတွင် “ အာရကန်ရိုဟင်ဂျာ ကယ်တင်ရေးတပ် “ ARSA ဟူ၍ ဖြစ်လာသည်။ ပါကစ္စတန်နိုင်ငံ ကရာချိမြို့တွင် မွေးဖွားခဲ့ပြီး ဆော်ဒီအာရေးဗီးယားနိုင်ငံတွင် ကြီးပြင်းခဲ့သူ အတ္တားအူလ္လာ ( အတ္တားအူလ္လာ အဘူအင်မန်ဂျွန်းနီ ) က ဦးဆောင်ပြီးလျှင် ဆော်ဒီရောက် ဒုက္ခသည်ဘင်္ဂါလီကော်မတီဝင်များ ပါဝင်သည်။ 

  
၂၀၁၇-ခုနှစ် ဒီဇင်ဘာ ၂၅-ရက်နေ့တွင် ရခိုင်မြောက်ဖျား နယ်ခြားစောင့် ရဲစခန်းများတိုက်ခိုက်ခံရပြီးနောက် မြန်မာအစိုးရက အကြမ်းဖျက်မှု တိုက်ဖျက်ရေးဆိုင်ရာဥပဒေအရ ARSA အား အကြမ်းဖက်အဖွဲ့အစည်းဖြစ်ကြောင်း ကြေညာခဲ့သည်။ နောက်ပိုင်းတွင် မလေးရှားနိုင်ငံကလည်း အလားတူသတ်မှတ်ကြောင်း မလေးရှားပြည်ထဲရေး၏ မတ်လ ၄-ရက်နေ့ ၂၀၂၀-ခုနှစ် ပြန်တမ်း၌ တွေ့ရှိရသည်။ 


ARSA ၏ လှုပ်ရှားမှုများတွင် ပြည်ပအစ္စလာမ်မစ်များ ပါဝင်ပတ်သက်ကြောင်း မြန်မာအစိုးရက စွပ်စွဲသော် လည်း ARSA က ငြင်းဆိုသည်။ ARSA အဖွဲ့ဝင်များသည် မလေးရှားနိုင်ငံအတွင်း လူသစ်စုဆောင်းခြင်းနှင့် ဆက်ကြေးကောက်ခံခြင်းများပြုလုပ်သည်ဟူသော စွပ်စွဲချက်ဖြင့် မလေးရှားအစိုးရက ဖမ်းဆီးမှုများရှိခဲ့သည်။ ထို့ပြင် မလေးရှားရောက် ဒုက္ခသည်ဘင်္ဂါလီအချို့က မလေးရှားနိုင်ငံအတွင်း နယ်မြေနှင့် တန်းတူနိုင်ငံသား အခွင့်အရေးပေးအပ်ရန် တောင်းဆိုကြောင်း သတင်းများထွက်ပေါ်ခဲ့ပြီး မလေးရှားပြည်ထဲရေးက ပယ်ချ ကြောင်း တွေ့ရှိရသည်။ 


မလေးရှားရောက် ဒုက္ခသည်ဘင်္ဂါလီများကမူ အဆိုပါ တောင်းဆိုချက်ဆိုသည်မှာ အတုဖြစ်ပြီး ခေါင်းဆောင်ဆိုသူများမှာလည်း အမှန်မဟုတ်ကြောင်း ငြင်းဆိုသည်။ သို့သော် အဆိုပါတောင်းဆိုကြောင်း ဖော်ပြသည့် မူရင်းမလေးရှားအခြေစိုက်ဒစ်ဂျစ်တယ်မီဒီယာတို့၏ ရေးသားချက်များကို အခြားဘာသာပြန်ဆိုခြင်း ကူးယူ ဖော်ပြခြင်းတို့အား “ အမုန်းစကား “ အဖြစ် လူမှုကွန်ရက်က ဖယ်ရှားဖျက်သိမ်းလျှက်ရှိသည်မှာ အမှန်ပင်ဖြစ်သည်။ 



လွန်ခဲ့သည့် သြဂုတ်လ ၂၅-ရက်နေ့ ကော့ခ်ဘဇားတွင် ဒုက္ခသည်ဘင်္ဂါလီအချင်းချင်း သေနတ်ပစ်ခတ်မှုဖြစ်ပွားပြီး ၆-ဦး အဖမ်းခံရကြောင်း ဒုက္ခသည်စခန်းအတွင်း အာဏာတည်ဆောက်လိုသည့် ARSA နှင့် ခွဲထွက် အဖွဲ့တို့အကြား အပြန်အလှန်ပစ်ခတ်ခဲ့ကြသည်ဟု သတင်းများထွက်ပေါ်ကြောင်း Dhaka Tribune ( Aug.26,2020 ) က ဖော်ပြသည်။ 


ထို့ပြင် ကော့ခ်ဘဇားခရိုင်၊ အူခီယာမြို့နယ် ကူတူပါလောင် စခန်းတွင် ခိုလှုံလျှက်ရှိသော ဒုက္ခသည်ဘင်္ဂါလီအဖွဲ့ ၂-ဖွဲ့တို့အကြား ၂-ရက်ကြာ ပဋိပက္ခဖြစ်ပွားရာ လူ ၁၂-ဦး ဒါဏ်ရာရရှိပြီး တဲအိမ် အလုံး ၂၀ ကျော် ဖျက်ဆီးခံရသည်ဟု Dhaka Tribune ( Aug. 30, 2020 ) က ရေးသားသည်။ 

  
ဒုက္ခသည်စခန်းများအတွင်း ARSA နှင့် ခွဲထွက်အဖွဲ့တို့ ပဋိပက္ခဖြစ်ပွားသည်ဆိုခြင်းကို ဘင်္ဂလားဒက်ရှ် အာဏာပိုင်တို့ ငြင်းဆိုခဲ့ပြီး ပုဂ္ဂိုလ်ရေးရန်ငြိုးနှင့် ယာဘစိတ်ကြွဆေးရောင်းဝယ်မှု လက်ဝါးကြီးအုပ်လိုသူတို့အချင်းချင်း ရန်ပွဲသာဖြစ်ကြောင်း၊ ပါကစ္စတန်ထောက်လှမ်းရေးအေဂျင်စီ (ISI) သည် မြန်မာနိုင်ငံတွင် ARSA ကို ကျောထောက်နောက်ခံပြု၍ စစ်သွေးကြွများကို လေ့ကျင့်ပေးရန် ဘင်္ဂလားဒက်ရှ်အကြမ်းဖက်အဖွဲ့ ( JMB ) အား ကူညီလျှက်ရှိကြောင်း ဂျာမန်မီဒီယာ DW နှင့် အိန္ဒိယသတင်းစာများ၏ ရေးသားချက်တို့မှာ အခြေအမြစ်မရှိကြောင်း ငြင်းဆိုခဲ့သည်။      ။ သတင်းဘာသာပြန်သူ )) 


#ARA #ဒုက္ခသည်ဘင်္ဂါလီတို့၏လက်နက်ကိုင်တပ်သစ်ရခိုင်ပြည်နယ် #ARSA


((( Dhaka Tribune., September 6th, 2020, “ Rohingya rights: New armed group ARA emerges in Rakhine.” ကို #HtayOung, #OungMarine ဆီလျော်အောင် ကောက်နှုတ်ဘာသာပြန်ဆိုသည်။ ))) 


https://www.dhakatribune.com/world/south-asia/2020/09/06/rohingya-rights-new-armed-group-ara-emerges-in-rakhine. 

https://www.economist.com/asia/2017/08/31/an-army-crackdown-sends-thousands-fleeing-in-myanmar


http://www.moha.gov.my/images/maklumat_bahagian/KK/kdndomestic.pdf

 
https://www.foxnews.com/world/myanmars-armed-rohingya-militants-deny-terrorist-links 


https://www.dhakatribune.com/bangladesh/rohingya-crisis/2020/08/25/6-rohingyas-detained-for-alleged-ties-to-gunshots-in-rohingya-camps 


https://www.dhakatribune.com/bangladesh/rohingya-crisis/2020/08/18/govt-officials-no-existence-of-arsa-in-rohingya-camps 

0

Leave a Reply

Your email address will not be published.